ဖောက်ခွဲရေး သတင်းကြောင့် ပခုက္ကူ လုံခြုံရေး တင်းကျပ်

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် အတွင်းသို့ တရုတ်နယ်စပ်မှ ဖောက်ခွဲရေးပစ္စည်းများ သယ်ဆောင် လာသော မသင်္ကာဖွယ်ရာ လူတစ်စု ဝင်ရောက် ဖောက်ခွဲမည်ဆိုသည့် သတင်းကြောင့် ပခုက္ကူမြို့နယ်တွင် လုံခြုံရေး တင်းကျပ်စွာ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ပခုက္ကူမြို့နယ်သို့ ဝင်ရောက်သည့် ကုန်းလမ်း၊ ရေလမ်းထွက်ပေါက်မှန်သမျှတွင် လူအဝင်အထွက်နှင့် ဖောက်ခွဲရေး လက်နက်ခဲယမ်းများကို စစ်ဆေးလျက်ရှိပြီး ယင်းစစ်ဆေးမှုကို ရက်အကန့်သတ်မရှိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပခုက္ကူမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ပြောကြား သည်။
ယင်းဒေသ လုံခြုံရေးဆောင်ရွက်ရာတွင် ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့နှင့် မှတ်ပုံတင်ဦးစီဌာန၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ ဝင်များက ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“စစ်ဆေးရေးတွေ လုပ်နေတာ လေးရက်လောက်ရှိပြီ။ တရုတ်ဘက်ကနေ လူ ၁၁ ယောက်က ဖောက်ခွဲရေး လက်နက်တွေ သယ်လာပြီး ပခုက္ကူက ဘုရားတွေကို ဖောက်ခွဲဖို့ ဝင်လာတယ်လို့ သတင်းကြားလို့ စစ်တယ် လို့ ပြောကြတယ်။ ရပ်ကွက်တိုင်းမှာလည်း ဧည့်စာရင်းတွေ လိုက်စစ်နေကြတယ်” ဟု ပခုက္ကူမြို့ အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သူ ဒေသခံတစ်ဦးက ဆိုသည်။
ယင်းသို့သတင်းများ ထွက်ပေါ်လျက် ရှိခြင်းကြောင့် ပခုက္ကူမြို့နယ်အတွင်း အဝင်အထွက် ဂိတ်များတွင် ယာဉ်နှင့် ခရီးသည်များကို ဖောက်ခွဲရေးလက်နက် ရှာဖွေရေးစက်များနှင့် ခန္ဓာကိုယ်အတွင်း လက်နက် ရှာဖွေရေး စက်များဖြင့် စစ်ဆေးရှာဖွေသွားမည်ဟု ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးဦးသန်းစိုးက ပြောကြား သည်။

ယင်းသို့ ပခုက္ကူမြိုနယ်သို့ ဝင်ရောက်လာသော ယာဉ်များသာမက ယာဉ်ပေါ်ပါ ခရီးသည်များကိုလည်း မှတ်ပုံတင်များ စစ်ဆေးလျက်ရှိပြီး ယင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင်ပါ ဧည့်စာရင်းများ လိုက်လံစစ်ဆေးသွားမည်ဟု ၎င်းကဆိုသည်။
The Voice

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post