သင်္ကြန်မတိုင်မီကာလအထိ ရွှေဈေးအတက်အကျကြမ်းဖွယ်မရှိ

ကောင်းမြတ်ဖြိုး ( မြစ်မခ ) by Myit Makha Mediagroup on 3 Jan, 2013 ၂၀၁၃ခုနှစ်အတွင်း ရွှေဈေးကွက်အခြေအနေမှာ နိုင်ငံရေးအခြေအနေကြောင့် လက်ရှိအနေအထားအတိုင်းသာ သင်္ကြန်ကာလအထိ ဆက်လက်စီးဆင်းသွားနိုင်ကြောင်း ၀ါရင့်ရွှေလုပ်ငန်းရှင်တို့က ဆို သည်။ “ရွှေဈေးကွက်ကတော့ သင်္ကြန်မတိုင်မီကာလအထိ ဒီအတိုင်းဘဲ သွားနေဦးမှာပဲ၊ သင်္ကြန်နောက်ပိုင်းမှ ခန့်မှန်းလို့ရမယ်”ဟု ၀ါရင့်ရွှေလုပ်ငန်းရှင်တစ်ဦးဖြစ်သူ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းအဖွဲ့ဝင် ဦးရွှေကြည်က ပြောသည်။ ၂၀၁၂ ဒီဇင်ဘာ ၃၁ ရက်နေ့ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ၇၅၈၅၀၀ ကျပ်ဈေးနှင့် ၁၅ ပဲရည်ဈေးမှာ ၇၁၅၅၀၀ ကျပ်ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၃ ရက်နေ့၌ အခေါက်ရွှေဈေးမှာ ၇၆၇၅၀၀ ကျပ် နှင့် ၁၅ ပဲရည်မှာ ၇၂၁၄၀၀ ကျပ် ပေါက်ဈေးရှိနေကြောင်း သိရသည်။ ၂၀၁၃ ဇန်န၀ါရီနှစ်သစ် ရွှေဈေးမှာ ၂၀၁၂ ခုနှစ်အကုန် ပြည်တွင်းရွှေဈေးထက် ကျပ်တစ်သောင်းနီးပါး ခန့် မြင့်တက်လာကြောင်း ရန်ကုန်မြို့ရှိရွှေဆိုင်များမှ သိရသည်။ “ဈေးကတော့ တစ်သောင်းလောက် ကွာသွားတယ်၊ ဒါပေမဲ့ အရောင်းအ၀ယ်ကတော့ ပုံမှန်ပါပဲ” ဟု တိတ်စိန်ရွှေဆိုင်မှ ကိုဇော်အောင်က ပြောသည်။ ပြည်တွင်းရွှေဈေးကွက်၌ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ့မှစ၍ ၃၁ ရက်နေ့ထိ ဈေးငြိမ်နေခဲ့သော် လည်း ကမ္ဘာ့ရွှေဈေးမှာ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ၀.၂၂ % ကျော်ခန့် ဈေးတက်ခဲ့သည်။ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ပြည်ပရွှေဈေးမှာ တစ်အောင်စလျှင် ၁၆၆၀ ကန်ဒေါ်လာ ရှိခဲ့ပြီး ဇန်န၀ါရီ ၃ ရက်နေ့ ပေါက်ဈေးမှာ တစ်အောင်စလျှင် ၁၆၈၅ ကန်ဒေါ်လာဝန်းကျင်သို့ ရောက်ရှိလာသည်။ မြန်မာ့ရွှေဈေးမှာလည်း ကမ္ဘာ့ရွှေပေါက်ဈေးအပေါ်မူတည်နေသော်လည်း တစ်ခါတစ်ရံတွင် ဖြည်းဖြည်း ခြင်းသာ ဈေးအတက်အကျဖြစ်ပေါ်လေ့ရှိကြောင်းကိုလည်း ကိုဇော်အောင်က ဆိုသည်။ “ဟိုတစ်လောက ကမ္ဘာ့ရွှေဈေးတွေကျတော့ ဒီက သိပ်ပြီးလိုက်မကျဘူးဖြစ်တော့ နယ်စပ်တွေမှာ ထက်စာရင် ဒီမှာက ဈေးနည်းနည်းပိုကြီးနေတယ်” ဟု ၄င်းက ဆက်ပြောသည်။ မြန်မာပြည်တွင်း၌ ရွှေအထွက်များရာ ဒေသများဖြစ်သည့် မိုးထိမိုးမိတောင်တွင် ဆန္ဒပြမှုများဖြစ်ပွား ခဲ့သော်လည်း ရွှေထုတ်လုပ် မှုများမှာ ပုံမှန်အတိုင်းပင်ရှိကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ကမ္ဘာ့ရွှေဈေးတက်မှုမှာ ဆယ်ရက်အတွင်း ၁ % နှုန်းခန့်တက်ခဲ့သော်လည်း မြန်မာ့ရွှေဈေးမှာမူ ယခုနှစ်ဆန်းတွင် သုံးရက်အတွင်း ၁ % နှုန်းခန့် မြင့်တက်လာခြင်းဖြစ်သည်။ ယနေ့ ရွှေဈေးငွေဈေး အမျိုးအစား အရောင်း အ၀ယ် ၁၆ပဲရည် အခေါက်ရွှေဈေး တကျပ်သား ၇၃၇၀၀၀ကျပ် ၁၅ပဲရည် တကျပ်သား ၆၇၀၀၀၀ကျပ် အမေရိကန် တဒေါ်လာ၊ ကျပ် ၈၅၉ကျပ် ၈၅၃ကျပ် အက်ဖ်အီးစီ တယူနစ်၊ကျပ် ၈၅၉ကျပ် ၈၅၃ကျပ် စင်ကာပူ ၁ဒေါ်လာ၊ ကျပ် ၇၀၇ကျပ် ၆၉၇ကျပ် ထိုင်းဘတ်ငွေ ၁ဘတ်၊ (ကျပ်) ၂၆ ကျပ် ၂၇ ကျပ် မလေးရင်းဂစ်၊ (ကျပ်) ၂၆၈ ကျပ် ၂၆၉ ကျပ် ယူရိုငွေ တစ်ယူနစ် ၊ ကျပ် ၁၁၃၀ကျပ် ၁၁၂၀ကျပ်

SHARE THIS
Previous Post
Next Post