အာမခံစပါးဈေးကြောင့် လယ်သမားများ အကြပ်အတည်း ပြေလည်နိုင်

အာမခံစပါးဈေးကြောင့် လယ်သမားများ အကြပ်အတည်း ပြေလည်နိုင်
ယမင်း(မြစ်မခ)
by Myit Makha Mediagroup on 11 Jan, 2013



တောင်သူများ၏ မိုးစပါးထွက်ရှိမှုမှာ ဒေသစုံလင်မှုရှိလာခြင်းနှင့် နွေစပါးစိုက်ပျိုးရန် အရင်းအနှီး လိုအပ်ချက် ကြောင့်၂၀၁၃ခုနှစ် ဇန်န၀ါရီလမှစ၍ တောင်သူလယ်သမားထံမှ စပါးများအား အာမခံဈေးနှုန်းဖြင့် ၀ယ်ယူသွားမည်ဖြစ်ကြောင်း   မြန်မာနိုင်ငံတောင်သူ လယ်သမားအသင်းမှ သိရှိရသည်။  
 
တောင်သူများ၏ ထုတ်လုပ်မှု ကုန်ကျစရိတ်အောက်သို့ ရောက်ရှိနေသည့်စပါးဈေးအား ကာကွယ် ထိန်းသိမ်းရန်အတွက် ၂၀၁၃ခုနှစ် ဇန်န၀ါရီလအတွင်း  ဆန်တန်ချိန်(၁)သိန်းအား နိုင်ငံတော်အစိုးရက ၀ယ်ယူပေးပါရန် ၂၀၁၂ခုနှစ် ဒီဇင်ဘာ(၂၆)ရက်နေ့က   မြန်မာနိုင်ငံတောင်သူ လယ်သမားအသင်းမှ နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့များသို့ မေတ္တာရပ်ခံစာတင်ထားကြောင်းကိုလည်း သိရှိရသည်။  
 
ပြည်တွင်း စပါးဈေးတွေက ရိုးရိုးဧည့်မထဈေးအောက်(ကျပ် ၃ သိန်း)ကို ရောက်နေတယ်။ မြို့နယ် အသီးသီးက တောင်သူ လယ်သ မားတွေက ကျွန်တော်တို့အသင်းကို ညှိနှိုင်းပေးဖို့ တင်ပြထားလို့ အခုလည်း အရန်ဆန်ကော်မတီကို တင်ဒါစနစ်နဲ့ ၀ယ်ပေးဖို့ ဒီလ(၁၀)ရက်နေ့ နောက်ဆုံးထားပြီးတော့ တင်ဒါသွင်းဖို့ ဖိတ်ခေါ်ထားတယ် ”ဟု မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း ဥက္ကဌဒေါက်တာ စိုးထွန်းက ပြောသည်။     
 
မြန်မာနိုင်ငံဒေသအသီးသီးရှိ လေးမျက်နှာ၊ ဟင်္သာတ၊ အင်္ဂပူ၊ မအူပင်၊ ဒေးဒရဲ၊ လှည်းကူး၊ တောင်ငူ နှင့် အချို့မြို့နယ်များရှိ   တောင်သူလယ်သမားများသည် စပါးဈေး(၄၆)ပေါင်တိုက် တင်းတစ်ရာလျှင် ကျပ်(၃)သိန်း အောက်သို့ ကျရောက်နေခြင်းကြောင့် တောင်သူလယ်သမားအသင်းမှ ညှိနှိုင်းဆောင် ရွက်ပေးပါရန် တင်ပြထားကြောင်း သိရှိရသည်။
 
ယခင်၂၀၁၂ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများ၌ နိုင်ငံတော်အရန်ဆန်ကြီးကြပ်ရေးကော်မတီမှ ဆန်တန်ချိန်ပေါင်း (၁၅၉၀၀)အား တင်ဒါစနစ်ဖြင့် ၀ယ်ယူခဲ့ပြီး ယခု၂၀၁၃ ခုနှစ်တွင်လည်း ဆန်တန် ချိန်ပေါင်း (၃၀၀၀၀)အား ၀ယ်ယူရန်အတွက် ၄င်းကော်မတီအား တင်ဒါသွင်းရန် ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။     
 
ထို့ကြောင့်  မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းအနေဖြင့် ပြည်ထောင်စု၊တိုင်းဒေသကြီး ၊ပြည်နယ်အစိုးရနှင့်   နိုင်ငံတော် အရန်ဆန် ၀ယ်ယူရေးကော်မတီမှ စပါးအ၀ယ်ဒိုင်ဖွင့်၍ ဧည့်မထ စပါး(၄၆)ပေါင်တိုက် တင်းတစ်ရာလျှင် ကျပ်(၃၃၀၀၀၀)ဈေးဖြင့် လည်းကောင်း၊ ဆင်းသွယ်လတ် စပါးတင်းတစ်ရာလျှင် ကျပ် (၃၅၀၀၀၀)ဈေးဖြင့် ၀ယ်ယူပေးခြင်း၊ စပါးပျက်စီးဆုံးရှုံးရသည့် မြို့နယ် များတွင် စိုက်ပျိုးရေးဘဏ်မှ ထုတ်ချေး ထားသော မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်မှုအား မေလအထိ ဆိုင်းငံ့ပေးမှုများလည်း ရှိကြောင်း သိရှိရသည်။
 
မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့်မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းတို့ ပူးပေါင်း၍ ယူရီးယားမြေသြဇာအား ဆိုင်းငံ့ငွေ ချေစနစ်ဖြင့် ရောင်းချပေးခြင်း၊ လယ်ယာမြေများအား အပေါင်ထား၍ ဘဏ်မှ ချေးငွေရရှိရေးအတွက် လယ်ယာမြေမှတ်ပုံတင်ခြင်းအား ၂၀၁၃ခုနှစ်တွင်း ပြီးစီးအောင် ကြေးတိုင်းနှင့် မြေစာရင်းဦးစီးဌာနမှ ဆောင်ရွက်ပေးခြင်းနှင့် လယ်ယာသုံးစက် ပစ္စည်းကိရိယာများအား ဈေးနှုန်းသက်သာစွာနှင့် အကြွေးစနစ်ဖြင့် ၀ယ်ယူရရှိနိုင်ရေးအတွက်လည်း လယ်ယာနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သမ၀ါယမ၀န်ကြီးဌာနတို့မှ ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ 
 
အခုက ကုန်သည်တွေလက်ထဲမှာလည်း စပါးတွေပုံနေပြီး အရင်းအနှီးက မရှိဘူး။ ဆန်ရောင်းတဲ့ နိုင်ငံတွေက ဒီနှစ်အထွက်ကောင်း ကြပြီး ကမ္ဘာ့ဆန်ဈေးကွက်လည်း ပျက်နေတယ်။ ကျွန်တော်တို့ ကလည်း နွေစပါးစိုက်ဖို့ အရင်းအနှီးလိုလို့ စုပြုံပြီးတော့ ရောင်းချင်နေ ကြတယ်။ ပြီးတော့ မိုးက အချိန်အခါမဟုတ်ရွာလိုက်တော့ စပါးပျက်စီးကုန်တာတွေကြောင့် စပါးဈေး(၃)သိန်းအောက်ကို ထိုးကျသွားတာ။ အခုလို လုပ်ပေးကြမယ်ဆိုရင်တော့ နည်းနည်းအသက်ရှူချေုာင်တာပေါ့ ”ဟု မအူပင်မြို့နယ် တမလိုကျေးရွာမှ   တောင်သူ ဦးမောင်က မှတ်ချက်ပြု ပြောကြားသည်။ 
 

SHARE THIS
Previous Post
Next Post