မြေပြင်အထက် ၆ မိုင်အကွာလေထုလွှာထဲမှာ သက်ရှိဇီဝကောင်များကို တွေ့ရှိ

-------------------------------------------------------------------------------
ဘယ်သူကမှ အဲဒီနေရာမှာ သက်ရှိတွေရှိမယ်လို့ မထင်မိခဲ့ပါဘူး။ သိပ္ပံပညာရှင်များက ကမ္ဘာ့မြေပြင်အထက် ၄-၆ မိုင်ခန့်ကွာဝေးတဲ့ troposphere လို့ခေါ်တဲ့ လေထုလွှာထဲမှာ လွင့်မြောနေပြီး အသက်ရှင်နေထိုင်နေတဲ့ အဏုဇီဝကောင်များစွာကို ပထမဆုံးအကြိမ်အဖြစ် အံ့အားသင့်စွာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီတွေ့ရှိချက်ဟာ ကမ္ဘာကြီးရဲ့ရာသီဥတုပြောင်းလဲမှု၊ ရောဂါပြန့်ပွားမှု နဲ့ အခြားဂြိုဟ်တွေမှာ သက်ရှိရှိနိုင်မှု စတဲ့အဖြေများစွာအတွက် အရေးကြီးတဲ့ ပါဝင်ပတ်သက်မှု ဖြစ်ပါတယ်။ 

အရင်တုံးက အဲဒီလေထုလွှာထဲမှာ ပြန့်လွင့်နေတဲ့ အမှုန်အမွှားတွေအားလုံးက ဖုန်မှုန့်ဆားမှုန့်တွေလို့ သိပ္ပံပညာရှင်များက ယူဆထားကြပါတယ်။ အဲဒီ အဏုဇီဝကောင်တွေကို NASA DC-8 လေယာဉ်ပျံရဲ့တောင်ပံမှာ တပ်ဆင်ထားတဲ့ ကိရိယာကနေ ဖမ်းယူရရှိတာဖြစ်ပါတယ်။ နဂိုရည်ရွယ်ချက်က ကမ္ဘာ့မြေပြင်အထက် အောက်နဲ့ အထက်လေထုလွှာတို့မှာရှိတဲ့လေထုကို လေမုန်တိုင်းနဲ့ပတ်သက်တဲ့ စမ်းသပ်မှုပြုလုပ်ရာကနေ အဆိုပါ သေးငယ်တဲ့ဇီဝကောင်တွေကို ဖမ်းယူရခဲ့တာဖြစ်ပါတယ်။ အဲဒီ အဏုဇီဝကောင်လေးတွေက ရာသီဥတုနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့အခန်းမှာ ပါဝင်မယ်လို့ ပညာရှင်များက ယူဆနေကြောင်း Proceedings of the National Academy of Sciences ဂျာနယ်ရဲ့ သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။ ဟာရီကိန်းတွေ၊ မိုးတိမ်တွေ၊ ရေခဲဖြစ်ပေါ်လာမှုတွေမှာ သက်ရောက်မှုရှိနိုင်ကြောင်း ဂျော်ဂျီယာနည်းပညာကျောင်းမှ ပရောဖက်ဆာ Athanasios Nenes က ပြောပါတယ်။

သိပ္ပံပညာရှင်များက အဏုဇီဝကောင်တွေဟာ လေထုမှာလွင့်ပါနေတဲ့ ကာဗွန်ဒြပ်ပေါင်းစုကို မှီဝဲစားသုံးမယ်လို့ ယုံကြည်ကြပြီး အသေအချာတော့ မဟုတ်သေးပါဘူး။ အဲဒီသက်ရှိကောင်လေးတွေက တိမ်တွေထဲမှာလည်း ရှိမရှိဆိုတာလည်း လောလောဆယ် မသိရသေးကြောင်း လက်ထောက်ပရောဖက်ဆာ  Kostas Konstantinidis က ပြောပါတယ်။ ဒါဟာ အခြားဂြိုဟ်တွေရဲ့ လေထုလွှာထဲမှာလည်း သက်ရှိတွေ ရှိနိုင်မယ်လို့ ဆိုလိုတာလား? အကယ်၍ ဒီလိုဇီဝကောင်လေးတွေက ကမ္ဘာ့လေထုလွှာမှာ ရှင်သန်နေနိုင်ခဲ့ရင် တခြားဂြိုဟ်များမှာလည်း မဖြစ်နိုင်ဘူးလို့ ထင်စရာအကြောင်းမရှိပါဘူး။
(Ref; Gimodo, Jan 30, http://gizmodo.com/5980166/surprised-scientists-find-lifeforms-six-miles-above-earths-surface)

Myanmar1

SHARE THIS
Previous Post
Next Post