ဦးပိုင်၏ ၀မ်ပေါင်ကုမ္ပဏီ၏ လက်ပန်းတောင်းတောင် စာချုပ်အား စုံးစမ်းစစ်ဆေးရေးကော်မတီမှ စစ်ဆေးမည်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသည့် စာချုပ်ကို
ဘက်စုံထောင့်စုံမှ စိစစ်နိုင်ရန်အတွက် သတ္တုတွင်း လုပ်ငန်းနှင့်ပတ်သက် ၍လည်းကောင်း၊

ဥပဒေပညာပိုင်းနှင့်ပတ်သက်၍လည်းကောင်း ကျွမ်းကျင်သူပညာရှင် နှစ်ဦး အား နိုင်ငံတော်သမ္မတရုံး၏ စီစဉ်ပေးမှုဖြင့် ခန့်ထားခဲ့ကြောင်း လက်ပံတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်က
ဇန်န၀ါရီ ၁၁ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

အဆိုပါ စာချုပ်နှင့်ပတ်သက်၍လည်းကောင်း၊ အခြားကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ကော်မရှင်ဥက္ကဋ္ဌဦးဆောင်သည့်
အဖွဲ့သည် ကျွမ်းကျင်ပညာရှင်များနှင့်အတူ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဥက္ကဋ္ဌနှင့်အဖွဲ့အား ဇန်န၀ါရီလ ၉ ရက်ကလည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတ ကာပြဋ္ဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများ အသုံးပြု၍
စနစ်တကျဆောင်ရွက်ခြင်းရှိ၊ မရှိ စိစစ်ရန်အတွက် ပညာရှင်ပေါင်းစုံပါဝင်သည့် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ဆောင်ရွက်စေခဲ့ပါသည်။

မြန်မာ့ပတ်ဝန်းကျင် သိပ္ပံအဖွဲ့သည် ဒီဇင်ဘာလ ၂၄ ရက်မှ ၃၀ ရက်အထိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍လည်းကောင်း၊
စံပယ်တောင်နှင့် ကြေးစင်တောင် ကြေးနီစီမံကိန်းလုပ်ဆောင်နေမှုကိုလည်းကောင်း သွားရောက်၍ လက်တွေ့ကွင်းဆင်း၍ ဂေဟစနစ်၊ လူမှုရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာကိစ္စရပ်များ၊ စီမံချက်ကွပ်ကဲမှုစနစ်နှင့် ဖွံ့ဖြိုးမှုသရုပ်ခွဲစိစစ်ချက်တို့ကိုလေ့လာခဲ့သည်။

ထို့အပြင် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့သည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၄ ရက်မှစ၍ စီမံကိန်းပြုလုပ်သည့် ဒေသပတ်ဝန်းကျင် တွင်ရှိနေသော လေထု သန့်ရှင်းမှုအဆင့်အခြေအနေ(Existing Baseline Ambient Air Status) တို့ကိုလည်း လက်တွေ့ကွင်းဆင်း စိစစ်ခဲ့ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ ပဏာမအစီရင်ခံစာကို ဇန်န၀ါရီ ၁၀ ရက်တွင် တင်ပြခဲ့ပါသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်သည် ဇန်န၀ါရီလ ၈ ရက်မှ ၁၀ ရက်ထိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးရှိ ကျေးရွာများအား ထပ်မံကွင်းဆင်းလေ့လာခဲ့သည်။

နိုင်ငံတော်အနေဖြင့် လက်ပံတောင်းတောင် သပိတ်စခန်းမှ မီးလောင်ဒဏ် ရာရသည့် လူနာများအား ဆေးကုသမှုကို တာဝန်ယူလျက် ရှိရာ ကော်မရှင်အနေဖြင့် လိုအပ်သည်များကို ဆက်လက် ညှိနှိုင်းဆောင်ရွက်ပေး လျက် ရှိပါသည်။ မန္တလေးပြည်သူ့ ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသနေကြသော လူနာအားလုံးသည်
ဆေးကုသမှုခံယူပြီးကြသဖြင့် ဆေးရုံမှ ဆင်းသွားကြပြီး ဖြစ်ပါသည်။

ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူနေကြသည့် သံဃာနှစ်ပါးအနက် ရှင်သဇ္ဖန၏ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာပြီဖြစ်ရာ မကြာမီ မြန်မာနိုင်ငံသို့ ပြန်လာနိုင်မည့် အခြေအနေရှိသည်ဟု သိရှိရပါသည်။

သံဃာတော် ဦးတိက္ခဥာဏ၏ အခြေအနေသည်လည်း တိုးတက်မှု ရရှိနေပြီဖြစ်ပြီး ဆက်လက်၍ ဆေးကုသမှုခံယူရန် လိုအပ်သေးသည်ဟု ကော်မရှင် အနေဖြင့် သိရှိရကြောင်း သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

7days news
ဦးပိုင်၏ ၀မ်ပေါင်ကုမ္ပဏီ၏ လက်ပန်းတောင်းတောင် စာချုပ်အား စုံးစမ်းစစ်ဆေးရေးကော်မတီမှ စစ်ဆေးမည်။

SHARE THIS
Previous Post
Next Post