ဆွဲတင်စစ် အဖွဲ့တွေကို တိုက်ခိုက်မူနဲ့ စွပ်စွဲ ဖမ်းဆီးခံရသူ ၇ ဦးကို ရုံးထုတ်

Friday, May 03, 2013

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အတွင်း လူဦးရေ စာရင်း စစ်တဲ့ (ဆွဲတင်စစ်) အဖွဲ့တွေကို လူစု လူဝေးနဲ့ တိုက်ခိုက်မူကို နောက်ကွယ်က ကြိုးကိုင်သူတွေလို့ စွပ်စွဲ ဖမ်းဆီး ခံထားရသူ ၇ ဦးကို ဧပြီလ ၃၀ ရက် အင်္ဂါနေ့က စစ်တွေမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
ရုံးထုတ်တဲ့ အထဲမှာ စစ်တွေမြို့နယ် သက်ကယ်ပြင်ရွာက ဦးကျော်မြင့်၊ သူရဲ့သား ဦးလှမြင့်နဲ့ တိရစ္ဆာန် ဆေးကု ဆရာဝန် တစ်ဦးတို့လည်း ပါဝင်တယ်လို့ ပြောပါတယ်။
သူတို့ကို လုယက်မှု (ပုဒ်မ ၃၈၂)၊ ဆူပူအုံကြွမှု ဖြစ်ပွားအောင် လုပ်ဆောင်မှု (ပုဒ်မ ၅၀၆)၊ လူစုလူဝေးဖြင့် တုတ်၊ ဓား ကိုင်ကာ အကြမ်းဖမ်မှု (ပုဒ်မ ၁၄၈)၊ တာဝန် ထမ်းဆောင်စဉ် အပြင်းအထန် ဒဏ်ရာရစေ မှု (ပုဒ်မ ၃၃၃) တို့နဲ့ အမှုဖွင့် တရားစွဲဆိုခဲ့တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူဦးရေ စာရင်းကောက်ခံမှုကို နိုင်ငံတော်အဆင့် စီမံချက်ချက်တွေနဲ့ စစ်တွေမြို့နယ် အတွင်း ဧပြီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ရာမှာ ဆူပူ အုံကြွမူ ဖြစ်အောင် ဖန်တီး လုံ့ဆော်မူတွေ ရှိခဲ့တဲ့ အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်ခဲ့ပါတယ်။
တုတ်တွေ၊ ကျောက်ခဲတွေ ကိုင်ဆောင်ထားတဲ့ ဒုက္ခသည် စခန်းတွေက မူဆလင်တွေဟာ “ ငါတို့ ဘင်္ဂလီ မဟုတ်ဘူး။ ရိုဟင်ဂျာ- ရိုဟင်ဂျာ” ဆိုပြီး လူဦးရေ စာရင်း လာကောက်တဲ့ ဆွဲတင် စစ် အဖွဲ့တွေကို တိုက်ခိုက်ခဲ့ပါတယ်။

ဆွဲ၊ တင်၊ စစ် ရဲ့ အဓိပ္ပါယ်က (မြေပုံရေးဆွဲခြင်း၊ မှတ်တမ်းတင်ခြင်း၊ လူဦးရေ စာရင်း စစ်ဆေးခြင်း) စနစ်ဖြစ်ပါတယ်။
စစ်တွေမြို့နယ် အတွင်း ဆွဲတင်စစ် လူဦးရေ စာရင်း ကောက်ခံရခြင်းမှာ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ အပြီးမှာ လူဦးရေ စာရင်း ဇယား အတိုး အလျှော့ တိကျ မှန်ကန်စွာ ရရှိရေး၊ မွေးဖွားခြင်း သေဆုံးခြင်းနဲ့ ပတ်သက်ပြီး လိုအပ်သလို စာရင်း အတိုး အလျှော့ ပြုလုပ်နိုင်ရေး၊ ဒုက္ခသည်တွေကို မိုးမကျမီ အမိုးအကာအောက် ရောက်ရှိရေး၊ ပုံမှန် စားဝတ်နေရေးနဲ့ ပြန်လည် ထူထောင်ရေး၊ ဒုက္ခသည် စခန်းတွေ အတွင်း အခြားဒေသတွေက တရားမ၀င် ရောက်ရှိလာမူ ရှိမရှိကို စစ်ဆေးနိုင်ရေးတို့ အတွက် ပြုလုပ်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုသို့ ဆွဲတင်စစ် အဖွဲ့ဝင် အစိုးရ ၀န်ထမ်းတွေ တိုက်ခိုက်ခံရပြီး နောက်ပိုင်း အဲဒီနေ့မှာဘဲ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် အပါအ၀င် အစိုးရ အရာရှိကြီးတွေဟာ အရေးပေါ် အစည်းအဝေး တစ်ရပ်ကို ပြုလုပ်ပြီး တိုက်ခိုက်မူတွေ ဖြစ်ပေါ်အောင် နောက်ကွယ်က ကြိုးကိုင်သူတွေကို ဖမ်းဆီးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်ပိုင်းမှာ ပဋိပက္ခမှုများတွင် ပါဝင်ပတ်သက်သူတွေကို လိုက်လံ ဖမ်းဆီးရာမှာ ၇ ဦးကို ဖမ်းဆီးမိပြီး အချို့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။

ဦးကျော်မြင့်ရဲ့သား ဦးလှမြင့်က ခုလို ဆူပူမူ ဖြစ်အောင် သူတို့ကြိုးကိုင် ဆောင်ရွက်တာ ဖြစ်တယ်လို့ တရားရုံးမှာ ၀န်ခံသွားတယ်လို့ စစ်တွေမြို့နယ်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောပါတယ်။

အခင်းဖြစ်ပွားစဉ်က အခြေအနေကို မှတ်တမ်းင် ရိုက်ယူထားတာ ဖြစ်ပါတယ်။ (ဓါတ်ပုံ- Coral Arakan)

နိရဉ္စရာ

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို Like လုပ်ထားပါ

SHARE THIS
Previous Post
Next Post