ပြည်ထောင်စုအစိုးရနဲ့ KNU အပစ်အခတ်ရပ်စဲရေး တနှစ်ပြည့်

ဒီကနေ့ ၂၀၁၃ခုနှစ် ဇန်ဝါရီလ(၁၂)ရက်၊ ၂၇၅၂ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ လည်း ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရနဲ့ KNU ကရင်အမျိုးသား အစည်းအရုံးတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တာ တနှစ်ပြည့်ခဲ့ပါပြီ။ သန်း(၆၀)ထဲက နိုင်ငံသားတဦးအနေနဲ့ ၊ ငြိမ်းချမ်းရေး လိုချင်တဲ့ နိုင်ငံသားတဦးအနေနဲ့ ၊ တနှစ်ပြည့်မှသည် နှစ်ပေါင်းရာထောင်ချီ ခိုင်မြဲစေချင်ပါတယ်။ ကျွန်တော့်လိုပဲ မိတ်ဆွေများလည်း အပစ်အခတ်ရပ်စဲမူကို ပျက်စေချင်ကြမှာ မဟုတ်ပါဘူး ခိုင်မြဲစေချင် ကြမှာပါ ။
KNU နဲ့ အပစ်အခတ် ရပ်စဲမှုဟာ ပြောသလောက် မလွယ်ခဲ့ပါဘူး။ တနှစ်ပြည့်ချိန်မှာတောင် ပြန်ဖော်ပြဖို့ မသင့်သေးတဲ့ အခက်အခဲပေါင်းများစွာ ကို ကျော်ဖြတ်ပြီး နှစ်ဖက် ဆွေးနွေးဖက်ခေါင်းဆောင်တွေဟာ တာဝန်ယူမှု၊ တာဝန်သိမှု၊ ငြိမ်းချမ်းရေး အတွက် ပြင်းပြတဲ့စိတ်နဲ့ (၆၁)နှစ်ကျော်ကြာ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေကို ရပ်ဆိုင်းနိုင်ဖို့၊ နှစ်ဖက် စစ်သည်တော်တွေ၊ မြေဇာပင် ပြည်သူလူထုတွေရဲ့ အသက်တွေ ထပ်မဆုံရှုံးဖို့၊ ဒုက္ခတွေ မခံစားရဖို့ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။
ဆွေးနွေးပွဲ စားပွဲဝိုင်းကို ရောက်မလာနိုင်သေးတဲ့ ခေါင်းဆောင်များ၊ ယုံကြည်မှု မရနိုင်သေးတာ ဘယ်သူ့ကိုမှ အပြစ်မတင်သင့်ပါဘူး။ နှစ်ပေါင်းများစွာ ဖြစ်ခဲ့တဲ့ အဖြစ်က တခဏနဲ့တော့ ပြီးမြောက်အောင် မလုပ်နိုင်ပါဘူး။ ယုံကြည်မှုတွေ ရှိလာအောင် Stakeholders များ အားလုံးက ဝိုင်းပြီး ဆောင်ရွက် ကြရပါလိမ့်မယ်။
ကျွန်တော်တို့ နိုင်ငံမှာ အဖြစ်အပျက်ပေါင်းများစွာ တခုပြီးတခု ဖြစ်ပျက်သွားပါတယ်။ အခု တနှစ်ပြည့်ပါပြီ။ ငြိမ်းချမ်းရေးအတွက် ကြိုးစားကြရင်း ကျွန်တော်သိသော၊ မသိသော လူပေါင်းများစွာ ကွယ်လွန်သွားခဲ့ပါပြီ။ တနှစ်ပြည့်ကနေ နှစ်ပေါင်း ရာထောင်ချီ ခိုင်ခန့်မယ့် ငြိမ်းချမ်းရေးကို ကျန်ခဲ့တဲ့ ကျွန်တော်တို့ ခင်ဗျားတို့ အားလုံးက ဆက်ပြီးဆောင်ရွက်ကြရပါလိမ့်မယ်။ ကျွန်တော်တို့ နောင်လာနောက်သား မျိုးဆက်တွေ အတွက် တနိုင်ငံလုံး အပစ်အခတ်တွေ ရပ်စဲကြပြီး ငြိမ်းချမ်းရေး ရသည့်တိုင်အောင်၊ ရလာတဲ့ ငြိမ်းချမ်းရေးကို ခိုင်မာသထက် ခိုင်မာအောင် ကြိုးစားပြီး ဆောင်ရွက်ကြပါလို့ မေတ္တာရပ်ခံပါရစေ။
တနှစ်ပြည့်တဲ့အထိ သေနတ်သံမကြားရသလောက်ဖြစ်အောင် ထိန်းသိမ်းနိုင်ခဲ့တဲ့ တပ်မတော်ခေါင်းဆောင်များ ၊ KNLA ခေါင်းဆောင်များကို တကယ်ပဲ ကျေးဇူးတင်မိပါတယ်။ ရေရှည်လည်း ဆက်လက်ထိန်းသိမ်းသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ခဲ့ကြတဲ့ တပ်မတော်သားများ၊ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၊ အဖွဲ့အစည်း အသီးသီး နဲ့ ပြည်သူလူထုအားလုံးကို ဒီနေရာကနေ ကျေးဇူးတင် လေးစားမှုနဲ့ ဦးညွတ် အလေးပြုပါတယ်။

မှ Hla Maung Shwe

အေးချမ်းမွန်မှ Hla Maung Shwe တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

SHARE THIS
Previous Post
Next Post