ရန်ကုန်အဝေးသင်တက္ကသိုလ် www. yude. edu.mm ၀က်ဘ်ဆိုက်ထုတ်လွှင့်

ရန်ကုန် ဇန်နဝါရီ ၃

ရန်ကုန် အဝေးသင်တက္ကသိုလ် သည် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စ၍ အဝေးသင်တက္ကသိုလ်များ၏ သင်ခန်းစာပို့ချချက်များကို Internet Protocol Television System (IPTV) ဖြင့် ၂၄ နာရီ ဝက်ဘ်ဆိုက် ထုတ်လွှင့်လျက်ရှိသည်။

ကျောင်းသား ကျောင်းသူများ သည် မိမိကိုယ်ပိုင် Electronic Devices (Phone, Tablet, ipad, Laptop ) တို့ဖြင့် www. yude. edu.mm ဝက်ဘ်ဆိုက်ကိုဝင်၍ မိမိတို့နှင့် သက်ဆိုင်သော ဘာသာရပ်များကို သင်ယူလေ့လာနိုင်သည်။ အထူးပြု ဘာသာသုံးခု၏ သင်ခန်းစာအသစ် များကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ထုတ်လွှင့်ပြီး ညနေ ၅ နာရီမှ နံနက် ၁ နာရီအထိနှင့် နံနက် ၁ နာရီမှ နံနက် ၉ နာရီ အထိ တို့တွင် ပြန်လည်ထုတ်လွှင့်သွားမည်ဖြစ်သည် ဟု သိရသည်။

ထို့အပြင် ပညာသင်ဆု လျှောက် ထားခြင်း၊ စာမေးပွဲအချိန်စာရင်း၊ အောင်စာရင်း၊ ဘွဲ့နှင်းသဘင်၊ သင်တန်းများကိုလည်း အဆိုပါ ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှု နိုင်သည်။

" အဝေးသင်တက္ကသိုလ် ကျောင်း သား ကျောင်းသူတွေက ဆရာ ဆရာမ တွေ တိုက်ရိုက်သင်ကြားမှုကို အလွန် လိုချင်ကြတယ်။ တိုက်ရိုက်သင်ကြား မှုရရှိနိုင်ဖို့အတွက်၂၄ နာရီ သင်ခန်း စာပို့ချချက်တွေကို လွှင့်ထုတ်နေပါ ပြီ။ မြန်မာ့ရုပ်မြင်သံကြားက နေ့စဉ် ထုတ်လွှင့်နေတဲ့ အဝေးသင် သင်ခန်း စာပို့ချချက် ၁၅ မိနစ်နဲ့က ကျောင်း သား ကျောင်းသူတွေ အနေနဲ့က သိပ်မလုံလောက်ဘူး။ အဲဒါကြောင့် နိုင်ငံတကာ အဝေးသင်တက္ကသိုလ် တွေမှာ ဘယ်လိုလုပ်နေသလဲဆိုတာ ကြည့်လိုက်တဲ့အခါမှာ အင်တာနက် ကို အသုံးပြုပြီးတော့ Internet Protocol Television System (IPTV) နဲ့ ထုတ်လွှင့်နေတာကို တွေ့ခဲ့တယ်။

ဒီလိုမျိုး IPTV စနစ်ကိုအသုံး ပြုပြီး ကျွန်တော်တို့ ကျောင်းသား ကျောင်းသူတွေ အားလုံး ၂၄ နာရီ ကြည့်ရှုခွင့်ရလို့ရှိရင်၊ ပြဋ္ဌာန်းစာအုပ် ဖတ်လို့ နားမလည်ရင် ဆရာ ဆရာမ တွေရှင်းပြတာကို နားထောင်ပြီး နားလည်သွားမယ်။ ဒါဆိုလို့ရှိရင် ကျောင်းသား ကျောင်းသူတွေ အရည်အသွေးပိုပြီး တက်လာလိမ့် မယ်။ ဒါ့ကြောင့်မို့ အဝေးသင် ကျောင်းသား ကျောင်းသူတွေ အရည်အသွေး မြင့်မားလာဖို့နဲ့ နိုင်ငံတကာအဝေးသင်တက္ကသိုလ် နည်းတူ မြန်မာနိုင်ငံရဲ့အဝေးသင် တက္ကသိုလ်တွေကလည်း ခေတ်မီ နည်းပညာကို အသုံးပြုပြီး သင်ကြား ပို့ချနေပြီဆိုတာ ပြသနိုင်ဖို့အတွက် ဒီစနစ်ကိုအသုံးပြုပြီး ထုတ်လွှင့် ခြင်းဖြစ်ပါတယ်။

ဒီဇင်ဘာ ၁ ရက်ကစပြီး စမ်း သပ်လွှင့်တယ်။ အားနည်းချက် တွေပြန်ပြီးရှာတယ်။ လက်တော့ပ် တစ်ခုတည်းမဟုတ်ဘဲနဲ့ မိုဘိုင်းဖုန်း တွေ၊ အိုင်ပက်၊ တက်ဘလက်စသဖြင့် ဘယ်လိုပစ္စည်းနဲ့မဆို အင်တာနက် သုံးလို့ရရှိနိုင်တဲ့နေရာမှာ ကြည့်လို့ရ နိုင်အောင်ဆိုပြီး အမျိုးမျိုးစမ်းသပ် ပြီးတော့လွှင့်တာ အောင်မြင်သွား ပါတယ်။ ဇန်နဝါရီ ၁ ရက်ကစပြီး လွှင့်ပါတယ်။ တောက်လျှောက် လွှင့်သွားမှာပါ။ မြန်မာ့အသံမှာ လွှင့်နေတဲ့ ၁၅ မိနစ် သင်ခန်းစာက လည်း ဆက်လက်လွှင့်သွားမှာပါ'' ဟု ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်က ပြောသည်။

''အရင်တုန်းက အင်္ဂလိပ်လို ချည်းပဲရေးထားတဲ့ Study Guide Bookု မှာ အခု မြန်မာလိုပါ တွဲပေး တယ်။ Assignment ကို အပြင်က ထုတ်တဲ့ စာအုပ်တွေမဝယ်ပါနဲ့၊ ဒါတွေက အမှတ်ပေးစည်းမျဉ်းနဲ့ လည်း မညီပါဘူး။ ဖြေပုံဖြေနည်းကို Assignment စာအုပ်ထဲမှာ ထည့် ပေးထားတယ်။

ဒီမှာက စတူဒီယို သုံးခုရှိတယ်။ စတူဒီယို A က အသံသွင်းတာ။ ပညာရေးသုတေသန ဝင်းထဲမှာရှိတဲ့ စတူဒီယိုမှာတော့ အခုသင်ခန်းစာ တွေရိုက်ကူးပြီးတော့ ဝက်ဘ်ဆိုက် ဘက်ကို တင်တယ်'' ဟု ထုတ်လုပ် ရေးဌာနမှူး ဦးနိုင်ဝင်းက ပြောပြ သည်။

''ပထမနှစ် သင်တန်းတွေကို ဒီဇင်ဘာ ၂၉ ရက် ကစပြီး ကျောင်း အပ်လက်ခံတယ်။ သိပ္ပံဘာသာ လက်တွေ့တွေကို ဇန်နဝါရီ ၁၇ ရက်နဲ့ ၁၈ ရက်မှာ ပထမဦးဆုံး လုပ်ရပါမယ်။ သိပ္ပံလက်တွေ့တွေ မလုပ်ခင်မှာ အဝေးသင်တက္ကသိုလ် ဝက်ဘ်ဆိုက်မှာ သင်ခန်းစာတွေကို လွှင့်ထုတ်ပေးမယ်။ အဲ့ဒီသင်ခန်းစာ နဲ့အညီ လက်တွေ့တွေကျတော့ အောက်မြန်မာပြည်ဆိုရင် ၁၅ ဌာနခွဲ ရှိတယ်။ အဲ့ဒီမှာ တစ်ပြိုင်တည်း ကျောင်းသားတွေ လက်တွေ့လုပ်ရ မှာ ဖြစ်ပါတယ်။ ဒါမှသင်ခန်းစာ လည်းရ လက်တွေ့တွေလည်း တစ် ပြိုင်တည်း လုပ်နိုင်မှာ ဖြစ်ပါတယ်''ဟု သင်တန်းရေးရာဌာနမှူး ဦးအောင်ခိုင်သန်းက ပြောသည်။

''မြန်မာ့အသံမှာက ၁၅ မိနစ် ပဲရတယ်။ ကျွန်မဥပဒေဘာသာရပ် ဆိုရင် တစ်လမှာ နှစ်ကြိမ်လောက် ပဲ ထုတ်လွှင့်ပြသနိုင်တယ်။ အခု တော့ အဝေးသင်ဝက်ဘ်ဆိုက်မှာ နေ့တိုင်း အထူးပြုဘာသာသုံးခု အတွက် သင်ခန်းစာတွေ ထုတ်လွှင့် ဖို့ အစီအစဉ်လုပ်ထားပေးပါတယ်။ အစီအစဉ်ဆိုတဲ့ နေရာမှာလည်း ရက်တွေနဲ့ ဖော်ပြထားတဲ့အတွက် ဘယ်နေ့မှာ ဘယ်ဘာသာ လွှင့်တင် မလဲဆိုတာ ကြိုသိနိုင်တယ်။ အခန်း လိုက် ထုတ်လွှင့်တာဖြစ်တဲ့အတွက် သင်ခန်းစာတွေကိုစုထားပြီး အားတဲ့ အချိန်တွေမှာ သင်ခန်းစာတွေကို ပြန်လေ့လာနိုင်တယ်။ အဝေးသင် ရဲ့ သင်ကြားရေးစနစ် တစ်ခေတ် ဆန်းတဲ့အနေအထား ဖြစ်ပါတယ်''ဟု ဥပဒေပညာဌာနပါမောက္ခဌာနမှူး ဒေါက်တာ တင်မေထွန်းက ပြောကြား သည်။

''Android Version နဲ့ မဆိုင်ဘူး။ အင်တာနက်ကြည့်လို့ ရတဲ့ ဘယ်ပစ္စည်းမျိုးမဆို ထုတ် လွှင့်မှုအစီအစဉ်ကို ကြည့်လို့ရပါ တယ်။ သီးခြားSoftware ထည့် စရာမလိုဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ Internet Service Provider နှစ်ခုပဲရှိတယ်။ မြန်မာ့ဆက်သွယ် ရေးနဲ့ ရတနာပုံတယ်လီပို့ပါ။ မြန်မာ့ ဆက်သွယ်ရေး ဟံသာဝတီမှာ Server သုံးလုံးတပ်ထားတယ်။ အဲ့ဒီ ပုံစံအတိုင်း အဝေးသင်တက္ကသိုလ် မှာလည်း သုံးလုံးတပ်ထားတယ်။ Server သုံးလုံးထဲက တစ်လုံးလုံး ပျက်သွားလို့ရှိရင် ပုံစံတူတည် ဆောက်ထားတဲ့ တစ်လုံးကို အစား ထိုးတပ်ဆင်ပြုပြင်နိုင်အောင် ဝက်ဘ် ဆိုက် အကြာကြီးမရပ်ဆိုင်းဘဲ ဆက်လက်ထုတ်လွှင့်နိုင်အောင်လို့ စီစဉ်ထားပါတယ်''ဟု Winner Company နည်းပညာမန်နေဂျာ ဦးကျော်ကျော်ဝင်းက ပြောပြခဲ့ သည်။

ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် အောက်တွင် ၁၉၇၅-၁၉၇၆ ပညာသင်နှစ်မှစ၍ တက္ကသိုလ် စာပေးစာယူ သင်တန်းကို စတင်ဖွင့် လှစ်ခဲ့သည်။ ၁၉၈ဝ တွင် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်အောက်မှ ခွဲထွက်ပြီး ပညာရေးဝန်ကြီးဌာန အောက်တွင် တက္ကသိုလ်စာပေးစာယူ သင်တန်းအဖြစ် သီးခြားတက္ကသိုလ် တစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ ၁၉၉၂ ခုနှစ် ဇူလိုင်လတွင် တက္ကသိုလ် စာပေးစာယူအဆင့်မှ ရန်ကုန် အဝေးသင်တက္ကသိုလ်အဖြစ် တိုးချဲ့ ဖွင့်လှစ်ခဲ့သည်။ ၁၉၉၈ ခုနှစ် မေလ တွင် မန္တလေးအဝေးသင်တက္ကသိုလ် ကို တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ရန်ကုန် အဝေးသင်တက္ကသိုလ်တွင် အောက် မြန်မာပြည် အဝေးသင်ဌာနခွဲ ၁၅ ခု ရှိပြီး မန္တလေးအဝေးသင်တက္ကသိုလ် တွင် အထက်မြန်မာပြည် အဝေး သင်ဌာနခွဲ ၂ဝ ရှိသည်ဟု သိရှိရ သည်။

၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက် တွင် လွှင့်တင်သော ဝက်ဘ်ဆိုက်မှ သင်ရိုးများသည် အဝေးသင် ကျောင်းသား ကျောင်သူများအတွက် သာမက နေ့သင်တန်း ကျောင်း သား ကျောင်းသူတို့၏ သင်ရိုးများ နှင့်လည်းတူညီသဖြင့် မည်သည့် ကျောင်းသားမဆို မိမိနှင့်သက်ဆိုင်ရာ ဘာသာရပ်များကို လေ့လာသင်ယူ နိုင်မည်ဖြစ်သည်။


Posted via Blogaway

SHARE THIS
Previous Post
Next Post