လက်ရှိ တရားစီရင်ရေးမဏ္ဍိုင် ပြောင်းလဲမှု မရှိသေး၊ တရားစီရင်ရာ၌ အုပ်ချုပ်ရေးပိုင်းမှ ၀င်ရောက်စွက်ဖက် နေမှုများကို လွှတ်တော်သို့ တင်ပြမည်

Monday, May 27, 2013

တရားစီရင်ရေးတွင် ၀င်ရောက်စွက်ဖက်ခြင်း၊ လွှမ်းမိုးခြယ်လှယ်ခြင်း ပြုလုပ်ပါက လွတ်လပ်စွာ တရားစီရင်ရေးကို ထိခိုက်စေမည်ဖြစ်ကြောင်း ဥပဒေ ပညာရှင်များက ဆိုပါသည်။

တရားစီရင်ရေး မဏ္ဍိုင်ကို အုပ်ချုပ်ရေး မဏ္ဍိုင်မှ ၀င်ရောက်စွက်ဖက်မှုများ ရှိနေသည်ဟု ပြည်သူများအကြား ဝေဖန်မှုများ ရှိနေသောကြောင့် လက်ရှိတရားစီရင်ရေး မဏ္ဍိုင်သည် ပြောင်းလဲမှု မရှိသေးကြောင်း သုံးသပ်မှုများ ရှိနေပါသည်။

ပြည်သူ့လွှတ်တော်၌လည်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို ၂၀၁၂ ခုနှစ်၊ သြဂုတ် ၇ ရက်မှ စတင်ကာ အသစ်ဖွဲ့စည်းခဲ့ပြီး တစ်ပတ်အတွင်း ကော်မတီသို့ တရားစီရင်ရေးဆိုင်ရာ တိုင်စာများ၊ လယ်ယာမြေများ သိမ်းဆည်းခံရမှု တိုင်စာများ စတင်ရောက်ရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်း သူရဦးအောင်ကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၌လည်း တိုင်ကြားစာ ၁၆၀၀ ခန့် ရောက်ရှိခဲ့သည်။

ပြည်သူ့လွှတ်တော် တရားစီရင်ရေး တည်ငြိမ်အေးချမ်းရေး ကော်မတီမှ ရန်ကုန်တိုင်းဒေသကြီးရှိ တရားရုံးများကို စက်တင်ဘာ ၂၅ ရက်မှ စတင်ကာ လေ့လာမှုများ စတင်ပြုလုပ်ခဲ့ကြောင်း ၂၆ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံးသို့လည်းကောင်း၊ ၂၇ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်ချုပ်သို့ လည်းကောင်း လေ့လာခဲ့ကြကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အဖွဲ့ဝင် ဦးသိန်းညွန့်က "အဂတိ လိုက်စားမှု မတားမြစ်နိုင်ရင် တရားစီရင်ရေးက ပိုဆိုးသွားမယ်။ မန္တလေးမှာ တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်နေတာတွေ ရှိတယ်ဆိုလို့ သွားတယ်။ ဟိုရောက်တော့ တရားရေး မဏ္ဍိုင်က ယိမ်းယိုင်ယုံတင် မဟုတ်ဘူး။ လုံးဝ ပြိုကျနေတာ တွေ့ရတယ်။ ရန်ကုန်မှာလည်း ကိုယ်တိုင်ကြုံတွေ့ရတာ ကျွန်တော့်သားက တရားခွင်သွားတာ ပိုက်ဆံကျပ် ၃၀၀၀ ပေးရတာတွေ ရှိတယ်။ လာဘ်ပေးလာဘ်ယူ ကိစ္စတွေကို ထိန်းဖို့ ဥပဒေပြဋ္ဌာန်းချက်တွေကို အရေးမမူဘဲ စီရင်ချမှတ်ခဲ့တဲ့ တရားရုံးတွေရဲ့ စီရင်ချက်တွေ စီရင်ထုံးတွေဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ စမ်းသပ်ခြင်း ခံရတော့မယ်လို့ ပြောခဲ့တယ်။ တိုင်းပြည်ကိုချစ်ရင် တတိယမဏ္ဍိုင်ကို မပြုပြင်ရင် မရတော့ဘူး" ဟု ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ၏ တရားစီရင်ရေး လုပ်ငန်းစဉ်များတွင် အုပ်ချုပ်ရေးပိုင်းမှ ၀င်ရောက်စွက်ဖက်မှုများ ရှိနေသေးကြောင်း၊ အထူးသဖြင့် နယ်မြို့များ၌ အုပ်ချုပ်ရေးပိုင်းတွင် တာဝန်ယူထားသူများ၏ ဆွေမျိုးသားချင်းများနှင့် ပတ်သက်သည့် အမှုများ၊ ယင်းတို့မျက်နှာ နာရသည့် ခရိုနီများနှင့် ပတ်သက်သည့် အမှုများတွင်မူ ပါဝင်ပတ်သက်မှုမှာ လက်ရှိအချိန်ထိ ရှိနေဆဲ ဖြစ်ကြောင်းလည်း သိရှိရသည်။
အခုအစိုးရသစ် လက်ထက်မှာလည်း တရားစီရင်ရေးဟာ ဘာမှပြောင်းလဲလာတာ မတွေ့ရဘဲ အုပ်ချုပ်ရေးပိုင်းက ၀င်ရောက်စွက်ဖက်မှုက ရှိနေဆဲပဲ . . .

"မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး ကဏ္ဍဟာ လက်ရှိအချိန်ထိ ဘာမှပြောင်းလဲလာတာ မတွေ့ရဘူး။ ဒါပေမယ့် လာဘ်ပေးလာဘ်ယူ ကိစ္စတွေမှာ ယူရမယ့်သူက နည်းနည်းထိန်းလာတာ တွေ့ရတယ်။ အရင်က လာဘ်မပေးရင် ဘာမှကို လုပ်မရတာ။ အခုက လာဘ်ပေးလာဘ်ယူ ကင်းသွားပြီလို့တော့ ပြောမရသေးပါဘူး။ အထူးသဖြင့် နယ်မြို့တွေမှာဆိုရင် ဘာပဲလုပ်လုပ် မြို့နယ်အုပ်ချုပ်ရေးပိုင်းက သူတွေနဲ့ တိုင်ပင်ပြီး လုပ်ရတာဆိုတော့ တရားစီရင်ရေးမှာ အုပ်ချုပ်ရေးပိုင်းက ၀င်ရောက်စွက်ဖက်မှုက နယ်တွေမှာ ပိုဆိုးပါတယ်။ မြို့ပေါ်တွေမှာတော့ အရင်ကလို နေရာတကာ ၀င်ရောက်စွက်ဖက်တာ နဲနဲသက်သာ သွားတယ်။ ဒါပေမယ့် အဲဒီအုပ်ချုပ်ရေး အပိုင်းက တာဝန်ရှိသူတွေရဲ့ သား၊ သမီးတွေနဲ့ ပတ်သက်တဲ့ အမှုတွေ၊ နောက်တစ်ခါ သူတို့မျက်နှာနာရတဲ့ အထူးသဖြင့် ခရိုနီတွေနဲ့ ပတ်သက်လာရင် အုပ်ချုပ်ရေးပိုင်းက ၀င်စွက်ဖက်တာ ရှိနေဆဲပဲ။ အခု အစိုးရသစ် လက်ထက်မှာလည်း တရားစီရင်ရေးဟာ ဘာမှပြောင်းလဲလာတာ မတွေ့ရဘဲ အုပ်ချုပ်ရေးပိုင်းက ၀င်ရောက်စွက်ဖက်မှုက ရှိနေဆဲပဲ" ဟုလည်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ၏ တရားစီရင်ရေး အခန်းကဏ္ဍတွင် အုပ်ချုပ်ရေးပိုင်းမှ ၀င်ရောက်စွက်ဖက်မှုများ ရှိနေသောကြောင့် လွှတ်တော်သို့ တင်ပြကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ သိရှိရသည်။

"တရားစီရင်ရေးမှာ အုပ်ချုပ်ရေးပိုင်းက ၀င်ရောက်စွက်ဖက် နေတာတွေကို လွှတ်တော်ကို တင်ပြဆောင်ရွက် သွားမှာပါ။ အခုလောလောဆယ်မှာ လွှတ်တော်ကို တင်ပြထားပါပြီ။ နယ်တွေမှာ အုပ်ချုပ်ရေးပိုင်းက ၀င်ရောက်စွက်ဖက်မှုတွေက ကုန်ခဲ့တဲ့ နှစ် ၅၀ ကျော်ကတည်းက ရှိနေခဲ့တာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရလည်း အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေး ကဏ္ဍဟာ ခွဲဝေကျင့်သုံး ရတာပါ။ အခုလို ၀င်ပါတယ် ၀င်ရောက်စွက်ဖက်တယ်ဆိုတာ လွတ်လပ်တဲ့ တရားစီရင်ရေးကို ထိခိုက်တယ်။ ဒီအချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိခိုက်တယ်။ တရားစီရင်ရေး၊ အုပ်ချုပ်ရေးအပိုင်းက သူတွေကိုယ်တိုင် ဥပဒေ ချိုးဖောက်နေတာမျိုး မဖြစ်သင့်ဘူး" ဟု တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

နယ်မြို့များတွင် တရားစီရင်ရေး အပိုင်း၌ အုပ်ချုပ်ရေးကဏ္ဍမှ ၀င်ရောက်စွက်ဖက် နေမှုများအပေါ် ၎င်းက "နယ်တွေမှာ ဒီလိုစွက်ဖက်မှုတွေ ရှိနေတယ်ဆိုတော့ ကျွန်တော်တို့ နယ်ကိုရောက်သွားရင် သက်ဆိုင်ရာ တရားစီရင်ရေးက သူတွေနဲ့ ကျွန်တော်တို့ တွေ့ပါတယ်။ ခေါက်ရိုးကျိုးနေတဲ့ ကိစ္စတွေ အတွက်တော့ စောင့်ကြည့်နေမှာပါ" ဟုလည်း ပြောကြားခဲ့သည်။

အမည်ဖော်မပြနိုင်သော အထက်အမိန့် လိုလားချက်အရ ရဲမင်းဦးအား ဘာသာရေးအရ သွေးထိုးလှုံဆော်မှုအဖြစ် ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၅၃ (က)ဖြင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း တရားလိုဖြစ်သူ သာကေတမြို့နယ် ရဲတပ်ဖွဲ့မှူးမှ မေ ၆ ရက် ရုံးချိန်အတွင်း စွပ်စွဲခံရသူ ရဲမင်းဦး၏ ကိုယ်စားလှယ် ရှေ့နေဖြစ်သူ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့သည်။

လက်ရှိကာလ၌ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း သာယာရေး ကော်မတီသို့ တိုင်ကြားစာ ၇၀၀၀ ကျော် ရောက်ရှိနေပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် လယ်မြေကဏ္ဍနှင့်ဆိုင်သော တိုင်ကြားစာများ အများဆုံး ရောက်ရှိနေကြောင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ အတွင်းရေးမှူး ဦးဝင်းမြင့်က မေလပထမပတ် အတွင်းက ပြောကြားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၁၁ (က) တွင် နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာ ဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းဖြင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုသည်ဟူ၍လည်း ပြဋ္ဌာန်းထားပါသည်။ 

EMG
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးအား မေ ၂၅ ရက်နေ့က တွေ့ရစဉ်

SHARE THIS
Previous Post
Next Post