နိုင်ငံရေးပါတီ ဆွေးနွေးချက်များအား အစိုးရထံ တင်ပြပေးမည်ဟု ဦးတင်အေးပြောကြား


ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroup on 4 Jan, 2013



 နိုင်ငံရေးပါတီ(၅၂)ခုမှ တင်ပြဆွေးနွေးချက်များအား သက်ဆိုင်ရာအစိုးရထံသို့ တင်ပြပေးမည်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးသည် ဒီဇင်ဘာ(၃)ရက်နေ့ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ ဆွေးနွေးမှုအပြီး ပြောကြားခဲ့သည်။
 
ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ နှင့် နိုင်ငံရေးပါတီများသည် နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးချုပ်တွင် ဒီဇင်ဘာလ (၃)ရက်နေ့ နေ့လည် (၁)နာရီမှ ည (၈)နာရီကျော်အထိ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပါတီအချို့မှ တာဝန်ရှိသူများက ဆိုသည်။
 
မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ(၅၄)ခုမှ ဥက္ကဌများအား အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း ပါတီ (၅၂)ခုသာ တက်ရောက်နိုင်ခဲ့ပြီး အချို့ပါတီများမှာ ဥက္ကဌများ တက်ရောက်နိုင်ခြင်းမရှိပဲ အတွင်းရေးမှူးများသာ တက်ရောက်ခဲ့သည်ဟု သိရှိရသည်။
 
အဓိက ဖိတ်ထားတာတော့ နိုင်ငံရေးပါတီရဲ့ ဥက္ကဌတွေကိုဖိတ်တာပေါ့ တစ်ချို့က မအားလို့ သူတို့ရဲ့ အတွင်းရေးမှူးတွေကို တက်ခိုင်းပါတယ် (၅၂)ပါတီလောက်ပဲ တက်ခဲ့ပါတယ်။ ပါတီ အသီးသီးက သူတို့ပြည်နယ်နဲ့ တိုင်းမှာ ဘယ်လိုအခြေအနေတွေ ရှိတယ်ဆိုတာကို ဆွေးနွေး ကြပါတယ် ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဥက္ကဌ ဦးသုဝေက ပြောသည်။
 
အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော နိုင်ငံရေးပါတီအချို့မှာ ကချင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အခြေအနေနှင့်ပတ်သက်ပြီးဆွေးနွေးခဲ့ကြောင်း ၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသားအရေး အခြေအနေများကိုလည်း ဆွေးနွေးခဲ့သည်ဟု ၄င်းက ဆိုသည်။
 
ကချင်ပြည်နယ်မှာရှိတဲ့ ဒေသခံတွေ ဘယ်လိုဒုက္ခရောက်နေတယ်ပြီးတော့ ပြောတယ် အစိုးရ ကလည်း နှစ်ဖွဲ့ဖြစ်နေတယ်။ ဆိုတာတွေပေါ့ တိုက်ပွဲတွေကလည်း ဆက်တိုက်ဖြစ်နေတာတွေ၊ နောက်တစ်ခုက ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တိုင်းပြည်အခြေအနေကို ဆွေးနွေးကြတဲ့ နောက် ချို့ယွင်းတဲ့နေရာတွေကို ပြန်ပြုပြင်ဖို့ နိုင်ငံတော်ရဲ့ မဏ္ဍိုင်(၃)ရပ်ဖြစ်တဲ့ ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး နဲ့တရားစီရင်ရေးတွေပေါ့ ဟု ဦးသုဝေက ပြောသည်။
 
အန်အယ်လ်ဒီပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရွေးကောက်ပွဲကော်မရှင်ဦးတင်အေး၏ ဖိတ်ကြားချက်အပေါ် တက်ရောက်နိုင်ခြင်း မရှိသော်လည်း အတွင်းရေးမှူး ဦးဥာဏ်ဝင်းအား ကိုယ်စား တက်ရောက်စေခဲ့ပြီး ကချင်ပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် တာဝန်ပေးမည်ဆိုပါက ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဆွေးနွေးခဲ့သည်ဟု ဗဟိုရုံးချုပ်သုတေသနရေးရာမှူးထံမှ သိရှိရသည်။
 
ကျွန်တော်တို့ပါတီက နှစ်ခုဆွေးနွေးပါတယ်။ တစ်ခုက ကချင်ပြည်နယ် ပဋိပက္ခနဲ့စပ်လျဉ်းပြီး ငြိမ်းချမ်းရေးရရှိဖို့ တာဝန်ပေးရင် ဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း နောက်တစ်ခုက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဆွေးနွေးတယ် “ ဟု အန်အယ်လ်ဒီပါတီ ဗဟိုရုံးချုပ်မှ သုတေသနရေးရာမှူး ကိုနေခြည်ဝင်းက ပြောသည်။
 
ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးသည် နိုင်ငံရေးပါတီများ၏ ဆွေးနွေးချက်ကို သက်ဆိုင်ရာ အစိုးရထံသို့ တင်ပြပေးမည်ဖြစ်ပြီး ၊ အဆိုပါ ကော်မရှင်အနေဖြင့်လည်း တတ်နိုင်သမျှ ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၊ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လွတ်လပ်စွာ သဘောထားကွဲလွဲ ခွင့်ရှိခြင်းတို့ကြောင့် အတိတ်ကို ပြောဆိုနေခြင်းပြုမနေတော့ပဲ အနာဂတ်ကောင်းစားရေးကိုသာ ပြုလုပ်သင့်ကြောင်း ပြောကြားခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီသစ်ပါတီမှ ဥက္ကဌ ဦးသိန်းညွန့်က ဆိုသည်။
 

SHARE THIS
Previous Post
Next Post