တဒင်္ဂအတွင်း အသက်ပေါင်းများစွာ


ရေးသားသူ- ဥက္ကာကိုကို၊ အိဖြူမွန်

“ကျွန်တော့်ဘေးနားက သေသွားတဲ့ သုံးနှစ်ကလေးမလေးကို မြင်ယောင်တိုင်း ဒီလိုအဖြစ်ဆိုးမျိုး မကြုံချင်တော့ဘူး”
ရခိုင်ရိုးမတစ်နေရာက ပေတစ်ရာ နီးပါးနက်သော ချောက်အတွင်း၌ ကိုဝင်းဇော်သတိရလာချိန်တွင် သူ့ကိုယ်ပေါ် လူသုံးဦးလဲကျနေသည်။ သုံးဦးအနက် တစ်ဦးက သေဆုံးနေပြီဖြစ်ပြီး နောက်တစ်ဦးက ညည်းညူနေသည့် ဘုန်းတော်ကြီး တစ်ပါးဖြစ်သည်။ ချမ်းအေးလှသော ညအမှောင်ထုထဲတွင် ကယ်ပါ၊ ယူပါ တစာစာနှင့် အကူအညီတောင်းသံ၊ ငိုကြွေးသံ၊ နာကျင်စွာ ညည်းညူသံများဖြင့် ကမ္ဘာပျက်နေသည့်အလား။

ကိုယ်ပေါ်မှာ ပိနေသည့်လူများကို ကိုဝင်းဇော်တစ်ယောက် ရှိသမျှအင်အားလေးဖြင့် ဖယ်ထုတ်ရန် ကြိုးစားသော်လည်း ထိုင်ခုံကြားမှာ ညပ်နေသည့် သူ့ဘယ်ဘက်ခြေထောက်က လုံးဝလှုပ်ရှား၍ မရတော့။ ထိုအချိန်မှာ ညအလင်းရောင် မှုန်ဝါးဝါးအောက်တွင် ကိုဝင်းဇော်တွေ့လိုက်ရသည်က သူ့နံဘေးလဲကျနေသော သုံးနှစ်အရွယ် ကလေးမလေးတစ်ဦး...

“ကလေးကို လှုပ်ကြည့်တယ်။ လုံးဝမလှုပ်တော့ဘူး။ သူ့နှာခေါင်းမှာ သွေးတွေထွက်နေတယ်။ ကျွန်တော် စိတ်ထဲမကောင်းလွန်းလို့ ပွေ့ဖက်ထားမိတယ်” ဟု ပြောပြသည့် ကိုဝင်းဇော်၏ အသံက တုန်ယင်နေသည်။

ထိုဖြစ်စဉ်မှာ ရန်ကုန်မှ တောင်ကုတ်သို့ ထွက်ခွာသွားသော အောင်သစ္စာလေအိတ်ကား တိမ်းမှောက်မှုတွင် ပါဝင်ခဲ့သော ခရီးသည်တစ်ဦးဖြစ်သည့် ၃၂နှစ်အရွယ် တောင်ကုတ်မြို့သား ကိုဝင်းဇော်က ပြန်လည်ပြောပြခြင်းဖြစ်သည်။

ဇန်န၀ါရီ ၂၂ ရက် ညနေ သုံးနာရီခန့်တွင် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဝင်းမှ ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ ခရီးသည်လေးဆယ်ကျော်ကို တင်ဆောင်၍ ထွက်ခွာလာသော အောင်သစ္စာလေအိတ်ကားသည် ရခိုင်ရိုးမအဆင်း၊ တောင်ကုတ်မြို့နယ်အပိုင်၊ နေပူတောင်ကြောရှိ လမ်းကွေ့တွင်ဘရိတ်ပေါက်၍ အမြင့်ပေတစ်ရာကျော် ချောက်ထဲသို့ ထိုးကျသွားခဲ့သည်။ အချိန်မှာ ဇန်န၀ါရီ ၂၃ ရက် နံနက် သုံးနာရီဝန်းကျင်ဖြစ်သည်။

ယခု ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား ခုနစ်ဦး၊ အမျိုးသမီးခုနစ်ဦး သေဆုံးပြီး ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြသည်။ ကားပေါ်တွင် လိုက်ပါလာကြသူများမှာ သံတွဲ၊ တောင်ကုတ်၊ မောင်တော၊ စစ်တွေ၊ တောင်ကြီး၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ ပဲခူး၊ မော်လမြိုင်၊ ပြည်၊ မြောက်ဦး၊ ရန်ကုန်၊ ပုဏ္ဏား ကျွန်း၊ ရမ်းဗြဲ၊ ရမည်းသင်း၊ မာန်အောင်၊ တောင်ငူမြို့တို့မှ ပါဝင်ကြသည်။

ကိုဝင်းဇော်သည် တောင်ကုတ်မြို့ရှိ ၎င်း၏လုပ်ငန်းတွင် ကူညီလုပ်ကိုင်ရန်အတွက် ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှ မိတ်ဆွေတစ်ဦး၏ သားဖြစ်သူ မောင်ရှင်းသန့်မောင်ကို သွားရောက်ခေါ်ဆောင်လာခြင်းဖြစ်သည်။ သူတို့ စီးနင်းလိုက်ပါလာသော အောင်သစ္စာကားသည် ရိုးမတောင်ပေါ်ရှိ ရေပေါ်ကြီးစခန်းတွင် ဆယ်မိနစ်ခန့်နားကြပြီး ချမ်းအေးလှသော ရာသီဥတုကြောင့် ခရီးသည်များ မီးဆင်းလှုံခဲ့ကြသေးသည်။

“ဆက်ထွက်တဲ့အချိန်မှာ ရန်ကုန်ကစမောင်းလာတဲ့ အသက်ကြီးကြီးကားသမားအစား ခပ်၀၀ အသက်ငယ်ငယ်နဲ့ အခုသေသွားတဲ့ ဒရိုင်ဘာတက်မောင်းတယ်။ စမောင်းပြီး နာရီဝက်လောက်ပဲ ကြာမယ်ထင်တယ်။ အခုလိုဖြစ်တာ” ဟု ကိုဝင်းဇော်က ဆိုသည်။

သူသတိထားမိသည့်အချိန်တွင် ကားသွားနေသည့်အရှိန်က အလွန်မြန်နေပြီး လမ်းကြမ်းသဖြင့် ခုန်ပေါက်နေသည်ဟု ကိုဝင်းဇော်က ပြောသည်။ ရုတ်တရက်ချောက်ထဲသို့ ထိုးဆင်းသွားချိန်တွင် ကားမီးရောင်ကြောင့် ချောက်ထဲမှ ရေနီပင်များ၊ ၀ါးပင်များကို မြင်နေရသည် ဟု သူက ဆိုသည်။

ချောက်ထဲမကျခင် ကားအရှိန်ပြင်းနေစဉ်ကပင် ကားအတွင်းမှ အမျိုးသမီးများ၏ ဘုရားတသံများ၊ အာမေဋိတ်သံများ ထွက်ပေါ်နေကြပြီဖြစ်သည်။ ချောက်ထဲကျသွားသည့် စက္ကန့်ပိုင်းအတွင်းမှာတော့ ကားတစ်စီးလုံး အော်သံငိုသံများဖြင့် ပွက်လောရိုက်သွားခဲ့သည်။ ကိုဝင်းဇော် မျက်စိစုံမှိတ်ထားမိလိုက်စဉ်တွင် ကားကြီးက တစ်ပတ်နှစ်ပတ်လိမ့်ထွက်ပြီး ချောက်အတွင်း ချောင်းငယ်နံဘေးတောင်နံရံကို ၀င်တိုက်ကာ ပြန်ကျ၍ ရပ်သွားခဲ့သည်။

ကိုဝင်းဇော် ပြန်သတိရလာချိန်တွင် ကိုယ်ပေါ်၌ လူသုံးဦးပိမိနေခြင်းနှင့်အတူ ကားထိုင်ခုံကြားညပ်နေသော သူ့ဘက်ဘက်ခြေထောက်ကလည်း ပေါင်မှ ကျိုးသွားခဲ့ပြီဖြစ်သည်။ ဘေးမှန်တံခါးမှနေ ရုန်းထွက်ရန် ကြိုးစားသော် လည်း မအောင်မြင်ခဲ့ပေ။

“ဆယ့်ငါးမိနစ်လောက်ကြာတော့ တောင်ပေါ်ကားတစ်စီး လာနေသံကြားနေရတယ်။ ကျွန်တော်တို့ကားထဲက အကောင်းပကတိကျန်ခဲ့တဲ့လူတစ်ယောက်က ဓာတ်မီးနဲ့ တောင်ပေါ်တက်သွားတာ တွေ့လိုက်တယ်” ဟု သူက ပြောပြသည်။

ကံကောင်းထောက်မစွာ ကြီးကြီးမားမား ဒဏ်ရာမရသူတစ်ဦးက တောင်ပေါ်သို့တက်၍ လာနေသည့် ကားတစ်စီးကိုတားကာ အကူအညီတောင်းခဲ့သဖြင့် ထိုကားတွင် ပါလာသော လူခြောက်ဦး ချောက်အတွင်းဆင်းလာခဲ့ သည်။ ထိုအထဲမှ နှစ်ဦးက ကိုဝင်းဇော်တို့ကို ကားအတွင်းမှဆွဲထုတ်ပြီး ချောက်အတွင်းကွက်လပ် တစ်နေရာတွင် နေရာချပေးကြသည်။

ထိုအခါမှ လှိုင်သာယာမှ ခေါ်လာသော အသက် ၁၈ နှစ် အရွယ် မောင်ရှင်းသန့်အောင်ကို ကိုဝင်းဇော်သတိရ၍ အော်ခေါ်ကြည့်ရာ ခပ်ဝေးဝေးမှာရှိနေသည့် မောင်ရှင်းသန့်အောင်က ခြေထောက်ကျိုးနေ၍ မထနိုင်ဟု ပြန်ထူးသည်။

“ကျွန်တော့်အတွက် ဒါပထမဆုံးခရီးထွက်ဖူးတာ။ ရခိုင်ကိုလည်း ခုမှစသွားဖူးတာ။ မှောက်မယ်မှန်းဘယ်သိမလဲ။ ကားကချောက်ထဲဆင်းတဲ့အချိန်မှာ နှစ်ပြန်၊ သုံးပြန် လိမ့်သွားတယ်။ လိမ့်တဲ့အထဲ ကျွန်တော်ပါသလား၊ မပါခဲ့သလား မမှတ်မိဘူး။ ကျွန်တော် သတိရတဲ့အချိန်မှာ ချောက်ကမ်းပါးထဲက ထိုးထွက်နေတဲ့ တောင်ကမူလေးနဲ့ သစ်ပင်တွေကြားမှာ ရောက်နေတယ်။ ကားနဲ့တော့ သိပ်မဝေးဘူး။ ကားခေါင်းကြီးက စိုက်ကျနေတယ်။ ကားထဲမှာ ငိုသံတွေ၊ ညည်းသံတွေ ကြားနေရတယ်။ အမှောင်ထဲမှာ စမ်းရင်းနဲ့ ဓာတ်မီးနဲ့ရေဘူးတစ်ဘူးတွေ့တယ်။ ထိုးကြည့်တော့ ကားမောင်းတဲ့လူက သွေးအလိမ်းလိမ်းနဲ့ သေနေတယ်။ သူ့ကို တော်တော်လေး ခက်ခက်ခဲခဲ ဆွဲထုတ်နေတာ တွေ့ရတယ်” ဟု ကိုဝင်းဇော်နှင့်အတူပါလာသော မောင်ရှင်းသန့်အောင်က ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

ကားအတွင်း လူလေးဆယ်ကျော်ပါလာခြင်းကြောင့် ကယ်ဆယ်ရန် အင်အားနည်းပါးနေသည့်အတွက် ကူညီနေသူ ခြောက်ဦးက ဖုန်းဆက်၍ အကူအညီများ တောင်းခံကြရသည်။

ထို့နောက်အကူအညီများ တဖြည်းဖြည်းရောက်ရှိလာကြပြီး ကားအတွင်းမှ တစ်ဦးချင်းစီကို ဆွဲထုတ်ကြတော့သည်။ သေဆုံးသူ အလောင်းများနှင့် ဒဏ်ရာရရသူများ ချောက်အတွင်း စုပြုံလာသည်။ “ကားထဲက လူတစ်ယောက်က အရမ်းအော်နေတယ်။ ကယ်တဲ့လူတွေကလည်း သူ့ဆီသွားဖို့ အခက်အခဲတွေ့နေကြတယ်ထင်တယ်။ မနက်မိုးလင်းခါနီးလောက်မှ သူ့ကို သွားထုတ်နိုင်ကြတယ်။ သူသေသွားသလား၊ ရှင်သလားတော့မသိဘူး” ဟု ကိုဝင်းဇော်က သူမှတ်မိသည့် မြင်ကွင်းတစ်ခုကို ပြောသည်။

တောင်နံရံကို မှီ၍လဲနေသည့် ကိုဝင်းဇော်အနီးမှ လူတစ်ဦးက ရေဆာသည်ဟု ညည်းညူနေသော်လည်း မည်သူမှ ရေပေးရန် မအားကြ။ ထိုအချိန်က သူတို့အတွက် ရှည်ကြာလွန်းလှသည်။ နံနက် ငါးနာရီခန့်တွင် မိုင်သုံးဆယ် ခန့်ဝေးသည့် တောင်ကုတ်မြို့မှ နာရေးကားတစ်စီးရောက်လာပြီး အသက်ရှင်ကျန်ရစ်ပြီး ဒဏ်ရာပြင်းထန်သူများကို တစ်သုတ်ပြီး တစ်သုတ်တင်ဆောင်လျက်ရှိသည်။ ကိုဝင်းဇော်က နောက်ဆုံးအခေါက်တွင်မှ အလောင်းများနှင့်အတူ လိုက်ပါရသည်။ သူ့နံဘေးမှ ရေတောင်းနေသည့်လူနာလည်း ပါလာပြီး နာရေးကားပေါ်မှ လူတစ်ဦးက ရေတစ်ဘူး ထုတ်တိုက်သည်။

“အဲဒီရေဘူးကို သူ့ဘာသာ ကိုင်သောက်တယ်။ ဆေးရုံရောက်ပြီး မကြာခင် သူဆုံးသွားတယ်” ဟု ကိုဝင်းဇော်က ပြောသည်။

ကိုဝင်းဇော်တစ်ယောက် ချောက်အတွင်းရှိနေစဉ်အချိန်မှာ တောင်ကုတ်မြို့ရှိ သူ၏မိခင်ဖြစ်သူခမျာ မပဋာမြေလူးဖြစ်နေခဲ့ရသည်။ ဆေးရုံသို့ တစ်စီးပြီးတစ်စီး ဆိုက်ရောက်လာသည့် လူနာတင်ယာဉ်များကို အပြေးအလွှားသွားကြည့်ပြီး တစ်စီးမှာမှ ပါမလာသည့်အခါ သားအပေါ် စိုးရိမ်မှုက ပိုမိုမြင့်မားလာခဲ့ရသည်။

ဒဏ်ရာရသူများကိုသာ ဦးစွာ ပို့ဆောင်နေခြင်းဖြစ်ပြီး သေဆုံးသည့်အလောင်းများကို နောက်ဆုံးမှ သယ်ဆောင်လိမ့်မည်ဟု တစ်ယောက်တစ်ပေါက် ထင်ကြေးပေးနေကြသည့် စကားသံတို့က စိတ်နှလုံးကို လှုပ်ခါနေခဲ့သည်။

“အရီးရင်ထဲမှာ မီးလာမွှေးသလိုပဲ ပူနေတယ်။ ငိုလိုက်ရတာ မပြောပါနဲ့တော့။ ပါလာတဲ့သူတွေကလည်း အကောင်းပကတိ တစ်ယောက်မှ မပါလာ။ ကျိုးပဲ့အော်ဟစ်နေတာ သွေးသံတရဲရဲ။ သားရဲ့သူငယ်ချင်းက စိတ်မပူပါနဲ့လို့ ဖျောင်းဖျတယ်။ မွေးထားတာမှ သားနှစ်ယောက်ပဲရှိတာ။ ဒီသားက အငယ်ဆုံး။ အမေနဲ့နေတယ်။ အရူး တစ်ယောက်လိုခံစားနေရတယ်” ဟု ကိုဝင်းဇော်၏ မိခင်က ခံစားချက်ကိုပြောသည်။

နောက်ဆုံး လူနာတင်ယာဉ်နှင့် ကိုဝင်းဇော်ပါလာပြီဟု အသိတစ်ဦးက ဖုန်းဖြင့်လှမ်းပြောသော်လည်း မိခင်ဖြစ်သူက မယုံကြည်နိုင်ရှိနေခဲ့သည်။ “သေတဲ့လူက အများကြီးဆိုတော့ ကိုယ်မှမမြင်ရတာ ဘယ်ယုံမလဲ။ ရောက်လာတော့ သားမျက်နှာကို မမှတ်မိဘူး။ ဖူးရောင်နေတယ်။ ကြောင်ပြီးကြည့်နေတာ” ဟု ဆိုသည်။ ထို့နောက် သားအမိနှစ်ဦးဖက်၍ အားပါးတရ ငိုကြွေးမိကြသည်။

သံတွဲမြို့ခံ အမျိုးသားတစ်ဦးမှာတော့ ထူးထူးခြားခြား ကံကောင်းခဲ့သည်။ ကားစထွက်စဉ်ကတည်းက ယမကာမှီဝဲလာခဲ့ပြီး ထမင်းစားနား၍ ကားဆက်ထွက်ချိန်တွင် ကျောက်ဖြူသို့သွားမည့် တခြားအောင်သစ္စာကားတစ်စီး ပေါ်သို့ မှားတက်ခဲ့၍ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

အောင်သစ္စာကားတိမ်းမှောက်သည့် နေရာတွင် တစ်နှစ်လျှင် အနည်းဆုံးမတော်တဆမှု နှစ်ကြိမ်ဖြစ်ပေါ်တတ်ကြောင်း၊ နေပူတောင်ဆင်းလမ်းတွင် နှစ်ဖာလုံခန့် ပြေပြစ်သည့်နေရာအလွန် မတ်စောက်သော ဂငယ်ကွေ့ရှိ ပြီး မောင်းနှင်မှုမကျွမ်းကျင်ပါက တိမ်းမှောက်မှုဖြစ်ပေါ်နိုင်သော နေရာဖြစ်သည်။

“အခုက ရိုးတောင်ပေါ်က ကားမတော်တဆမှုတွေထဲမှာ လူသေတာအများဆုံးနဲ့ ဒဏ်ရာရတာအများဆုံးပဲ။ ၁၉၉၇ တုန်းက တစ်ခါဖြစ်တာ တစ်ယောက်ပဲ သေတယ်။ အဲ့ဒီနေရာမှာ အရှိန်မထိန်းနိုင်လို့ ကုန်တင်ကားတွေ ခဏခဏ ချောက်ထဲကျတယ်။ လူတော့မသေဘူး” ဟု တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။

အောင်သစ္စာယာဉ်လိုင်းက သေဆုံးသူများအတွက် ကူငွေ ကျပ်နှစ်သိန်းစီထောက်ပံ့ပေးခဲ့ ပြီး သံတွဲမြို့ဆေးရုံတွင် ကုသမှု ခံယူနေသည့် ထိခိုက်ဒဏ်ရာရသူများကို ငွေကျပ်ငါးထောင်နှင့် မုန့်များ လာရောက်ပေးအပ်ခဲ့ကြောင်း သံတွဲမြို့ခံတစ်ဦးက ပြောသည်။

“လူတစ်ယောက်ရဲ့ အသက်ကို ဘယ်လိုလျော်ရမလဲ။ သိန်းငါးဆယ်ပေးတောင်မရဘူး။ အခုပေးတာက လျော်ကြေးမဟုတ်ဘူး။ အသုဘစရိတ်အတွက် ကူငွေပေးတာပါ။ လျော်တာက အာမခံက လုပ်ပါလိမ့်မယ်” ဟု အောင်သစ္စာ (တောင်ကုတ်) ယာဉ်လိုင်းပိုင်ရှင် ဦးစောရွှေက ပြောသည်။

သေဆုံးသွားသည့် သုံးနှစ်အရွယ်ကလေးငယ်နှင့် ၎င်း၏မိခင်ဖြစ်သူတို့မှာ ကွမ်းခြံကုန်းမြို့နယ်မှဖြစ်ကြပြီး သံတွဲမြို့မှ အမျိုး တစ်ဦးနာရေးသို့လာရောက်ရင်း အဖြစ်ဆိုးကြုံကြရခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများကို တောင်ကုတ် ဆေးရုံ၊ သံတွဲဆေးရုံတို့မှ ကုသပေးခဲ့ကြပြီး အချို့မှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ လာရောက်ကုသနေကြသည်။

“ကျွန်တော့်ဘေးနားက သေသွားတဲ့ သုံးနှစ်ကလေးမလေးကို မြင်ယောင်တိုင်း ဒီလိုအဖြစ်ဆိုးမျိုး မကြုံချင်တော့ဘူး” ဟု ကိုဝင်းဇော်က ပြောရင်း အသံတိမ်ဝင်သွားသည်။ မြင့်မားသော ရိုးမတောင်ပေါ်မှ ကွေ့ကောက်သည့် လမ်းကြီးမှာ ကျဉ်းမြောင်းသည့်အပြင် လမ်းသားမကောင်းခြင်းကလည်း ပြဿနာတစ်ရပ်ဖြစ်သည်။

ရန်ကုန်မှပြန်လာ၍ ရခိုင်ရိုးမပေါ် ဖြတ်သန်းတိုင်း ကိုယ့်ရပ်ကိုယ့်မြေ ပြန်ရောက်ပြီဟူ၍ ကြည်နူးစိတ်ဖြစ်မိသည့် ကိုဝင်းဇော်တစ်ယောက် ယခုအခါမှာတော့ သူချစ်တဲ့ ရိုးမကိုဖြတ်သန်းတိုင်း အဖြစ်ဆိုးကို သတိရသည့် စိုးရိမ်စိတ်များ ၀င်လာတော့မည်ဖြစ်သည်။ ။



SHARE THIS
Previous Post
Next Post