ရခိုင်ဒေသ၌ တွေ့ရှိသော သတ္တူမျိုးစိတ်ပေါင်း (၂၀) ကျော် ပါဝင်သည့် သဲအမျိုးအစားအား ထပ်မံစမ်းသပ်ထုတ်လုပ်ရန် ခွင့်ပြုလိုက်ကြောင်း သိရ

-------------------------------------------------------------------
မိုးမိုးကျော် (Arakan Review)၊ ဇန်နဝါရီလ (၁၂) ရက်၊ ၂၀၁၃ ခုနှစ်။
----------------------------------------------------------------
ရခိုင်ပြည်၊ မောင်တောခရိုင် ဒေသအချို့တွင် တိုက်တေနီယမ်၊ ပလက်တီနမ်၊ ပြဒါး နှင့် သတ္တူအမျိုး (၂၀) ကျော် ပါဝင်သည့် သဲတမျိုးတွေ့ရှိထားပြီး ပြည်ထောင်စု အစိုးရမှ အဆိုပါ ဒေသ ကမ်းခြေတလျှောက်၌ ထပ်မံ စမ်းသပ်ထုတ်လုပ်ခွင့်များ ပြုလုပ်လိုက်ကြောင်း သတင်းရရှိသည်။

ယင်းကဲ့သို့ စမ်းသပ်ထုတ်လုပ်ခွင့် ပြုလုပ်လိုက်သည့်အတွက် စမ်းသပ်မြေများအနီးရှိ ဒေသခံများ လုပ်ကိုင်စားသောက် နေကြသည့် လယ်မြေ၊ ဟင်းခင်းများ ပျက်စီးဆုံးရှုံးမှု များလာဖွယ်ရှိကြောင်း သဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာသူ တစ်ဦးက Arakan Review သို့ ပြောသည်။

“အငူမော် ပင်လယ်ကမ်းခြေတလျှောက်မှာ သဲတွေ တူးဖော်နေကြတော့ အဲဒီ အနောက်ဘက်မှာ ရှိတဲ့ မြေတွေ ပျက်စီးလာနိုင်ပါတယ်။ အဲဒီမြေတွေဟာ ဒေသခံတွေ လုပ်ကိုင်စားသောက်နေကြတဲ့ လယ်မြေ၊ ဟင်းခင်းတွေ ဖြစ်ပါတယ်။ ဒီကနေ့ အချိန်ထိ သတ္တူပါ သဲတွေ စမ်းသပ်တူးဖော်မှုကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ လယ်မြေဧက (၃၀) ကျော် ရှိသွားပါပြီ”

၎င်းအပြင် ရခိုင်ပြည်ရှိ ဒေသအချို့တွင် သဘာဝသံယဇာတ အများအပြား ထွက်ရှိနေသော်လည်း ဒေသခံ ရခိုင်လူမျိုးများ၏ လူနေမှုဘဝမှာ နိမ့်ကျနေဆဲဖြစ်ကြောင်း သူက ဖြည့်စွက်ပြောကြားသည်။

“ကျနော် ရခိုင်လူမျိုးတစ်ယောက်အနေနဲ့ရော သဘာဝပတ်ဝန်းကျင် လေ့လာသူတစ်ဦး အနေနဲ့ရော ပြည်ထောင်စု အစိုးရကို ဝေဖန်ချင်ပါတယ်။ ခေတ်အဆက်ဆက်မှာ ရခိုင်ပြည် ဒေသအသီးသီးက ထွက်ရှိတဲ့ သဘာဝသံယဇာတတွေနဲ့ အစိုးရတရပ်ကိုသာ အကျိုးစီးပွား ဖြစ်ထွန်းနေတာကို တွေ့ရတယ်။ အဲဒါတွေ ထွက်ရှိနေတဲ့ ဒေသခံ ရခိုင်လူမျိုးတွေရဲ့ လူနေမှု အဆင့်အတန်းနဲ့ ဒေသဖွံ့ဖြိုးမှုတွေကတော့ တိုးတက်မလာဘဲ၊ ဆုတ်လျော့ နိမ့်ကျလာတာကို တွေ့ရတယ်။ ဖြစ်နိုင်မယ်ဆိုရင် ရခိုင်ဒေသက ရရှိတဲ့ အကျိုးအမြတ်ကို ရခိုင်တိုင်းရင်းသားတွေအတွက် တစ်ခုခု တုံ့ပြန်သင့်တယ်။ ဥပမယ် ဒီကနေ သတ္တူအမျိုးပေါင်း (၂၀) ကျော် ပါဝင်တဲ့ သဲ ထွက်ရှိနေတဲ့ ဒုံးဘိုင်းမှာ ဆိုရင် အလယ်တန်းကျောင်းပဲ ရှိတယ်။ အထက်တန်းကျောင်းဆောင် မရှိသေးဘူး။ ဒါ့အပြင် အငူမော်ကနေ ကျောက်ပန်းတူထိဆိုရင် လမ်းက အရမ်းပျက်စီးနေတယ်။ နွေရာသီဆိုရင်လည်း သောက်ရေပြတ်လပ်မှုနဲ့ ဒေသခံတွေ ရင်ဆိုင်နေရတယ်။ အဲဒီဘက်က ထွက်တဲ့ ရေတွေက ဇဝက်သာ တော်တော်များများပါတယ်။ သောက်ဖို့ လုံးဝ အဆင်မပြေနိုင်ဘူး။ အဲဒီအတွက် ဆည်တစ်ခုခု ဖြစ်ဖြစ် လုပ်ဖို့ လိုအပ်နေတယ်။ ပြည်ထောင်စု အစိုးရအနေနဲ့ ဒါတွေကို မြင်အောင် ကြည့်စေချင်တယ်”

ယခု တူးဖော် စမ်းသပ်မှုများအရ တွေ့ရှိထားသော သဲများမှာ ယခင် ၂၀၀၇ ခုနှစ်ကတည်းကတကြိမ် ခိုင်ခိုင် ကုမ္ပဏီ (တရုတ်ကုမ္ပဏီ) မှ စတင် စမ်းသပ်မှုများပြုလုပ်ခဲ့ပြီး အဆိုပါ သတ္တူအမျိုးစားပေါင်း (၂၀) ကျော် ပါဝင်သည့် သဲ (၂) တန်အား ရန်ကုန်သို့ သယ်ဆောင်ယူခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်းများအရ ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက်ဖြင့် Gold Finder ကုမ္ပဏီမှ စမ်းသပ်တူးဖော်မှုများ လုပ်ကိုင်နေကာ သန့်စင်ပြီး သဲအိတ်ပေါင်း (၅၀၀၀) ကျော်အား ယခုအချိန်တွင် စစ်တွေ၊ ရေချမ်းပြင်သို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း သိရှိရသည်။

SHARE THIS
Previous Post
Next Post