မလေးရှားနိုင်ငံမှ လေးစားအတုယူဖွယ် မြန်မာ့စိတ်ဓာတ်

၂.၁.၂၀၁၃ ရက်နေ့က ပေးပို့လာသည့် မလေးရှားနိုင်ငံ Genting Highland ကာစီနိုအပန်းဖြေစခန်းမှ Only World Group ကုမ္ပဏီရှိ နိုင်ငံခြားသား အလုပ်သမားများအား အစိုးရပြဌာန်းချက်အား ဂရုမစိုက်ပဲ မတရားဖိနှိပ်၍ အလုပ်ချိန်ပိုမိုဆင်းခိုင်းခြင်းနှင့် စပ်လျဉ်း၍ မြန်မာအလုပ်သမားများ ဦးဆောင်ဆန့်ကျင်ကြရာ ဆန့်ကျင်ရာတွင်ပါဝင်သည့် မြန်မာလူငယ်ငါးဦးမှာ ကုမ္ပဏီ Meeting အတွင်း ကုမ္ပဏီ၏ ဆုံးဖြတ်ချက်အား မကျေနပ်ကြောင်း ပြသသည့်အနေဖြင့် အလုပ်နှုတ်ထွက်လွှာတွင် လက်မှတ်ထိုးကာ ကုမ္ပဏီဆုံးဖြတ်ချက်အား မပြင်ပေးလျှင် မြန်မာအလုပ်သမားအားလုံး အလုပ်မှထွက်မည်ဖြစ်ကြောင်း ဆန္ဒပြခဲ့ကြသည်။ အဆိုပါလူငယ်ငါးယောက်၏ ဦးဆောင်လှုပ်ရှားမှုကြောင့် တခြားမြန်မာများပါ တက်ကြွစွာပါဝင်လာပြီး ကုမ္ပဏီ၏ တစ်နေ့အလုပ်ချိန် ၁၂နာရီ+အိုတီ အစီအစဉ်ကို ဆက်လက်ဆန့်ကျင်ကြရာ ၃.၁.၂၀၁၃ နေ့တွင် ကုမ္ပဏီမှ အလုပ်သမားများ၏ ဆန္ဒကို လိုက်လျောခဲ့ရပြီး အစိုးရသတ်မှတ်ချက်အတိုင်း နားချိန်တစ်နာရီအပါအ၀င် တစ်နေ့အလုပ်ချိန်ကိုးနာရီ သတ်မှတ်ပေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါဖြစ်ရပ်ကြောင့် နဂိုမူလက Genting Highland တောင်ပေါ်ရှိ ရှိသမျှ ပုဂ္ဂလိကကုမ္ပဏီအားလုံး လက်ဝါးချင်းရိုက်ကာ အစိုးရသတ်မှတ်ချက်အား ဖုံးကွယ်ထားပြီး နိုင်ငံခြားသားအလုပ်သမားများအား ဆက်လက် မတရားအလုပ်ခိုင်းစေရန် စီစဉ်ထားမှုကို ပျက်ပြားသွားစေခဲ့သည်။ သို့သော် အဆိုပါလှုပ်ရှားမှုအတွင်း ဦးဆောင်ဆန့်ကျင်ခဲ့သူ မြန်မာလူငယ် ငါးဦးမှာ ၎င်းတို့အနစ်နာခံ၍ ရရှိလာသည့် အခွင့်အရေးများအား ခံစားခွင့်မရတော့ချေ။ ၎င်းတို့၏ နှုတ်ထွက်စာအား ကုမ္ပဏီကအတည်ပြုလိုက်ပြီး နောက်နောင် ယခုကဲ့သို့ နိုင်ငံခြားသားအလုပ် သ မားများ၏ ဆန့်ကျင်မှုများ မဖြစ်စေရန်အတွက် ၎င်းတို့ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန်စီစဉ်ကြောင်း သိရသည်။ မြန်မာလူငယ်ငါးဦး၏ အနစ်နာခံမှုကြောင့် အဆိုပါကုမ္ပဏီရှိ မြန်မာနိုင်ငံသား အလုပ်သမားများတင်မက နီပေါ၊ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အလုပ်သမားများပါ အစိုးရသတ်မှတ်ချက်အတိုင်း အခွင့်အရေး အပြည့်ရရှိခဲ့ကြောင်း သိရှိရပါသည်။ အိမ်ပြန်ရမည့် ၎င်းတို့ငါးဦးအား ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် လုပ်ဖော်ကိုင်ဖက်မြန်မာများက ငွေကြေးတတ်နိုင်သလောက် စုကာပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ မိမိအကျိုးအား မငဲ့ပဲ ဘ၀တူအလုပ်သမားများအတွက် စွန့်လွှတ်အနစ်နာခံ ဦးဆောင်ခဲ့ကြသည့် အဆိုပါမြန်မာလူငယ်ငါးဦးအား ၀ံသာနုမှ လေးစားစွာ ဂုဏ်ပြုလိုက်ပါသည်။ (နိုင်ငံတကာတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာလူမျိုးများအနေဖြင့် မိမိတို့၏ အခက်အခဲအား မြန်မာပြည်သူလူထုသို့ အသိပေးအကူအညီ တောင်းခံလိုပါလျှင် ၀ံသာနုသို့ လိပ်စာ၊ဖုန်းနံပါတ်၊ ဓာတ်ပုံအထောက်အထား စုံလင်စွာဖြင့် အီးမေးလ်နှင့်ဖြစ်စေ၊ ၀ံသာနုဖေ့ဘုတ်စာမျက်နှာတွင် မက်ဆေ့ပို့၍ဖြစ်စေ ပေးပို့နိုင်ပါသည်။ wontharnu.com@gmail.com) from thit htoo lwin

SHARE THIS
Previous Post
Next Post