ပါတီ ညီလာခံ ကျင်းပရန် PNLO ပြင်ဆင်

ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO) သည် (၃) နှစ် တကြိမ် ပုံမှန် ကျင်းပသော ပါတီ ညီလာခံ အတွက် ပြင်ဆင်ရန် ဗဟို ကော်မီတီ အစည်းအဝေးကို ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့ အထိ ထိုင်းနိုင်ငံ မဲဟောင် ဆောင် ခရိုင် နယ်စပ် တနေရာတွင် ကျင်းပ နေကြောင်း ပြောခွင့် ရသူ PNLO ဥက္ကဌ ခွန်ဥက္ကာက ဆိုပါသည်။

“ ဗဟို ကော်မီတီ ၀င်က (၁၅) ဦး ရှိတဲ့ အထဲက (၁၂) ဦး တက်ပါတယ်။ အစည်းအဝေးကို (၃) ရက် ကျင်းပမယ်။ အဓိက က တော့ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘော တူထားတဲ့ အတွက် ရှေ့ဆက် ဘာတွေ ဆက်လုပ်သွားမလဲ ဆိုတာကို ဒီပုံ မှန်ညီလာခံမှာ တင်ပြနိုင်ဖို့ ဗဟို ကော်မီတီက ပြင်ဆင် သွားဖို့ပါဘဲ” ဟု ဆိုပါသည်။

PNLO ပါတီ ညီလာခံကို ယခင်က ဧပြီလတွင် ကျင်းပရန် ရာထား ခဲ့သော်လည်း ပြီးခဲ့သည့် မတ်လ (၂၃) ရက်နေ့တွင် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် ပြည်ထောင် အဆင့် ဆွေးနွေး ခဲ့ရသည်က တကြောင်း၊ ညီလာခံ တက်ရောက်ရန် လာကြ သော ပြည်တွင်းနေ ကိုယ်စားလှယ်များ အရောက် နှောင့်နှေး နေသဖြင့် ညီလာခံကို မေလ အလယ်ရက်များသို့ ပြောင်းလဲ သတ်မှတ် ခဲ့ရသည်ဟု ဆိုပါသည်။

PNLO ညီလာခံသို့ ပအို့ဝ် လူထု လူတန်းစားများ အပါဝင် သတင်းထောက်များ ကိုလည်း ဖိတ်ကြား ထားသည်ဟု ဆိုပါသည်။ သတင်းထောက်များသည် လာမည့် မေလ (၁၅) ရက်နေ့ထက် နောက်မကျစေဘဲ လာရောက် လိုအပ် ပါသည်။ အထူးသဖြင့် ပအို့ဝ် အမျိုးသား အဖွဲ့ (PNO) ကိုဖိတ်ကြားပြီးပြည်တွင်းမှပအို့ဝ် နိုင်ငံရေး အဖွဲ့လူငယ်နှင့် အမျိုးသမီး အဖွဲ့စာပေ ယဉ်ကျေးမှု အဖွဲ့များကို ဖိတ်ကြား ထားသည်ဟု ဆိုပါသည်။

ထို့အပြင် ဂျပန်နိုင်ငံမှ နိပွန် ဖောင်ဒေးရှင်း အပါဝင် ထိုင်းနှင့် ဂျပန်ပညာရေး ဖောင်းဒေးရှင်း တို့ကိုလည်းဖိတ်ကြား ထားကြောင်း ဆိုပါသည်။

ပအို့ဝ် လူမျိုးတို့တွင် အဓိက နိုင်ငံရေး ပါတီ (၂) ပါတီ ရှိသည်ဟု ဆိုပါသည်။ ၄င်းတို့မှာ ပအို့ဝ် အမျိုးသား လွတ် မြောက်ရေး အဖွဲ့ (PNLO) နှင့် ပအို့ဝ် အမျိုးသား ပါတီ (PNO) တို့ဖြစ်ကြ ပါသည်။ PNLO သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် ဖြစ်ပါသည်။ PNO သည် ပအို့ဝ် အမျိုးသား နိုင်ငံရေး ပါတီ (Pa-O National Organization) ဖြစ်ပြီး အစိုးရ၏ ကြီးကြပ်မှုဖြင့် အသွင် ပြောင်းထားသော ဌာနေ ပြည်သူ့ စစ်အဖွဲ့ ဖြစ်ပါသည်။ အစိုးရ၏ ၂၀၀၈ အခြေခံ ဥပဒေကို လက်ခံသော ရွေးကောက်ပွဲဝင် နိုင်ငံရေးပါ တီလည်း ဖြစ်ပါသည်။

ဤကဲ့သို့ အသွင် မတူကြသော်လည်း PNLO သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘော တူပြီးနောက်ပိုင်း PNO နှင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ၌ ပူးပေါင်း ဆောင်ရွက် ခဲ့ပါသည်။

“ PNLO နဲ့ PNO ဟာဖွံ့ဖြိုးရေး ကိစ္စမှာသာ ပူးပေါင်းလို့ ရမှာဖြစ်တယ်။ နိုင်ငံရေး ပါတီမှာ ပူပေါင်းလို့မရပါဘူး။ သူတို့က လွတ်တော်ထဲ ၀င်ပြီး၂၀၀၈ အခြေခံ ဥပဒေကို အသိမှတ် ပြုထားတယ်။ ကျနော်တို့က လွတ်တော်ထဲ မ၀င်ခဲ့သလို၂၀၀၈ ကိုလည်း အသိမှတ် မပြုသေးဘူး အဲဒါတွေက မတူညီတဲ့အချက်တွေပါ။” ဟုဆိုပါသည်။

PNLO ညီလာခံသည်၊ (၃) နှစ် တကြိမ် ကျင်းပသော ညီလာခံ ဖြစ်ပါသည်။ (၂၀၀၉) ခုနှစ် ဒီဇင်ဘာ၌ ပထမ အကြိမ် ကျင်းပ နိုင်ခဲ့ပြီး ဤအကြိမ်သည် ဒုတိယ အကြိမ် ကျင်းပခြင်း ဖြစ်ပါသည်။ ညီလာခံ၌ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ ခေါင်းဆောင် သစ်များ ရွေးချယ်ခြင်းနှင့် ပအို့ဝ် အမျိုးသား စည်းလုံး ညီညွတ်ရေး လုပ်ငန်း စဉ်များကို ချမျတ်ရန် အစီစဉ်ရှိ မည်ဟု ဆိုပါသည်။

ပအို့ဝ် လူမျိုး တို့သည် မြန်မာနိုင်ငံ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့တွင် အခြေချ နေထိုင် ကြပြီး လူဦးရေ (၆) သိန်းခန့် ရှိကြောင်း အစိုးရ၏ (၂၀၁၀) ရွေးကောက်ပွဲ လူဦးရေ စာရင်း အရ သိရပါသည်။

ပါတီ ညီလာခံ ကျင်းပရန် PNLO ပြင်ဆင်

မေလ ၁ ရက် ၂၀၁၃

ရွှေဟင်္သာ

SHARE THIS
Previous Post
Next Post