မြေဖြူအစား သေနတ်ကိုင်ခဲ့သူ ဒေါ်စောမြရာဇာလင်းနှင့် တွေ့ဆုံခြင်း

လွန်ခဲ့တဲ့ ၂၄ နှစ်က ရခိုင်ပြည်နယ်ကနေ လက်နက်ကိုင်ပြီး ဦးဆောင်တော်လှန်ခဲ့သူတွေထဲမှာ အမျိုးသမီးတစ်ဦးလည်း ပါဝင်ပါတယ်။ အဲ့ဒီနောက် သူဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ခွာသွားပြီး ပြည်ပကနေ ဆက်လက်တော်လှန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်ကျော်က အရပ်သားအစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်းမှာတော့ငြိမ်းချမ်းရေးအတွက်ဖိတ်ခေါ်မှုကြောင့် မြန်မာနိုင်ငံကို ပြန်ဝင်လာပါတယ်။ အခုတော့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုတွေမှာ သူ့ကို ပြန်လည်တွေ့မြင်ကြရပါပြီ။ ကြမ်းတမ်းတဲ့ဘ၀အလှည့် အပြောင်းများစွာနဲ့ စိတ်ဓာတ်တည်ကြည်ခိုင်မာတဲ့ အဲ့ဒီအမျိုးသမီးကတော့ ရခိုင် အမျိုးသမီးခေါင်းဆောင် ဒေါ်စောမြရာဇာလင်းပါ။ တစ်ချိန်က မြေဖြူကိုင်တဲ့ ဆရာမဘ၀ကနေ သေနတ်ကိုင်ခဲ့သူဖြစ်သလို ခုချိန်မှာ ကျည်ဆန်များအစား ငြိမ်းချမ်းရေးပန်းပွင့်ဖို့ ကြိုးစားနေသူ ဒေါ်စောမြရာဇာလင်းကို အခုလို တွေ့ဆုံမေးမြန်းထားပါတယ်။



အမေး။ ။ ပထမဦးဆုံးအနေနဲ့ ဆရာမ မြန်မာနိုင်ငံကို ဘယ်အချိန်မှာ ပြန်ရောက်လာသလဲ သိပါရစေ။

အဖြေ။ ။ ပြည်ပမှာ၂၄ နှစ်နေခဲ့ပါတယ်။ ၂၀၁၂ ခု သြဂုတ်လ၂၆ ရက်နေ့မှာ ကျွန်မရခိုင်ပြည်ကို ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ ပြန်ဝင်လာပါတယ်။ ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက်မှာပေါ့။

အမေး။ ။ အခုဆိုရင် ကိုယ့်နိုင်ငံတွင်းမှာပဲ ကိုယ့်နိုင်ငံအရေးကို လုပ်ခွင့်ရပြီပေါ့။ အဲ့ဒီတော့ ပြည်ပကနေ နိုင်ငံရေးလုပ်ရတာနဲ့ ပြည်တွင်းမှာ နိုင်ငံရေးပြန်လုပ်တာ ဘယ်လိုကွာခြားပါသလဲ။

အဖြေ။ ။ အဲ့ဒါက နှစ်မျိုးရှိပါတယ်။ ပြည်ပမှာကျတော့ ဖမ်းဖို့ဆီးဖို့ကြောက်ရတာမရှိဘူး။ ကျွန်မတို့က သံရုံးတွေမှာ သွားပြီးတော့ဆန္ဒပြလိုက်၊ ပြီးလို့ရှိရင် ဘင်္ဂလာဒေ့ရှ်နိုင်ငံက သင့်တော်ရာနေရာတစ်ခုခုမှာ သတင်းသမားတွေ စုဝေးတဲ့နေရာမှာ သွားပြီးတော့ဆန္ဒပြလိုက် စသဖြင့် ကျွန်မတို့လုပ်ရတာတော့ စိုးရိမ်မှုကင်းတယ်။ အဲ့ဒီတော့ ပြည်ပမှာနေပြီးတော့လုပ်ရတာ ဘယ်တစ်ခုက အခက်အခဲရှိသလဲဆိုလို့ရှိရင် ကျွန်မတို့လုပ်နေတာတွေကို ပြည်သူတွေက မျက်ဝါးထင်ထင်မမြင်ရဘူး။ သတင်းမှာပဲ ဖတ်ရတယ်။ ပြည်တွင်းထဲကို ရောက်လာတဲ့အချိန်မှာတော့ ကျွန်မတို့က ပြည်သူနဲ့ တိုက်ရိုက်ဆုံတွေ့ခွင့်ရတယ်။ အဲ့ဒါကတော့ ကျွန်မတို့အတွက် အင်မတန်ကောင်းတဲ့ အခွင့်အရေးပဲလို့ ကျွန်မမြင်ပါတယ်။ အဲ့ဒါကတော့ ပြည်ပမှာ လှုပ်ရှားတဲ့ အနေအထားနဲ့ ပြည်တွင်းမှာ လှုပ်ရှားတဲ့ အနေအထားရဲ့ ကွာဟချက်ပါ။

အမေး။ ။ ဆရာမ ပြည်ပမှာ နေထိုင်ခဲ့တဲ့ ၂၄ နှစ်အတွင်းမှာ ဘယ်လောက်အတိုင်းအတာထိ လုပ်နိုင်ခဲ့သလဲဆိုတာ သိပါရစေ။

အဖြေ။ ။ ပထမဦးဆုံးပေါ့နော်… ၁၉၈၈ ခုဒီမိုကရေစီအရေးခင်းမှာ ကျွန်မကို နည်းလမ်းမျိုးစုံနဲ့ ဖမ်းဖို့၊ ဆီးဖို့၊ သတ်ဖို့ စသည်အားဖြင့် ခြိမ်းခြောက်မှုတွေပေါင်းစုံနဲ့ ကြုံတဲ့အခါမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို သွားဖို့အတွက်ကျွန်မ ဆုံးဖြတ်လိုက်တယ်။ ပြီးလို့ရှိရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံပြီးတော့မှ ပထမဦးဆုံး လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းမှာ ဝင်လိုက်တယ်။

ရခိုင်အမျိုးသားညီညွတ်ရေးတပ်ဦးလို့ခေါ်တယ်။ သုံးနှစ်လောက်ကြာပြီးတဲ့နောက်မှာတော့ ကျွန်မဟာ ပြည်ပနိုင်ငံတွေကို ထွက်ဖို့အတွက် ကြိုးစားတယ်။ ဒီလိုနဲ့ ကျွန်မထိုင်းနိုင်ငံကို ၁၉၉၁ ခု ဧပြီလမှာ ရောက်သွားတယ်။ ပြီးလို့ရှိရင် ထိုင်းနိုင်ငံနယ်စပ်မှာရှိနေတဲ့ အဖွဲ့အစည်းပေါင်းစုံကို ကျွန်မလေ့လာတယ်။ ဒီလိုနဲ့ပဲ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုမှာ အမျိုးသမီးတွေပါဝင်လာဖို့ လိုအပ်တယ်ဆိုတဲ့ အမြင်တွေနဲ့ အမျိုးသမီး အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းဖို့ကြိုးစားတယ်။ ကျွန်မ ကိုးနှစ်လောက်ကို ဖြတ်သန်းတယ်။ မအောင်မြင်ခဲ့ဘူး။ ဒါပေမယ့် အကြောင်း တစ်ခုရှိလာတာက ၁၉၉၅ ခုမှာ ကျွန်မက တရုတ်နိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့အမျိုးသမီးများညီလာခံကို တက်ခွင့်ရလိုက်တယ်။  အဲ့ဒီညီလာခံက ကျွန်မကို အများကြီးတွန်းအားပေးလိုက်သလိုဖြစ်တယ်။ ဒီလိုနဲ့ပဲ ကျွန်မက ၁၉၉၈ ခုမှာ ရခိုင်အမျိုးသမီးများအစည်းအရုံးကို စတင်ဖွဲ့စည်းတယ်။ ပြီးလို့ရှိရင် ၁၉၉၉ ခုမှာပဲ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဖွဲ့စည်းတယ်။ ဒီလိုတစ်ဖက်မှာ အမျိုးသမီးတွေ စွမ်းရည်မြင့်မားလာဖို့၊ အမျိုးသမီးတွေ နိုင်ငံရေးမှာ တက်ကြွတဲ့သူတွေအဖြစ် ပါဝင်လာဖို့၊ အမျိုးသမီးတွေ ခေါင်းဆောင်နေရာရလာဖို့အတွက် ကြိုးစားရင်းနဲ့ပဲ တစ်ဖက်မှာ တိုင်းရင်းသားလူမျိုးများကောင်စီမှာ ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့တယ်။ ကျွန်မတို့လျှောက်လှမ်းနေတဲ့ တော်လှန်ရေးခရီးကတော့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပေါ့။

အမေး။ ။ အဲ့ဒီကာလတွေအတွင်းမှာ ဆရာမဘယ်လိုအခက်အခဲတွေ တွေ့ခဲ့ရလဲ၊ဘယ်လိုအတွေ့အကြုံတွေ ရခဲ့လဲဆိုတာလည်း ပြောပြပေးပါရှင့်။

အဖြေ။ ။ ၁၉၈၈ ခု၊ သြဂုတ်လ၉ ရက်မှာ ကျွန်မတော်လှန်ရေးကို ပွင့်ပွင့်လင်းလင်းလုပ်လာတယ်။ ဒီမတိုင်ခင်ကလည်း မြေအောက်လှုပ်ရှားမှုတွေ ရှိပါတယ်။ ကျွန်မစိတ်ထဲမှာ ဘယ်လိုခံစားချက်ရှိသလဲ ဆိုလို့ရှိရင် တော်လှန်ရေးရဲ့ သဘောသဘာဝဟာ ပန်းခင်းတဲ့လမ်းမဟုတ်ဘူး။ ကြမ်းတမ်းမယ်၊ ခက်ထန်မယ်ဆိုတာကို ကျွန်မလုံးဝသိတယ်။ လက်တွေ့နယ်ပယ်မှာ တကယ်ကြုံလာတဲ့အခါ  အခက်အခဲတွေရှိတယ်။ကျွန်မမှာပါတဲ့ အ၀တ်အစားတွေကလေ သုံးထည်လောက်ပဲရှိတယ်။ ခြုံစောင်မလုံလောက်ဘူး။ အဲ့ဒီတော့ ကျွန်မက နေ့ခင်းပိုင်းမှာဆိုရင် ထင်းခွေတယ်။ ထင်းတုံးတွေကို စုထားရတယ်။ အဲ့ဒီထင်းတုံးကို မီးမွှေးပြီးတော့မှ ညအိပ်ရတဲ့ဘ၀လည်း တော်လှန်ရေးထဲမှာ ကြုံရတယ်။ တစ်ခါတစ်ခါ ဖျားနာလာလို့ရှိရင် ကျွန်မကိုကူမယ့်လူက အနီးအနားမှာ မရှိဘူး။ ကျွန်မရဲ့လုံခြုံရေးအရ အမျိုးသားတွေလည်း ကျွန်မရဲ့ တဲလေးတွေကိုလာခွင့်မရှိဘူးလေ။ အဲ့လိုဆိုတော့ ကျွန်မက နေမကောင်းလို့ရေဆာလာတဲ့အချိန်မှာ ထလို့မရတဲ့ အနေအထားတွေမှာဆိုလို့ရှိရင် တအားအခက်အခဲကြုံတယ်။ အဲ့လိုအခက်အခဲပေါင်းများစွာကို ကျွန်မ သုံးနှစ်နီးပါးလောက် ဖြတ်သန်းခဲ့ရတယ်။ဒါပေမယ့် ကျွန်မက လက်နက်ချပြီး ပြည်တွင်းကို ပြန်ဝင်လာဖို့ကို ဘယ်တော့မှ မကြိုးစားခဲ့ဘူး။

အမေး။ ။ အဲ့ဒီမတိုင်မှာ မူလတန်းပြဆရာမလို့ သိရပါတယ်။ အဲ့ဒီတုန်းကအကြောင်းလေးတွေလည်း သိပါရစေ။

အဖြေ။ ။ ဟုတ်ပါတယ်။ ကျွန်မမိဘနှစ်ပါးပေးခဲ့တဲ့ နာမည်ဖြစ်တဲ့ မြအေးသိန်းနာမည်နဲ့ ကျွန်မကျောင်းဆရာမ ဖြစ်ခဲ့တယ်။ ပထမဆုံးကတော့ မူလတန်းဆရာမလုပ်တယ်။ပြီးတော့ မူလတန်းကျောင်းအုပ်လုပ်တယ်။ ပြီးမှပဲ အလယ်တန်းဆရာမလုပ်တယ်။ နိုင်ငံကမထွက်ခင်မှာတော့ တွဲဖက်အထကမှာ ကျွန်မစာပြနေခဲ့တာပေါ့။ အဲ့ဒီတုန်းကတော့ ကျွန်မက ဆံပင်အရှည်ကြီးနဲ့ တကယ့်ကိုမြန်မာ့ယဉ်ကျေးမှုကို ထိန်းထိန်းသိမ်းသိမ်းနေတဲ့၊ အင်္ကျီလက်ရှည်တွေဝတ်တဲ့ ကျောင်းဆရာမ တစ်ယောက်ပေါ့။ တော်တော်ကို မြန်မာဆန်ဆန်ရှိပါတယ်။

အလှူအတန်းတွေလည်း ရက်ရောတယ်။ အများအားဖြင့်ဆိုရင် ဒီနေ့ခေတ်စကားနဲ့ ပြောရမယ်ဆိုလို့ရှိရင် Social Work ကို အရမ်းစိတ်ဝင်စားတဲ့ ဆရာမတစ်ယောက် ဖြစ်ခဲ့ပါတယ်။ မှန်းခဲ့တာကတော့ မြန်မာစာဆရာမကြီးတစ်ယောက် ဖြစ်ဖို့ပဲ။ စာပေလည်း ၀ါသနာပါတယ်။ ကဗျာတွေ၊ ၀တ္ထုတွေ ရေးတယ်။ အနု၊  အရွတွေကို အင်မတန်မှ စိတ်ဝင်စားပါတယ်။ ဒါပေမယ့် နာမည်အတော်ရတဲ့ အဆင့်ထိတော့ မရောက်ခဲ့ဘူး။ ငယ်ငယ်တုန်းကလည်း နွံနစ်ပန်းလေး မနွမ်းစေချင် ဝတ္ထုနဲ့ ဆုရဖူးပါတယ်။

အမေး။ ။ ဆရာမက တစ်ချိန်ကလက်နက်ကိုင်ပြီးတော့ တော်လှန်ရေးလုပ်တယ်။ ခုချိန်မှာတော့ ငြိမ်းချမ်းရေး ကိစ္စရပ်တွေကို လုပ်တာပေါ့နော်။ ငြိမ်းချမ်းရေးကိစ္စလုပ်နေတဲ့အပိုင်းလေးကိုလည်း ပြောပြပေးပါဦးရှင့်။

အဖြေ။ ။ ကျွန်မကတော့ အမျိုးသမီးကိစ္စနဲ့ ငြိမ်းချမ်းရေးကိစ္စကို တစ်ဖက်နဲ့တစ်ဖက်ဒွန်တွဲပြီးတော့ လုပ်ပါတယ်။ ငြိမ်းချမ်းရေးကို ထဲထဲဝင်ဝင်ပါလာတာကတော့ ၂၀၁၃ ခု NCCT ကို ဖွဲ့လိုက်တဲ့အချိန်အခါမှာပါ။တိုင်းပြည်အတွက်လူမျိုးအတွက်ကို ကျွန်မ စဉ်းစားလာတာကတော့ စစ်မြေပြင်မှာ စစ်တိုက်နေဖို့ထက် နိုင်ငံရေးကို စားပွဲပေါ်မှာတင်ပြီးတော့ ဆွေးနွေးခွင့်ရလာတယ် ဆိုလို့ရှိရင် ဒါကိုကျွန်မ ပိုသဘောကျတယ်။ အဲ့ဒါကြောင့်မို့လို့ပဲ အခုငြိမ်းချမ်းရေး Process မှာ ကျွန်မအနေနဲ့ ထဲထဲဝင်ဝင်လုပ်နေတာ ဖြစ်ပါတယ်။ ဒီနေ့အချိန်မှာ စဉ်းစားလာတာက စစ်ကိုစစ်နဲ့ဖြေရှင်းနေလို့တော့ ဘယ်တော့မှပြီးမှာ မဟုတ်ဘူး။

တိုင်းပြည်က ဒီမိုကရေစီ ပြောင်းလဲရုံ ကာလပဲရှိသေးတယ်။  ပြောင်းလဲကာစ အနေအထားလောက်ပဲ ရှိသေးတယ်။ အဲ့ဒီနည်းနည်းပြောင်းတာကို များများပြောင်းလာနိုင်ဖို့အတွက် ကျွန်မတို့က နိုင်ငံတကာအတွေ့အကြုံနဲ့ ဆက်စပ်ပြီးတော့မှ စဉ်းစားရမှာဖြစ်တယ်။ အဲ့ဒါကြောင့်မို့လို့ လှုပ်ရှားမှုတွေဆိုရင် သတိရှိရှိနဲ့ လှုပ်ရှားဖို့လိုတယ်။

အမေး။ ။ အခုလတ်တလောမှာမြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ အခြေအနေ ဘယ်လိုရှိတယ်လို့ ထင်ပါသလဲရှင့်။

အဖြေ။ ။ ရခိုင်အမျိုးသမီး အဖွဲ့အစည်း ခေါင်းဆောင်တစ်ယောက်အနေနဲ့ သုံးသပ်ပေးစေချင်ပါတယ်။ အမျိုးသမီးတွေကတော့ ၂၀၁၂ ခုရဲ့နောက်ပိုင်းမှာ တော်တော်တက်တက်ကြွကြွတော့ ပါလာကြတယ်။ ဒါပေမယ့် ဒီတက်ကြွလှုပ်ရှားမှုများအားလုံးသည် နိုင်ငံတကာနဲ့ညီတဲ့ လှုပ်ရှားတက်ကြွမှုမျိုးဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်။ ဥပမာ-နိုင်ငံရေးပါတီတွေမှာ ဆိုလို့ရှိရင် အမျိုးသမီးတွေတအားနည်းနေတယ်။ ဒီနှစ်မှာတော့ ဘယ်လောက်ရွေးချယ်ကြမလဲ မသိသေးဘူး။ ပါလီမန်ထဲမှာဆိုလို့ရှိရင်လည်း အမျိုးသမီးတွေ တအားနည်းနေတယ်။

အမျိုးသမီးတွေ တော်တော်များများပါလာဖို့အတွက်ကို ကျွန်မတို့ကတွန်းအားပေးနေတယ်။ ၂၀၁၂ ခုရဲ့နောက်ပိုင်းမှာတော့ အမျိုးသမီးကွန်ရက်တွေ ဖွဲ့ပြီးတော့မှပဲ အမျိုးသမီးတွေဟာ လှုပ်ရှားမှုတွေမှာ တော်တော်ပါလာကြတာတော့ အားရစရာတော့ရှိပါတယ်။ ဒါပေမယ့် အများကြီးသင်တန်းတွေ လိုသေးပါတယ်လို့ ကျွန်မမြင်တယ်။

အမေး။ ။ ဆရာမရဲ့ မိသားစုဘဝ အကြောင်းလေးလည်း သိပါရစေ။

အဖြေ။ ။ ပင်ကိုယ်မိသားစုကလေ ကျွန်မကို မွေးဖွားလိုက်တဲ့ မိဘနှစ်ပါးနဲ့ ကျွန်မတစ်ယောက် သုံးယောက်ပဲရှိပါတယ်။ အခုလောလောဆယ်မှာတော့ ကျွန်မက ဘင်္ဂလားဒေ့ရှ်မှာ အိမ်ထောင်ကျပြီးတော့ သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားလျက်ရှိပါတယ်။ သူက ဘင်္ဂလားဒေ့ရှ်နိုင်ငံဖွား ရခိုင်တစ်ယောက်အနေနဲ့ ကျွန်မကို အများဆုံး နားလည်ပေးနိုင်တဲ့လူ ဖြစ်တယ်။ ကျွန်မနဲ့ အိမ်ထောင်ကျတဲ့ အချိန်ကဆိုရင် တအားဆင်းဆင်းရဲရဲ ဘ၀ကိုစရတာလေ။

အမေး။ ။ နိုင်ငံရေး ကိစ္စရပ်တွေကို လုပ်ဆောင်နေတဲ့အခါမှာ မိသားစုကကော ဆရာမအပေါ်မှာ ဘယ်လိုသဘောထားပါသလဲ။ အားပေးကူညီမှုရော ရှိပါသလား။

အဖြေ။ ။ တစ်ခါတစ်ခါတော့ အခက်အခဲရှိပါတယ်။ ကျွန်မကနိုင်ငံရေးထဲမှာ ဇောင်းပေးပြီးနေနေရတဲ့အချိန်မှာ ကလေးတွေကို အမေနဲ့ကလေးထိန်းနဲ့ထားရတဲ့အခြေအနေလည်းရှိတယ်။ ပြီးလို့ရှိရင် ကျွန်မရဲ့အမျိုးသား ကိုယ်၌ကလည်း ဒီနိုင်ငံရေးထဲမှာ မလုပ်ပေမယ့်လို့ လူမှုရေးတအားလုပ်တယ်။ သူလည်းခရီးထွက်ရတယ်။ ကျွန်မလည်းခရီးထွက်ရတယ်။ တစ်ခါတစ်ခါ ကျွန်မနဲ့သူနဲ့ ထမင်းပွဲ မဆုံနိုင်တာတွေလည်း အများကြီးရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်ရတာပေါ့။ တစ်ခါတစ်ခါ ပဋ္ဋိပက္ခတွေလည်း အများကြီးရှိတယ်။ တစ်ခါတစ်ခါ သားလေးက ကျွန်မကိုပြောတယ်။ အမေကတော့ သားသမီးတွေကိုတောင် သတိရပါရဲ့လား။

နိုင်ငံခြားမှာချည်းပဲ အနေများတယ်ဆိုပြီးကလေးတွေရဲ့ ငြိုငြင်မှုကိုလည်းခံရတယ်။ ဒါပေမယ့် အမေတစ်ယောက်အနေနဲ့ ကလေးတွေကို အမြဲတမ်းသတိရနေတယ်။ အိမ်ကိုသတိရနေတယ်။ ဒါပေမယ့် နိုင်ငံရေးက မပြီးဆုံးသေးဘူး။ အများအားဖြင့် အခုလို ငြိမ်းချမ်းရေးအတွက် လှုပ်ရှားနေတဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ်မှာ အများဆုံး လတစ်လမှာနေရရင်တစ်ပတ်ပဲ။ နောက်ပြီးလို့ရှိရင် ထိုင်းနိုင်ငံကိုသွားလိုက် မြန်မာနိုင်ငံကို ပြန်လာလိုက်ပေါ့။ အများအားဖြင့်တော့ ကျွန်မမြန်မာနိုင်ငံမှာ အချိန်ပေးတာများပါတယ်။ တကွဲတပြားစီပါပဲ။

အမေး။ ။ ဒီလိုအခြေအနေမျိုးမှာ ဆရာမရဲ့ သားနဲ့သမီးကို ဘယ်လိုပြုစုပျိုးထောင်ပါသလဲ။

အဖြေ။ ။ Gender Equality ကိုသွားတာပေါ့။ မိစဉ်ဖလာအရဆိုလို့ရှိရင် သမီးလေးကို ဦးစားမပေးကြဘူး။ သားလေးကျလို့ရှိရင် မြှောင်ပင့်တဲ့သဘောရှိတယ်။ ဒါပေမယ့် ကျွန်မက အဲ့လိုမျိုးမသွားဘူး။ သမီးနဲ့သားကို မျှမျှတတပဲသွားတယ်။ ဥပမာအိမ်သန့်ရှင်းရေးလုပ်တာက သမီးကတစ်ခန်းလုပ်တယ်ဆိုရင် သားကတစ်ခန်းလုပ်ပေါ့။ ကျောင်းသွားဖို့ဆိုရင်လည်းပဲ နှစ်ယောက်စလုံးကို အပြည်ပြည်ဆိုင်ရာ ကျောင်းတွေမှာ ထားမယ်ဆိုရင်လည်း နှစ်ယောက်စလုံးကို ထားနိုင်ဖို့ကျွန်မကြိုးစားတာပေါ့။ မခွဲခြားဘူး။

အမေး။ ။ နိုင်ငံရေး ကိစ္စတွေကို လုပ်နေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ သာမန်အိမ်ထောင်ရှင် အမျိုးသမီး တစ်ယောက်ကြားထဲမှာရှိတဲ့ ကွာခြားချက်တွေကို ဘယ်လိုမြင်ပါသလဲရှင့်။

အဖြေ။ ။ တအားကွာပါတယ်။ ဘာလို့လဲဆို အိမ်ထောင်သည် အမျိုးသမီး တစ်ယောက်အနေနဲ့ အိမ်မှုကိစ္စလောက် လုပ်ဖို့ကိုပဲ စိတ်အားသန်တယ်။ ကျွန်မတို့ကျတော့ လုပ်ငန်းတစ်ခုကို ဒွန်တွဲပြီးတော့ စဉ်းစားရတယ်။ တစ်ခါတစ်လေကျတော့ မိခင်တစ်ယောက်အနေနဲ့ ကလေးတွေအတွက်ကို အိပ်ယာကထထချင်း စဉ်းစားရတယ်။ပြီးတော့အိမ်ထောင်သည်ဖြစ်တဲ့အတွက် သားလင်ရဲ့ကိစ္စတွေကိုစဉ်းစားရတယ်။ တစ်ဖက်မှာနိုင်ငံရေး ကိစ္စကိုကြိုးစားရတယ်။ အဲ့ဒီတော့ ဝန်ထုပ်ဝန်ပိုး တအားကြီးဖြစ်တယ်။

အမေး။ ။ အမျိုးသမီးထုကို ဆရာမ ဘာပြောချင်ပါသေးလဲရှင့်။

အဖြေ။ ။ ကျွန်မ အမျိုးသမီးထုကို ပြောချင်တာကလေ ကျွန်မရဲ့ ဖြတ်သန်းမှုဘ၀တွေကို နားထောင်ပြီးတော့ ကြောက်လန့်ပြီးတော့ ငြီးငွေ့ မသွားဖို့ပေါ့နော်။ တော်လှန်ရေး၊ နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ထိုက်တန်တဲ့ အလုပ်ဖြစ်တယ်။ နိုင်ငံမှာနေတဲ့လူတိုင်းဟာ နိုင်ငံရေးကို စိတ်ဝင်စားဖို့တော့ လိုတယ်။ နိုင်ငံရဲ့တိုးတက် ကောင်းမွန်ဖို့ နိုင်ငံရေးပြောင်းလဲဖို့ဆိုတာ လူတိုင်းကလုပ်ပေးရမယ့် တာဝန်ရှိတယ်။ လုပ်နိုင်ရည်စွမ်းအားရှိတဲ့ အမျိုးသမီးများစွာ ပေါ်ထွန်းလာဖို့အတွက် ကြိုးစားကြပါ။

From-Mizzima



SHARE THIS
Previous Post
Next Post