ပြည်သူတွေအတွက် နိုင်ငံရေးသမားတွေ လိုသည်

ပြည်သူတွေအတွက် နိုင်ငံရေးသမားတွေ လိုသည်

Tuesday, January 08, 2013  အိမ့်သံစဉ်
ခိုင်အောင်ကျော် ( နယူးယောက် ) 

တောင်အာဖရိက အကျဉ်းထောင်မှ နယ်လ်ဆင် မင်ဒဲလား လွပ်မြောက်လာသည့်အခါ သူ့ ကို တချိန် လုံး ထောင်ဝင်စာတွေ့ နေခဲ့သော မိန်းမဖြစ်သူနှင့် အိမ်ထောင်ကွဲပြီးပြီ။ သမ္မတဖြစ်တော့ တယောက် တလမ်း နိုင်ငံရေးလျှောက်လှမ်းနေကြသူများဖြစ်သည် ။ 

တနေ့တွင် လမ်းပေါ်၌ ပြဿနာတခုဖြစ်ရာ လူမည်းကလေးတယောက် သေဆုံးရသည် ။ သွေးအိုင်ထဲ လဲနေသော လူမည်းအနီးတွင် သမ္မတ နယ်လ်ဆင်မင်ဒဲလား၏ ဇနီးဟောင်းက လူတွေ ၀ိုင်းနေချိန်မှာ လူအုပ်ကြား၌ စကားတခွန်းကို ပြောဆိုခဲ့သည်။ 

“ ဘယ်မှာလဲ ကိုယ့်လူမျိုးကိုချစ်တယ်ဆိုတဲ့ နိုင်ငံရေးသမားတွေ - အခု ဒီမှာ ကျမတို့ ရဲ့ လူငယ် တယောက် သေဆုံးနေရပြီ ။ ဘာဖြစ်လို့  နိုင်ငံရေးသမားတွေက ဒီဖြစ်ရပ်ကို သိရဲ့သားနဲ့  မရောက် လာကြတာလဲ “ တဲ့။

သူပြောချင်သည်မှာ တချိန်က ခင်ပွန်းဖြစ်သူ နယ်ဆင်လ်မင်ဒဲလားကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည် ။ သို့ သော် နိုင်ငံတကာမှာ ရှိနေသော နိုင်ငံရေးသမားတွေကို တိုက်ရိုက်ရည်ညွှန်းပြောဆို သွားခြင်းဖြစ် သည်ဟု ကျွန်တော်ထင်သည် ။ 

ယခုလည်း မြန်မာနိုင်ငံအရေးနှင့် ပါတ်သက်၍ နိုင်ငံရေးသမားတွေကို ပြည်သူတွေအတွက် တိုက်ရိုက် ရည်ညွှန်း ရတော့မည်ဖြစ်သည် ။ 

တလောက ကုလသမ္မဂနှင့် ဗြိတိန်နိုင်ငံက ကချင်ပြည်နယ်အရေးနှင့် စိုးရိမ်ကြောင်း ထုတ်ဖေါ်ပြောဆို သွားသည် ။ ထာဝစဉ် စိုးရိမ်ပါသည်ဆိုသော စကားကို ထည်လဲ ပြောသော်လည်း ယခုတခေါက် စိုးရိမ်ပါ သည် ဆိုသော စကားကို သဘောကျ၍ ပြောချင်စရာဖြစ်လာသည်။ 

သူတို့ စိုးရိမ်သည်မှာ သက်ဆိုင်ရာမြန်မာအစိုးရအား ရည်ညွှန်းပြောဆိုခြင်းဖြစ်သည် ။ တချိန်တည်းမှာပင် အခြားသော မြန်မာနိုင်ငံအတွင်းမှ နိုင်ငံရေးပါတီများကလည်း ထုတ်ဖေါ်ပြောဆိုကြရာ မြန်မာအစိုးရ ကိုသာလျှင် ရည်ညွှန်းကြခြင်းဖြစ်သည် ။ 

ကေအိုင်အိုနှင့် မြန်မာ့တပ်မတော်တို့  ယခင်က ငြိမ်းချမ်းရေးယူထားခဲ့ ကြသည် ။ ထို့ ကြောင့် ယင်း အချိန်က ၄င်းပြည်နယ်၌ ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းသာယာနေခဲ့သည် ။ ယခုတော့ ငြိမ်းချမ်းရေးပျက်ပြယ်၍ စစ်ပွဲတွေ ဖြစ်လာရသည် ။ နောက်ဆုံးလေယဉ်ပျံတွေဖြင့် ဗုံးကြဲလာသည်ဟု ကေအိုင်အိုမှ ဗွီဒီယိုဖြင့် ကမ္ဘာသို့ ချပြသည် ။ 

သို့ သော် ၄င်းကဲ့ သို့လေယဉ်ပျံဖြင့် ဗုံးကြဲသည်ကို မြန်မာအစိုးရက ငြင်းဆိုသည် ။ အခြားတဖက်မှာ မှန်ကန်ကြောင်းကိုလည်း ထုတ်ဖေါ်ပြောဆိုနေသည်ကို တွေ့ မြင်ရသည် ။ 

မည်သို့ ပင်ဖြစ်စေ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးပျက်ပြားပြီးနောက် ယခုလို စစ်မက်ဖြစ်ပွါးနေသည် ဆိုခြင်းကို မငြင်းနိုင် ။ ထို့ ကြောင့် စစ်မက်ဖြစ်ပွါး၍ ပြည်သူတွေမှာ စစ်ပြေးဒုက္ခသည်တွေဖြစ်ရ ၊ စစ်သုံ့ပန်း 
တွေဖြစ်ရ နှင့် သေသူသေ ကြေသူကြေ ဖြစ်ကုန်ကြရသည် ။ 

မြန်မာ့တပ်မတော်မှ စစ်သည်တွေ စစ်ပွဲမှာ သေဆုံးကြရသည်ကို စာတစောင် ပေတဖွဲ့ ရေးပြီး ၀မ်းနည်း 
ကြေကွဲစွာ ရေးသားကြတာကို ဖတ်ရသည် ။ ထို့အတူ ကချင်ပြည်သူ ပြည်သားတွေအတွက် တိုင်းရင်းသား လူမျိုးမောင်နှမတွေက ၀မ်းနည်းတက်ခေါက်သံများဖြင့် စာတစောင် ပေတဖွဲ့  ရေးသားနေကြသည်ကို ဖတ်ရ သည် ။ 

မည်သူပင်ဖြစ်ဖြစ် ၄င်းသေဆုံးသွားကြရသော သူတို့ မှာ မြန်မာနိုင်ငံသား တိုင်းရင်းသားလူမျိုးတွေဖြစ်သည် ။ မြန်မာ့တပ်မတော်မှာ တိုင်းရင်းသားလူမျိုးတွေ အများကြီးပါနေသည် ။ ဗမာလူမျိုး သက်သက်ချည်း ဖွဲ့  ထားသော မြန်မာ့တပ်မတော်မဟုတ် ။ ထို့ ကြောင့်သေဆုံးကုန်ကြရသော မြန်မာ့တပ်မတော်သားတို့ မှာ တိုင်းရင်းသားလူမျိုးများသာ များသည် ။ စစ်သုံ့ပန်းထဲမှာလည်း တိုင်းရင်းသားလူမျိုးတွေ များသည် ။ 

ကေအိုင်အို ဖက်မှလည်း အတူတူ တိုက်ခိုက်နေသော သူများမှာ ကချင်လူမျိုးချည်း သက်သက်မဟုတ် ။ တိုင်းရင်းသားလူမျိုးပေါင်းစုံပါသည် ။ ထို့ ကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးသွားသူများသည်လည်း တိုင်းရင်းသားလူမျိုးတွေ ဖြစ်သည် ။ 

စစ်ပွဲတွေမှာ အမြတ်ရသည်ဆိုခြင်းမှာ မရှိ ။ အနိုင်ရသွားခြင်းသာ ရှိသည် ။ တကယ်အရှုံးရရှိသွားခြင်းမှာ လူသားတို့ အသက်ပေါင်းများစွာဖြစ်သည် ။ တိုင်းရင်းသားလူမျိုးများ အသက်ပေါင်းများစွာ သေဆုံးကြေ ကွဲနေသည်ကို နိုင်ငံရေးသမားတွေက ထိုင်ကြည့်နေရမည်လား ။ ယင်းသို့ လည်း မဖြစ်သင့်ပေ ။ 

သမ္မတဦးသိန်းစိန်က စစ်ပွဲကို ရပ်ပေးပါဟု အမိန့် ပေးထားသည်ကို ဆက်ဖြစ်လျှင် နိုင်ငံရေးသမားတွေ 
ုနိုင်ငံရေးပါတီတွေက ကချင်ပြည်နယ်သွားပြီး ကေအိုင်အိုနှင့် စကားပြောစရာ မလို ။ 

ဘာကြောင့် ဆက်ဖြစ်နေသည်ကို သတင်းအချက်အလက်ယူဖို့ အကောင်းဆုံး အဖြေရှာနိုင်ဖို့  တခု တည်း 
သော လုပ်ရပ်မှာ နေပြည်တော်သာ ဖြစ်သည် ။ နေပြည်တော်မှာ သမ္မတ ရှိသည် ။ ကာ/လုံ ရှိသည် ။ အစိုးရရှိသည် ။ သမ္မတရုံးဝန်ကြီးများရှိသည် ။ လွှတ်တော်ရှိသည် ။ 

၎င်းတို့ ရှိနေပါလျှက် ၄င်းတို့ နှင့် နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေက တွေ့ ဆုံရမည် ။ ဆွေးနွေးရမည် ။ အဖြေရှာရမည် ။ ယခင်က ငြိမ်းချမ်းရေး ယူထားခဲ့ သော ကချင်ပြည်နယ်၌ ယခုဖြစ်ပျက်နေရခြင်းကို အဖြေရှာဖို့ အတွက် အဓိက ပြသနာမှာ အင်အားကြီးသူ အစိုးရနှင့်သာ ဆွေးနွေးစရာဖြစ်သည် ။ အင်အား နည်းသူ ကေအိုင်အိုနှင့် ဆွေးနွေးပြီး ငြိမ်းချမ်းရေးလုပ်ကြရအောင်လို့  သွားပြောလို့ ကတော့ ဘာမှ အဓိပ္ပါယ်မရှိချေ ။ 

ကေအိုင်အိုက နယ်ချဲ့ ကျူးကျော်နေသူများ မဟုတ် ။ သူတို့ ပိုင်နယ်မြေမှာ သူတို့  ရပ်တည်နေကြသူ များဖြစ်သည် ။ သူတို့ က ရှေ့ကို ကျော်လာပြီး စစ်တိုက်လာသည်ကား မမြင် ။ ထို့ ကြောင့် သူတို့ ကို ဘာ မျှ ပြောစရာမလို ။ 

ကချင်ပြည်နယ်ရှိ လိုင်ဇါမက ကေအိုင်အို ထိမ်းချုပ်ရာ နယ်မြေတိုင်းကို မည်သူ မဆိုသွား၍ ရသည် ။ သွား၍ရတိုင်း ငြိမ်းချမ်းရေးခေါင်းဆောင်လိုလို ဘ၀င်ကြီး ခိုက်လို့  မည်သူမျှ ပြော၍မရ ။ 

အဓိက ငြိမ်းချမ်းရေးစကားကို ပြောဆိုပြီး ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ အတွက် နေပြည်တော်က တာဝန်ရှိသူ များကိုသာ ဒဲ့ပြောဆို တိုင်ပင်ဆွေးနွေးရန်သာ ရှိသည် ။ 

အကယ်၍ နေပြည်တော်တွင် ငြိမ်းချမ်းရေးစကားပြောပြီး ကချင်ပြည်နယ်ငြိမ်းချမ်းရေး ရရှိသွားပြီဆိုလျှင် ၄င်းလူစားများသည် ငြိမ်းချမ်းရေးခေါင်းဆောင်ဖြစ်မည်မှာ သေချာသည် ။ 

ဝန်ကြီးဦးစိုးသိန်းက နယူးယောက်မှာ ကြေညာခဲ့ ပြီးပြီ ။ ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ် အရေး ဆောင်ရွက်ချင်လျှင် လာခဲ့ပါဆိုပြီး ဖိတ်ခေါ်ထားပြီးပြီ ။ သည်လိုဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတရုံး ၀န်ကြီး သို့ သွားပြီး ဆွေးနွေးဖလှယ် တိုင်ပင်စရာသာ ရှိသည် ။ 

ခုတော့ ပေဖူးလွှာနှင့် ဖိတ်မှ သွားမည်ဆိုပြီး စောင့်နေလို့ ကတော့ ကချင်ပြည်နယ်မှာ စစ်ပြေးဒုက္ခ သည်တွေ နေ့စဉ်လိုလို အသက်ဘေး အန္တရယ် စိုးရိမ်နေရသည်ကို ကြားနေရ မြင်နေရတော့မည် ။ 

ကျွန်တော်တို့အနေဖြင့် ကချင်လူမျိုးတွေကို မိမိလူမျိုးကဲ့သို့  ခံစားရင်နာ ဖြစ်ရပါသည် ။ ဗုံးခိုကျင်းထဲမှာ ခလေးတွေ ငိုကြွေးပြီး နေကြရသည်ကို၎င်း၊ မြန်မာ့တပ်မတော်မှ စစ်သုံ့ ပမ်းတွေကို မြင်ရသောအခါ၌၄င်း ၊ သူတို့ မှာ မိသားစုတွေ ရှိတယ်- ခလေးတွေ ရှိတယ် - သားသမီးတွေ ရှိတယ် -ဆိုသော စာပိုဒ် ကို မြင်ယောင်မိနေဖြစ်သည် ။ 

မည်သူတွေကိုမှ ဒုက္ခကြီးစွာ ဆင်းရဲခြင်းကြီးစွာဖြင့် မမြင်လိုချင် ။ ထို့ကြောင့် ကချင်ပြည်နယ် အရေး ကို ငြိမ်းချမ်းရေးခေါင်းဆောင်များအဖြစ် နားချကြမည်ဆိုလျှင် အဝေးကြီး မသွားကြပါနှင့် ။ နေပြည်တော် မှာသာ အဖြေရှာ ဆွေးနွေးကြပါဟု တိုက်တွန်းလိုပါသည် ။ 

သို့ ဖြစ်၍ ပြည်သူတွေအတွက် နိုင်ငံရေးသမားတွေ လိုသည်ဟု ပြောရခြင်းဖြစ်သည် ။ 

ကျွန်တော်ပြောချင်သည်မှာ ပြည်သူတွေအတွက် အတိုက်အခံ ခေါင်းဆောင် မလိုတော့ပါ ။ 

အတိုက်အခံ ခေါင်းဆောင် လည်း မြန်မာနိုင်ငံမှာ ရှိမှ မရှိတော့ ၊ တကယ့်နိုင်ငံရေး သမားကောင်း သာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ယခုအချိန်မှာ အမြန်ဆုံးလိုအပ်နေပါပြီ ။ 

အကယ်၍ ပြည်တွင်းငြိမ်းချမ်းရေးကို နေပြည်တော်မှ တာဝန်ရှိသူများကသာ လိုအပ်သည်ဟု ထင်မြင် ယူဆကြပြီ ဆိုလျှင် ၄င်းသိရှိကြသောနေ့ သည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရသွားသောနေ့ ဖြစ်သည်ဟု ကျွန်တော်ယုံကြည်ထားသည် ။

အေးချမ်းမွန်မှ ဧရာဝတီသတင်းတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

မှ ဧရာဝတီသတင်း

SHARE THIS
Previous Post
Next Post