ရက္ခိုင့်​တပ်​မ​တော်​ AA အ​ပေါ်ထားရှိ​သော ရခိုင်​ဝန်​ကြီးချုပ်​၏သ​ဘောထားအမြင်

ရခိုင်ပြည်နယ်တွင်း လက်​ရှိအခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း ပေါ်ပေါက်နေသည့် တိုက်ပွဲများနှင့်​ ရက္ခိုင့်​တပ်​မ​တော်​ AA အ​ပေါ်ထားရှိ​သော ရခိုင်​ပြည်​နယ်​ ဝန်​ကြီးချုပ်​ဦး​မောင်​​မောင်​အုန်း၏ သ​ဘောထားအမြင်​များကို သိရှိ​စေရန်​ တင်​ပြ​ပေးလိုက်​ပါသည်​။

မေး - ပထမဆုံးမေးချင်တာက ရခိုင်ပြည်နယ်တွင်းမှာ လတ်တလော ဖြစ်နေတဲ့ အခြေအနေပါ။ အစိုးရ တပ်တွေနဲ့ AA နဲ့ ဖြစ်တဲ့ ပြဿနာမှာရော ဘယ်လို ကိုင်တွယ်မလဲ။
ဖြေ - AA နဲ့စဖြစ်တဲ့ အချိန်မှာ အမေရိက သွားဖို့ဖြစ်နေပြီ ဆိုတော့ တောက်လျှောက်က ဟိုမှာပဲ ဖြစ်နေပြီ။ ဟိုမှာပဲ အလုပ်တွေက ရှုပ်နေတော့ အခု ပြန်မှပဲ တေ့တေ့ဆိုင်ဆိုင် ပြန်ကိုင်တွယ်ရမှာပါ။ မသွားခင်တုန်းက မှာခဲ့တာတွေ ရှိတယ်။ မနေ့က ရောက်ရောက်ချင်း သတင်းပို့ချက်အရတော့ လက်နက် ၁၃ လက်နဲ့ လူ ၁၂ ယောက် ဖမ်းမိထားတယ်လို့ သိရတယ်ပေါ့။ ၀န်ကြီးဦးအောင်မင်းနဲ့ ကိုယ်တို့ ရခိုင်ညီလာခံမှာ AA ရော ALP  နဲ့ ပေါင်းပြီး ငြိမ်းချမ်းရေးစကားပြောဖို့ ကမ်းလှမ်းခဲ့တယ်။ ခုချိန်ထိတော့ ငြိမ်းချမ်းရေး စကားပြောတဲ့ အထဲမှာ မပါဘူး။ အခုကျမှ ရောက်လာတယ်၊ လှုပ်ရှားတယ်၊ စည်းရုံးတယ်ဆိုတော့ ရည်ရွယ်ချက် ဘယ်လိုရှိသလဲဆိုတာ မပြောနိုင်ဘူးပေါ့။ ပေါင်းလည်းမပေါင်းချင်ဘူး၊ သီးခြားနေတယ် ။ အခုသွားနေတာကလည်း ဒီမိုကရေစီ ထာဝရ ငြိမ်းချမ်းရေး ဆိုတော့ မေးချင်တာတစ်ခုက လက်နက်ကိုင်ပြီးတော့မှ ဘာများ ဆန့်ကျင်ဖို့ လိုသေးလဲလို့ မေးချင်ပါတယ်။

မေး- AA အနေနဲ့ အစိုးရ ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာလည်း မပါသေးဘဲ သီးခြားဖြစ်နေတဲ့ အဖွဲ့ ဖြစ်တယ်။ သို့သော် သူတို့နဲ့ အခု တပ်မတော်နဲ့လည်း ထိပ်တိုက် ဖြစ်လာတယ်ဆိုတော့ ရခိုင်ဝန်ကြီးချုပ်အနေနဲ့ ကြားကနေပြီး ညှိနှိုင်းပေးဖို့ကော အစီအစဉ် ရှိပါသလား။

ဖြေ- ရခိုင်ပြည်သူအနေနဲ့ ကတော့ ရခိုင့်တပ်မတော်ဆိုတာ လူမျိုးစွဲတော့ ရှိတာပေါ့။ ဒါလည်း လက်ခံပါတယ်။သို့သော်လည်း နိုင်ငံရေးအရပြောရရင်လက်နက်ကိုင်အဖွဲ့ တစ်ခုအနေနဲ့ ဥပဒေနဲ့ အညီ လုပ်ဖို့ မလိုဘူးလား။
ယနေ့ သွားနေတာ အမျိုးသားနိုင်ငံရေး။ အမျိုးသားရေးနဲ့ နိုင်ငံရေး ပေါင်းစပ်ရမယ်။ ရခိုင်တိုင်းရင်းသားတွေကတော့ဗျာ။ အမျိုးသားနိုင်ငံရေးမှာ အမျိုးသားရေးကိုပဲ ကြည့်နေတယ်။ နိုင်ငံရေးကို မကြည့်ဘူး။ ဒီလို မကြည့်ဘူး၊ မသိဘူးဆိုရင် မအောင်မြင်နိုင်ဘူး။ AA နဲ့ ပတ်သက်ပြီးပြောရရင်လည်း
ပြေပြေလည်လည် ဖြစ်စေချင်ပါတယ်။ ဥပဒေအတိုင်းပဲ သွားချင်တယ်။ ကိုယ့်အနေနဲ့ကတော့ နိုင်ငံတော်ရဲ့မူဝါဒ အတိုင်းပဲသွားပါ့မယ်။ ယနေ့ တပ်မတော်ဘက် ဆောင်ရွက်ချက်တွေကိုလည်း ထောက်ခံပါတယ်။ သို့သော်လည်း ကိုယ့်ဒေသအတွင်းမှာ တည်ငြိမ်အောင်အတတ်နိုင်ဆုံး ဥပဒေဘောင်အတွင်းက ကြိုးစားဆောင်ရွက်သွားပါ့မယ်။

မေး - AA နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းထားတဲ့ သူတွေ အပေါ်မှာကော ဘယ်လို ဆောင်ရွက်မလဲ။

ဖြေ - အဲဒါတော့ ပြောရခက်တယ်ဆိုတာ က တပ်မတော်က ဆောင်ရွက်တာ ဖြစ်တဲ့အတွက်ပါ။ အဲတော့ သူ့ဥပဒေဆိုတာ ရှိတာပေါ့ လက်နက်ကိုင် အဖွဲ့အစည်းဆိုတဲ့ အနေအထားမှာ တရားဝင် လက်နက်မကိုင်ဆောင်ရဘူးဆိုတဲ့ အမိန့်ရှိတာကိုး။ ဒါတွေကတော့ သူ့ဥပဒေအရသွားမှာပေါ့။ နောက်တစ်ခါ နိုင်ငံတော်ကို ဆန့်ကျင်တာတွေ မဆန့်ကျင်တာတွေ သူ့ဥပဒေကတော့ ရှိတာပေါ့။ ဒါ တပ်မတော်ရဲ့ အခန်းကဏ္ဍပေါ့နော်။ သို့သော် တပ်မတော် အနေနဲ့ ကတော့ လက်နက် အားကိုးနဲ့ တိုင်းရင်းသား အဖွဲ့ငယ်တွေကို အနိုင်ကျင့်တယ် ဆိုတာမျိုး လုံးဝ မရှိပါဘူး ကိုယ်လည်း တပ်မတော်သား တစ်ယောက်ပါ။ အဘတို့ တပ်မတော်ဆိုတာ စည်းနဲ့ ကမ်းနဲ့ နေတာ ဒါမျိုးတွေ၊ လုပ်ခွင့်လည်းမရှိဘူး။ လုပ်လို့လည်းမရဘူး။ ဒါပေမယ့် ယုံကြည်မှု ရှိဖို့ လိုတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးတယ်ဆိုတာလည်း ငြိမ်းချမ်းချင်တဲ့ စိတ်ရှိမှ ဆွေးနွေးလို့ ရတာ။ ဒီကနေ့ ငြိမ်းချမ်းရေး ဒီမိုကရေစီကိုသွားပြီ လက်နက်ကိုင်ဖို့ ဘာလိုသေးလဲ။ လိုသေးတယ်လို့ ထင်တယ် မယုံကြည်ဘူးဆိုရင်တော့ ဒီလိုပဲ ဖြစ်နေမှာပေါ့။ ယုံကြည်ရင်တော့ ယုံကြည်သလိုပေါ့။ ဆိုတော့ ဖမ်းမိထားတဲ့ သူတွေကိုလည်း ဥပဒေအတိုင်းပဲ လုပ်မှာပေါ့။ မဟုတ်ရင်လည်း မဟုတ်သလိုပေါ့။ ဟုတ်ရင်လည်း ဟုတ်သလိုပေါ့။ ငြိမ်းချမ်းရေးကာလ ဖြစ်တဲ့အတွက် ပြီးစလွယ်တော့ ဘယ်တော့မှ မလုပ်ပါဘူး။ AA အဖွဲ့တွေကိုလည်း သူပုန်သောင်းကျန်းသူဆိုပြီး မလုပ်ပါဘူး။ ဥပဒေအတိုင်းပဲ လုပ်မှာပါ။

မေး - ခုနက ပြောသလို ရခိုင်တပ်မတော်ဆိုတော့ ရခိုင်တိုင်းရင်းသားတွေ ကလည်း အစွဲရှိနေမယ် ဆိုတော့ တစ်ဘက်ကလည်း ပြည်နယ် တည်ငြိမ်မှု နဲ့ လုံခြုံမှုကို ထိခိုက်နိုင်လား။

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေကြောင့် အရာရာမှာ နောက်ကျခဲ့တယ်။ လူတွေက အလကားနေရင်း ဒေါသထွက်နေတယ်။အစိုးရ ယုံကြည်မှုလည်း မရှိဘူး။ ဒါကြောင့်လူထုက အစိုးရကို အားမကိုးချင်ကြဘူး။ ဒါကိုလည်း အစိုးရ ဘက်က သိရမယ်။ သို့သော်လည်း တပ်မတော်ဆိုလည်း နိုင်ငံတော်မှာတော့ တစ်ခုတည်းပဲ ရှိသင့်တယ်လို့ ပြောပါရစေ။ တစ်ချိန်ကျရင်တော့ တိုင်းရင်းသား ပေါင်းစုံပါဝင်တဲ့ တပ်မတော်ကြီးတော့ဖြစ်လာမှာပေါ့။ ဆိုတော့ ရခိုင်ပြည်နယ်မှာ အခုကာကွယ်နေတာ ဘယ်သူတွေကာကွယ်နေတာလဲ။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ တပ်ရင်းတွေ အများကြီးမှာ ရခိုင်တွေချည်းပဲ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်မှာ ပြဿနာဖြစ်တယ် ဒီအဖွဲ့တွေပဲ ကာကွယ်နေတာပဲ။ ခုနက ဟာကို ပြန်ကောက်ရရင် အမျိုးသားရေးသာမဟုတ်ဘဲ အမျိုးသားနိုင်ငံရေးကို ရှေ့ရှူဖို့ လိုတယ်။

မေး - ရခိုင်ပြည်နယ်မှာ ဒါက ပထမ ဦးဆုံးအကြိမ်ဖြစ်တဲ့ အတွက် စစ်ဘေးရှောင် ဒုက္ခသည်တွေရဲ့ စိုးရိမ်မှုကလည်း မြင့်နေတယ်။ ဒုက္ခရောက်မှုတွေလည်း ရှိနေတယ်ဆိုတော့ ပြည်နယ်အစိုးရက ဘာတွေ ကူညီနိုင်မလဲ။

ဖြေ - တချို့ကလည်း ဒါကို အရမ်းကို စိတ်ပူကြတယ်လေ။ အမှန်တော့ စိတ်ပူစရာမရှိပါဘူး။ ဟိုမှာ ဖြစ်တာလည်း တိုက်ပွဲတွေကြားက ပြေးရတာ မဟုတ်ပါဘူး။
တိုက်ပွဲဖြစ်တာက နည်းနည်းရယ်၊ အဲလို ဟိုဖမ်းဒီဖမ်း ဖမ်းပြီးတော့မှ အစိုးရနဲ့ AA နဲ့ တိုက်ပွဲဖြစ်ပြီဆိုပြီး ကြောက်ပြီးလာတဲ့သူတွေ။ သူ့ဟာသူ
တောင်ကုန်းပေါ်မှာဖြစ်တာ။ တပ်မတော်ကလည်း စစ်လာဆေးလာတော့ ကြောက်ပြီး ပြေးကြတာ။ မနက်ကမေးကြည့်တော့ ဒုက္ခသည် လူလေးရာလောက် ရှိတာမှာ သုံးရာလောက်က သူ့နေရာသူ ပြန်သွားပြီး တစ်ရာလောက်ပဲ ကျန်တော့တယ်။ အဲဒါလည်း ပြန်မှာပါ။ အခု ပြန်ရင်လည်း ဒုက္ခသည် စခန်းတွေဆီထိ သွားပြီး လိုအပ်တာတွေ ကူညီပေးမှာပါ။

(မဇ္ဈိမနှင့် တွေ့ဆုံမေးမြန်းချက်​ကို ကူးယူ​ဖော်​ပြသည်​)



SHARE THIS
Previous Post
Next Post