ကျောက်ဖြူမြို့နယ် ကျေးလက်ရန်ပုံငွေအတွက် တရုတ်ကုမ္ပဏီမှ ကျပ်ငွေသိန်းပေါင်းတစ်သောင်းငါးထောင် လှူဒါန်း

ကျောက်ဖြူမြို့နယ် ကျေးလက်ရန်ပုံငွေအတွက် တရုတ်ကုမ္ပဏီမှ ကျပ်ငွေသိန်းပေါင်းတစ်သောင်းငါးထောင် လှူဒါန်း

တရုတ်နိုင်ငံမှ အကြီးမားဆုံး ကုမ္ပဏီတစ်ခုဖြစ်သော CITIC Group (the China International Trust and Investment Corporation) မှ ကျောက်ဖြူမြို့နယ် ကျေးလက်ရန်ပုံ ငွေတည်ထောင်ရေး အတွက် ကျပ်သိန်းပေါင်း ၁၅၀၀၀ လှူဒါန်းလိုက်သည်ဟု သိရသည်။

ကျောက်ဖြူမြို့နယ်မှ ကျေးရွာပေါင်း  ၅၀ကို ကျေးရွာတစ်ရွာလျှင် ကျပ်ငွေသိန်း ၃၀၀  နုန်းဖြင့် စုစုပေါင်း ကျပ်ငွေသိန်းပေါင်း ၁၅၀၀၀ ကို ရန်ပုံငွေ အဖြစ် မတည်ပေးခြင်း ဖြစ်ကြောင်း ကျေးလက် ရန် ပုံငွေ တည်ထောင်ပေးသူ အထူးအရာရှိ ယင်း Group ၏ ဒုဥက္ကဋ္ဌ ဖြစ်သူ Mr. Ma Chuanfu က ပြောသည်။

ယင်းမတည် ကျေးလက် ရန်ပုံငွေဖြင် စီမံကိန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပြီး ယင်းအထဲတွင် မွေးမြူရေး၊ ရေလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုအခါ ယင်း မတည်ငွေကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဘဏ်အကောင့်ထဲကို လွဲပြောင်း ထည့်ပေးလိုက်ပြီဖြစ်ကြောင်း  အထူးအရာရှိ Mr. Ma Chuanfu ဆက်လက် ပြောဆိုသည်။

၎င်းစီမံကိန်းနှင့်ပတ်သက်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးအားမေးမြန်းခဲ့ရာ မကြာခင် ချေးငွေများ ထုတ်ပေးနိုင်တော့မည်ဖြစ်ကြောင်း ပြောသည်။

“ ကျေးလက်ရန်ပုံငွေ တည်ထောင်ရေး စီမံကိန်းအတွက် ကျေးရွာ တစ်ရွာကို ကော်မတီ ၁၁ဦးဖွဲ့ထားတယ်။ ဘဏ်ကော်မတီ ၃ဦးဖြစ်ပြီး ကျန် ၈ဦးကအဖွဲ့ဝင်ဖြစ်တယ်။ ချေးငွေကို စနစ်တကျ စီမံ ခန့်ခွဲတတ်ရန် အတွက် တစ်ရွာကို လူ ၆ ယောက်နှုန်းနဲ့ ရွာပေါင်း ၂၅ ရွာကို သင်တန်းပေးပြီးပြီ ဖြစ်တယ်။ ဘယ်လုပ်ငန်းအတွက် ငွေချေးမယ်ဆိုတာကို လျှောက်လွှာဖြည့်ပြီး ကျေးရွာကော်မတီထံကနေ ငွေ ထုတ်ယူရမှာဖြစ်ပါတယ်” ဟု ယင်းက ပြောသည်။

Mr. Ma Chuanfu က ကျေးလက်ရန်ပုံငွေကို စီမံကိန်းကို တည်ထောင်ပြီး ချေးငွေ ထုတ်ပေးရခြင်းမှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ဆင်းရဲမွဲတေမှု လျှော့ချရေးကို  တစ်ဖက်တစ်လမ်းက ကူညီပေးခြင်း ဖြစ်ကြောင်း၊ ယခုလုပ်ရပ်မှာ  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းက ကူညီပေးသော သဘောဖြစ်ကြောင်း၊ ချက်ချင်းလက်ငင်း အများကြီး အကျိုးခံစားခွင့်ရမည် မဟုတ်သော်လည်း နောက်ဆိုရင် တဖြည်းဖြည်းဖြင့်  သားစဉ်မြေးဆက်ခံစားရလာမည်ဟု မျှော်လင့်၍ ရကြောင်း၊ လူထုနှင့် တွေ့ဆုံစဉ် စကားပြန်မှ တဆင့် ပြေကြားသည်။

ကျောက်ဖြူမြို့နယ်မှာ ကျေးရွာပေါင်း၂၄၀ ကျော်ရှိပြီး ယင်းအထဲမှ ကျေးရွာ ၅၀ ကိုသာ ရွေးချယ်ပြီး ရန်ပုံငွေ ထူထောင်ပေးခြင်းမှာ ကျေးရွာသားများ အကြား စိတ်ဝမ်းကွဲပြားမှုကို ဖြစ်စေသည်ဟု ချေးငွေမရသည့် ကျေး ရွာတစ်ခုမှ ရွာသားတစ်ဦးက ပြောသည်။

“ ကျေးရွာအုပ်စု တစ်အုပ်စုထဲမှာ ငွေရတဲ့ရွာကရပြီး  တစ်ချို့ရွာက မရဘူးဆိုတော့ အချင်းချင်း စိတ်ဝမ်းကွဲကုန်တာပေါ့” ဟု ပြောသည်။

Mr. Ma Chuanfu က ယခု စီမံကိန်း အောင်မြင်ပါက အစိုးရနှင့် တိုင်ပင်ပြီး နောက်ထပ်ကျေးရွာများကိုလည်း တိုးချဲ့ပြီး လုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ အောင်မြင်သွားသော ကျေးရွာများ ကို စံပြကျေးရွာအဖြစ် သတ်မှတ် ထားပြီး နောက်ထပ် ဆက်လက် ဆောင်ရွက်ရန် အတွက် တစ်ခြားကုမ္ပဏီတွေကို ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း၊ သူတို့ ကုမ္ပဏီ တစ်ခုတည်းဖြင့်  ငွေကြေးအများအပြားကိုလည်း မတတ်နိုင်ကြောင်း ပြောဆိုကြောင်း သိရသည်။

CITIC Group  ၏ နှစ်စဉ် ဘဏ္ဍာဝင်ငွေမှာ အမေရိကန်ဒေါ်လာ၂၂ ဘီလီယံရှိခဲ့ပြီး ၊ ကမ္ဘာ့(၄၁၅)ခုမြောက် အကြီးမားဆုံးစီးပွားရေး ကော်ပိုရေးရှင်းတစ်ခု ဖြစ်ကြောင်း သိရသည်။ ပြောသည်။ ယင်း ကုမ္ပဏီသည် ရမ်းဗြဲမြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် စစ်တွေမြို့နယ်မှ ရွာတစ်ရွာစီတွင် ယခင်ကလည်း ကျေးလက်ရန်ပုံငွေ မတည် ထုတ်ချေးဖူးခဲ့ကြောင်း သိရသည်။

From-Narinjara


AA နှင့် တပ်မတော် တိုက်ပွဲဖြစ် တပ်ဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ ဖမ်းဆီးမိထားဟုဆို

AA နှင့် တပ်မတော် တိုက်ပွဲဖြစ် တပ်ဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ ဖမ်းဆီးမိထားဟုဆို

ရခိုင့်တပ်မတော် (AA ) နှင့် မြန်မာတပ်မတော် တို့ မတ်လ ၂၉ရက် နံနက် ၁၂နာရီခွဲအချိန်နှင့် ၇ နာရီခွဲအချိန်တို့တွင် တိုက်ပွဲနှစ်ကြိမ်တိုင်ဖြစ်ပေါ်ခဲ့ပြီး တပ်မတော်ဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးကို ဖမ်းဆီးရမိထားကြောင်း AA  ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က မဇ္ဈိမကို ပြောသည်။

၎င်းက "အခုထိတွေမှုဖြစ်တာက လုံးဝမရှောင်နိုင်တော့တဲ့ အခြေအနေမှာဖြစ်သွားတာ၊ အရင်လည်း အဲဒီဖက က ကျွန်တော်တို့ လှုပ်ရှားနေတာပဲ၊ အခုမှ တပ်ဖက်နဲ့ တွေ့ပြီး တိုက်ပွဲတွေဖြစ်တယ်၊ ထိတွေ့တဲ့ နေရာက တပ်စခန်းတော့ ဆုတ်သွားပြီ" ဟု ဆိုသည်။

မြန်မာ တပ်မတော်  ခမရ ၂၈၉ လက်အောက်ခံ တပ်ဖွဲ့နှင့် AA တို့သည် ရခိုင်ပြည်နယ်၊ ပလက်ဝအနောက်ဖက်နှင့် ကျောက်တော်မြောက်ဖက် အကြားတွင် ည ၁၂နာရီခွဲတွင် မိနစ် ၃၀ ခန့်နှင့် နံနက် ၇ နာရီမှ ၁၂ နာရီအထိ တစ်ကြိမ် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

တပ်စခန်းဆုတ်ခွာအပြီး ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးနှင့် အတူ MA 1 နှစ်လက်၊ MA-3 ၁လက်၊ ပွိုင့် ၄၅ တစ်လက်၊ ကျည်ဆံနှင့် တစ်ခြားစစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ရခိုင်တပ်မတော်မှ သိရသည်။

From-Mizzima


အောင်တံခွန် (၃) သင်္ဘော နစ်မြုပ်ခြင်းနှင့် ပတ်သက်၍ စစ်တွေတွင် ဆရာတော်နှစ်ပါးဆန္ဒပြ

အောင်တံခွန် (၃) သင်္ဘော နစ်မြုပ်ခြင်းနှင့် ပတ်သက်၍ စစ်တွေတွင် ဆရာတော်နှစ်ပါးဆန္ဒပြ

အောင်တံခွန် (၃) သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မတ်လ ၂၈ ရက်နေ့က ဆရာတော်နှစ်ပါး ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယင်းဆရာတော်နှစ်ပါးမှာ စစ်တွေမြို့ မင်းဂံအကွက် ၁၃ ၀ိဘဇ္ဇကျောင်းတိုက်မှ ဆရာတော်ဦးစက္ကိန္ဒနှင့် စက်ရုံစု ရွာသာယာရပ်ကွက် အာရက္ခဖေါင်းဒေးရှင်းကျောင်းတိုက်မှ ဆရာတော် ဦးကေသာရတို့ဖြစ်ကြောင်း သိရသည်။

အောင်တံခွန် (၃) သင်္ဘောနစ်မြုပ်မှု၌ ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ၀မ်းနည်းကြေကွဲကြောင်း ပြသရန်နှင့် ရခိုင်လူမှုဘ၀ တည်ငြိမ်အေးချမ်းရေးနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးခေါင်းစည်းအောက်က ယခုဆန္ဒပြပွဲကို ပြုလုပ်ရခြင်းဖြစ်သည်ဟု ဆရာတော် ဦးစက္ကိန္ဒက ပြောသည်။

ယခင်ရခိုင်ကမ်းရိုးတန်းတွင် ပြေးဆွဲခဲ့သည့် သင်္ဘောလိုင်းများကို ခေတ်မီသင်္ဘောများဖြင့် အစားထိုးပြေးဆွဲရန်၊ နယ် မြို့အစုံ ယခင်ပြေးဆွဲခဲ့သည့် လိုင်းများအပြင် နောက်ထပ်သွားလာ၍ ရနိုင်သည့် လိုင်းများကိုလည်း နယ် မြို့ အစုံ ပြေးဆွဲပေးရန်၊ စစ်တွေမြို့ ဆိပ်ခံတံတားများကို ခေတ်မီအောင် ပြုလုပ်ရန် နှင့် အခြားမြို့များတွင် သင်္ဘောဆိုက်ကပ်နိုင်သည့် နေရာများ၌ ဆိပ်ခံတံတားများ ဆောက်လုပ်ပေးရန်တို့ကို တောင်းဆိုခဲ့ကြသည်။

ယင်းတောင်းဆိုမှုများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အား တိုက်ရိုက်လိပ်မူ၍ တောင်းဆိုသွားမည်ဖြစ်ပြီး၊ ကုလသမဂ္ဂနှင့် EU တို့မှလည်း ရခိုင်ပြည်သူများဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၀ိုင်းဝန်းကူကြရန် တိုက်တွန်းတောင်းဆိုချင်သည်ဟု ဆန္ဒပြဆရာတော်နှစ်ပါးက ပြောသည်။

“အောင်တံခွန် ၃ သင်္ဘောနစ်မြုပ်မှုအပိုင်းနဲ့ ပြောရရင် တအားကြီးအိုဟောင်းနေတဲ့ အဲဒီသင်္ဘောဟာ ကျောက်ဖြူကထွက်လာကတည်းက သင်္ဘောက အပေါက်ကြီး၊ အဲဒီသင်္ဘောအပေါက်ကြီးမှာ ရခိုင်လူမျိုးတွေ ရာချီပြီးတော့ စီးလာရတယ်။ လိုင်းကြီးတဲ့ ပင်လယ်ပြင်ကို ဖြတ်တယ်ဆိုတာ ဒါသေမင်းဆီကို ဦးတည်ပြီး သွားနေသလိုမျိုး တွေ့ရတယ်”ဟု ဆရာတော် ဦးစက္ကိန္ဒက ပြောသည်။

ယခု ရခိုင်ပြည်နယ်တွင် ပြေးဆွဲနေကြသည့် သင်္ဘောများတွင် မည်သည့်သင်္ဘောမျှ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ပြည့်စုံသည်ကို မတွေ့ရဟု ဆရာတော်က ပြောသည်။

သင်္ဘောပြေးဆွဲမှုမှာလည်း ကုန်တင်သင်္ဘော၊ ခရီးသည်တင် သင်္ဘောဆိုပြီး သတ်သတ်မှတ်မှတ်မရှိကြောင်း၊ ကုန်တင်ဆိုလျှင် ကုန်တင်သင်္ဘောသက်သက်သာ နစ်မြုပ်မည်ဖြစ်ပြီး၊ ခရီးသည်တင် သင်္ဘောနစ်မြုပ်ခဲ့လျှင်လည်း ယခုလောက်ထိ ကြီးကြီးမားမား ပေးဆပ်ရလိမ့်မည်မဟုတ်ဟု ပြောသည်။

နောင်အနာဂတ်တွင် ရခိုင်ကမ်းရိုးတမ်း၌ ခေတ်မီသင်္ဘောများဖြင့် ခရီးသည်တင်ဆိုလျှင် ခရီးသည်တင်သက်သက်၊ ကုန်သင်္ဘောဆိုလျှင် ကုန်သင်္ဘောသက်သက် သတ်မှတ်ပြီး ပြေးဆွဲစေလိုသည်ဟု ဆရာတော်က ပြောသည်။

“လူ့အသက်ကို မနှစ်မြို့ဘူး၊ သင်္ဘောအဟောင်းကို နှစ်မြို့ပြီးတော့ လူတွေကို သေစေသလိုမျိုးဖြစ်နေတယ်။ ဒီလိုမျိုး နောက်နောင်မဖြစ်အောင် လူဆွဲသီးသန့်၊ ကုန်တင်သင်္ဘောသီးသန့် သတ်မှတ်ပြီးတော့ ခေတ်မီ သင်္ဘောတွေနဲ့ ပြေးဆွဲစေချင်တယ်”ဟု ဆရာတော်နောက်တစ်ပါး ဖြစ်သူ ဦးကေသာရက ပြောသည်။

ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ သမ္မတတို့က သင်္ဘောများကို စိစစ်မှု လုပ်နေခဲ့လျှင် ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံရမည်မဟုတ်ကြောင်း၊ သူတို့မှာ တာဝန်ရှိသည်ဟု ဆရာတော်က ပြောသည်။

ဆရာတော်နှစ်ပါးသည် ဦးဥတ္တမ ပန်းခြံမှ လမ်းမကြီးအတိုင်း သင်္ဘောဆိပ်၊ ယင်းမှ မင်းဘာကြီးလမ်းအတိုင်း ချီတက်လာပြီး ဘီလူးမတံတား၊ မီဇံရပ်ကွက်မှ ကမ်းနားလမ်း၊ ထိုမှ ဝေသာလီလမ်းအတိုင်း ချီတက်ပြီး ဆရာတော် ဦးပညာသီဟ အုတ်ဂူတွင် ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့သည်ဟု သိရသည်။

ဆန္ဒပြပွဲကို နံနက် ၈ နာရီခန့်က စတင်ပြီး ၉ နာရီခွဲကျော်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

From-Narinjara


စစ်တွေမြို့နယ်ရှိ ကျေးရွာတချို့တွင် နွားပျောက်၍ တောင်သူများ လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်

စစ်တွေမြို့နယ်ရှိ ကျေးရွာတချို့တွင် နွားပျောက်၍ တောင်သူများ လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ဇောပုဂျာ၊ ကျက်တောပြင်နှင့် အောင်ဒိုင်ကျေးရွားများတွင် နွားပျောက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် တောင်သူများ လုပ်ကိုင်စားသောက်ရန် အခက်အခဲ ဖြစ်ပေါ်နေကြောင်း ရခိုင်အမျိုးသားပါတီ အဖွဲ့ဝင် ဦးမောင်စိန်ဦး ကပြောသည်။

“နွားပျောက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ကျွန်တော်တို့ပါတီကို ရွာသားတွေက လာရောက် တိုင်ကြားကြပါတယ်။ ရှာဖွေမှုတွေ၊ ဖမ်းဆီးအရေးယူမှုတွေ အခုထိ မကြားရသေးဘူးဗျာ”ဟု ဦးမောင်စိန်ဦးကပြောသည်။

မတ်လ ၂၄ ရက်နေ့က စစ်တွေမြို့နယ် ဇောပုဂျာကျေးရွာမှ ဦးထွန်းအောင်ဖြူတွင် နွားတစ်ကောင်၊ ဆိုင်ကယ်တစ်စီး ပျောက်ဆုံးသွားသည်ဟု သိရသည်။

ယင်းအပြင် မတ်လ ၂၅-၂၆ ရက်နေ့က အောင်ဒိုင်ကျေးရွာမှ ဦးမောင်တွင် ၁၀ သိန်းတန် နွားထီးတစ်ရှဉ်းနှင့် မတ်လ ၂၇ ရက်နေ့က ကျက်တောပြင်ကျေးရွာနေ ဦးထွန်းကျော်ဖြူတွင် နွားတစ်ချဉ်း ဆက်တိုက်ဆိုသလိုမျိုး ပျောက်ဆုံးနေသည်ဟု နိရဉ္စရာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ဦးထွန်းအောင်ဖြူတွင် မိမိနွားတစ်ချဉ်းကို ရလိုရငြားရာ ၄င်းနှင့်အသိ ဘင်္ဂလီတစ်ဦးကို ငွေ ၅၀၀၀၀ ကျပ်ပေး၍ ရှာခိုင်းရာ နွားမရသည့်အပြင် ငွေပါ ဆုံးသွားကြောင်း သိရသည်။

ရွာသားများအဆိုအရ အနီးအနားရှိ ဘော်ဒူဗ ဘင်္ဂလီဒုက္ခသည်စခန်းမှ ခိုးယူနေကြသည်ဟု သံသယ ရှိနေကြကြောင်း သိရသည်။

ယင်းသို့ နွားပျောက်မှုများရှိနေသည့်အပြင် အောင်ဒိုင်ကျေးရွာမှ တံငှာလုပ်စားနေကြသည့် ရခိုင်တိုင်းရင်းသားများအနေဖြင့် လုံခြုံရေးကြောင့် ပင်လယ်ပြင်သို့ မသွားရဲကြရာမှ ရပ်တည်ရေး အခက်အခဲ ဖြစ်ပြီး ကျေးရွာကို စွန့်ခွာသူများလည်း ရှိနေကြကြောင်းလည်း သိရသည်။

“ကျွန်တော်တို့က စက်လှေကလေးတွေနဲ့ ငါးသွားရှာကြတဲ့အခါ ဘင်္ဂလီတွေက သူတို့စက်လှေကြီးတွေနဲ့ လိုက်နင်းတော့ ကျွန်တော်တို့ ပိုက်ရော လှေရော ဆုံးရှုံးသွားရပါတယ်။ အခုဆိုရင် ကျွန်တော်တို့ရွာက ရွာသားတွေဟာ စစ်တွေမြို့ပေါ်သို့ ပြောင်းရွှေ့တာတွေ၊ နိုင်ငံခြားကို အလုပ်ရှာသွားတာတွေ တော်တော်များ ရှိလာတဲ့အတွက် အောင်ဒိုင်ရွာ ရှေ့ဆက်ရပ်တည်ရေးအတွက် ရင်လေးစရာကောင်းပါတယ်”ဟု အောင်ဒိုင်ကျေးရွာမှ ဦးမဲနက်က ပြောသည်။

ယခုကဲ့သို့ ဘင်္ဂလီများ လုပ်ဆောင်နေခြင်းမှာ ရခိုင်ကျေးရွာများ မနေနိုင်အောင်နှင့်  ရွာပျက်သွားအောင် တမင်တကာ အကွက်ချက် လုပ်ဆောင်နေကြခြင်းဖြစ်သည်ဟု သံသယရှိနေကြကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

From-Narinjara


ရက္ခိုင့်တပ်မတော်နှင့်မြန်မာ့စစ်တပ် ရခိုင်-ဘင်္ဂလားနယ်စပ်အနီးတိုက်ပွဲဖြစ်ပွားလျှက်ရှိ

ရက္ခိုင့်တပ်မတော်နှင့်မြန်မာ့စစ်တပ် ရခိုင်-ဘင်္ဂလားနယ်စပ်အနီးတိုက်ပွဲဖြစ်ပွားလျှက်ရှိ

ရက္ခိုင့်တပ်မတော်၊ အမှတ် (၅)ဗျူဟာလက်အောက်ခံစစ်ကြောင်းများ နှင့်မြန်မာ့စစ်တပ်၊ တပ်ရင်း (၂၈၉) တို့သည် ၂၀၁၅ ခုနှစ်၊ မတ်လ (၂၉) ရက်၊ ၀၀၃၀ နာရီတွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ အပြန်အလှန် ပစ်ခတ်အပြီး တွင်လက်နက်ကြီး (၃) ကြိမ်ပစ်ခတ်ပြီး ကစဉ့်ကလျား ထွက်ပြေးပြီးစခန်းစွန့် ထွက်ပြေး သွားခဲ့ကြသည်။

မိမိတို့ရက္ခိုင့်တပ်မတော်မှ ထွက်ပြေးသွားသော ရန်သူနောက်သို့နယ်မြေရှင်းလင်းရေး လုပ်ရာ ၀၇၃၀ အချိန်တွင် ရန်သူ့ဖက်မှ ဒုတပ်ကြပ်- နိုင်ထွန်း (ကိုယ်ပိုင်အမှတ် ကြည်း-၉၉၂၀၈၄ )အားလက်ရ ဖမ်းဆီးပြီး ယခုအချိန်ထိ ဆက်လက် တိုက်ပွဲဖြစ်ပွားလျှက် ရှိသည်။

ရက္ခိုင့်တပ်မတော်
သတင်းနှင့်ပြန်ကြားရေးဌာန


သင်္ကြန်ကာလအထူးအစီအစဉ် ရွှေပြည်သစ်ယာဉ်လိုင်းမှ ကားခလျှော့ရောင်း

သင်္ကြန်ကာလအထူးအစီအစဉ် ရွှေပြည်သစ်ယာဉ်လိုင်းမှ ကားခလျှော့ရောင်း

ရန်ကုန်မှစစ်တွေသို့ပြေးဆွဲနေသည့် ရွှေပြည်သစ်ခရီးသည်တင်ယာဉ်လိုင်းတွင် ယခုနှစ်သင်္ကြန်ကာလအတွင်း အထူးအစီအစဉ်အဖြစ် ယာဉ်စီးခများအား လျှော့၍ရောင်းချနေကြောင်း အဆိုပါဂိတ်မှ ဂိတ်စာရေးကိုခိုင်မိုးလင်းက ပြောသည်။

“ခရီးသည်တွေစိတ်ချမ်းချမ်းသာသာနဲ့ စီးနင်းနိုင်အောင်အတွက် အခုလို အထူးအစီအဖြစ် ဈေးနှုန်းလျှော့ရောင်းချနေတာဖြစ်ပါတယ်”ဟု ယင်းက ဆိုသည်။

အဆိုပါယာဉ်လိုင်းတွင် Air-con ယာဉ်ဆိုလျှင် လူတစ်ဦးကို (အသက်အာမခံကြေးပါ) ၂ဝ၃ဝဝ ကျပ်ဖြင့် ရောင်းချရာမှ  ၁၈ဝဝဝ ကျပ်ထိ လျှော့ရောင်းချပေးနေပြီး  ရိုးရိုးယာဉ်ဆိုလျှင် လူတစ်ဦးကို (အသက်အာမခံကြေးပါ) ၁၈ဝဝဝ ကျပ်မှ  ၁၃ဝဝဝ ကျပ်ထိ လျှော့ရောင်းချပေးနေကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ရန်ကုန်မှ ရခိုင်သို့ပြန်မည့် ကုမ္ပဏီဝန်ထမ်း မမြတ်နိုးခိုင်က “ဒီအစီအစဉ်က ခရီးသည်အတွက်တော့ အကောင်းဆုံးပေါ့ရှင်။ ဈေးချိုချိုနဲ့ အိမ်ပြန်ရတော့ ဈေးလျှော့ရောင်းတဲ့ကားဂိတ်ကို ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်”ဟု  ပြောသည်။

ယင်းအစီအစဉ်ကို မတ်လ ၁ ရက်နေ့မှစတင်ခဲ့ခြင်းဖြစ်ပြီး မေလ ၃၁ ရက်နေ့အထိ ရောင်းချသွားမည်ဟုလည်း ရွှေပြည်သစ်ယာဉ်လိုင်းက ဆိုသည်။

သို့သော် အဆိုပါယာဉ်လိုင်းတွင် ဧပြီလ ၁၂ ရက်အထိရခိုင်သို့ပြန်မည့်ခရီးစဉ်လက်မှတ်များအားလုံးကိုရောင်းချပြီးဖြစ်ကြောင်းလည်း သိရသည်။

From-Narinjara


ပုဏ္ဏားကျွန်းမြို့နယ်ကန်စွန်းချောင်းရွာမှ ရခိုင်အမျိုးသား တစ်ဦး ဒဏ်ရာများနဲ့ သေဆုံးလျက်တွေ့ရှိ

ပုဏ္ဏားကျွန်းမြို့နယ်ကန်စွန်းချောင်းရွာမှ ရခိုင်အမျိုးသား တစ်ဦး ဒဏ်ရာများနဲ့ သေဆုံးလျက်တွေ့ရှိ

ပုဏ္ဏားကျွန်းမြို့နယ်၊ ကန်စွန်းချောင်းကျေးရွာနေ ဦးအောင်သန်း အသက် (၄၁) နှစ်၏ သေဆုံးနေသည့်သူ့အလောင်းကို မတ်လ ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်း သိရပါတယ်.....
ရွာသားတွေကတော့ ကုလားသတ်တာလို့ ယူဆနေသော်လည်း သက်သေအထောက်အထားကို အခုထိ ရှာမရသေးဘူးလို့ သိရပါတယ်....

ဦးအောင်သန်းသည် ယင်းနေ့ မနက် အစောပိုင်းကတည်းက ငါးရှာဖို့ထွက်သွားရာက အိမ်ပြန်မရောက်လို့ မိသားစုတွေက ရှာရင်း ဆိုင်ကယ်စမုတ်တံဖြင့် ၁၅ ချက်လောက် ထိုးသတ်ခံထားရတဲ့အလောင်းကို ကန်စွန်းချောင်း နဲ့ ကာဒီကုလားရွာ ကြားမှာ တွေ့ခဲ့ရတယ်လို့ သိရပါတယ်.....

ဦးအောင်သန်း သေဆုံးတာနဲ့ပတ်သက်ပြီး သဲတတ်ရဲစခန်းက ကန်စွန်းချောင်းရွာ ရွာသားတွေနဲ့ ကုလားရွာက မင်္သာကာတဲ့သူတွေကို စစ်ဆေးနေပေမဲ့ တရားခံမပေါ်နေဘူးလို့လည်း သိရပါတယ်...

From- ရခိုင်​​နေ့  စဉ်​သတင်း


မင်းပြားတွင် ဒေသခံတစ်ဦး ဓါးခုတ်ခံရ၍ ဆေးရုံရောက်

မင်းပြားတွင် ဒေသခံတစ်ဦး ဓါးခုတ်ခံရ၍ ဆေးရုံရောက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် မတ်လ ၂၆ ရက်နေ့က ငါးရှာနေသည့်ဒေသခံတစ်ဦး ဓားဖြင့်ခုတ်ခံရ၍ ဦးခေါင်းတွင် ဒဏ်ရာရရှိသွားခဲ့သဖြင့် ဆေးရုံတင်လိုက်ရသည်ဟု မင်းပြားမြို့နယ်  ရဲတပ်ဖွဲ့မှူးရုံးက အတည်ပြုပြောကြားသည်။

“ဦးခေါင်းရဲ့ ဘယ်ဘက်နောက်စေ့မှာ အလျား ၅ စင်တီမီတာနဲ့ အနက် ၂ စင်တီမီတာလောက် ပြတ်ရှဒဏ်ရာရသွားလို့ ၁၄ ချက်လောက်ချုပ်ရပါတယ်။ အခုတော့ မင်းပြားဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။ ဒဏ်ရာတော့ မစိုးရိမ်ရပါဘူး” ဟု မင်းပြားမြို့မရဲစခန်းမှ ဒုတိယစခန်းမှူး ရဲအုပ်စိန်ထွန်းဦးက ဆိုသည်။

ယခုဒဏ်ရာရသူမှာ မင်းပြားမြို့နယ်၊ ဆင်ကြီးပြင်(ရခိုင်)ရွာမှ အသက် ၆ဝ နှစ်အရွယ် ဦးစောသိန်းအောင်ဖြစ်သည်။

သူသည် မတ်လ ၂၆ ရက်နေ့ နံနက် ၁၁ နာရီခန့်က ဆင်ကြီးပြင်(ဘင်္ဂါလီ)ရွာအနောက်ဘက်တွင် ကဏန်းရှာ၍ ရလာသည့်ကဏန်းများကို ကြိုးများဖြင့်ချည်နှောင်နေစဉ် ဆင်ကြီးပြင်(ဘင်္ဂါလီ)ရွာမှ အသက် ၁၄ နှစ်အရွယ် မာမောက်ဂျူဘီက နောက်ကျောမှနေ၍ ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲအုပ်က ပြောသည်။

“ဓားနဲ့ခုတ်တဲ့ ဘင်္ဂါလီကောင်လေးကိုလည်း ကျွန်တော်တို့ သက်သေခံပစ္စည်းနဲ့အတူ ဖမ်းဆီးရမိထားပါပြီ။ ဘာကြောင့် ခုတ်သလဲဆိုတာကို အခု စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီဖြစ်ပါတယ်”ဟု အထက်ပါ စခန်းမှူးက ဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ကလည်း အလားတူဖြစ်ရပ်မျိုးဖြစ်ပွားခဲ့သည့်အတွက် ပုဏ္ဏားကျွန်းမြို့နယ်၊ ကန်စွန်းချောင်းကျေးရွာမှ အသက် ၄၁ နှစ်အရွယ်ဒေသခံတစ်ဦးသေဆုံးသွားခဲ့ကြောင်း သဲတက်ရဲစခန်းမှ စခန်းမှူး ရဲအုပ်ခင်မောင်ဇော်က အတည်ပြုပြောထားသည်။

From - Narinjara


မင်းပြားမြို့ မြို့မဈေးအတွင်း စည်ပင်ဈေးရုံ့ရှေ့ အမှိုက်များစွန့်ပိုက်ထားခြင်းကို စည်ပင်မှ ဝန်ထမ်းများ ခွင့်ပြုထားကြောင်း (​ပေးစာ)

မင်းပြားမြို့ မြို့မဈေးအတွင်း စည်ပင်ဈေးရုံ့ရှေ့ အမှိုက်များစွန့်ပိုက်ထားခြင်းကို စည်ပင်မှ ဝန်ထမ်းများ ခွင့်ပြုထားကြောင်း (​ပေးစာ)

မင်းပြားမြို့ မြို့မဈေးတွင်း စည်ပင်ရုံးရှေ့တွင် အမှိုက်များကို တောင်လိုပုံအောင် စွန့်ပှိုက်ထားခြင်းကိုခွင့်ပြုထားကြောင်းသိရသည်။ စည်ပင်ရုံးမှဝန်ထမ်းများက ဟိုတစ်လ လောက်က ဈေးချောင်းတွင် အမှိုက်များ မစွန့်ပှိုက်ရ စွန့်ပှိုက်သူတွေရှိလျှင် ငွေ ၁၀၀၀၀ ကျပ် ပေးလျှော်ရမည်
ဟုကြော်ညာထားကြောင်း ဈေးရောင်းနေသူ မိန်းမကြီးတစ်ဦးထံမှု သိရသည်။

သူကိုမေးမြန်းတော့ ကျွန်မတို့ ဈေးရောင်းနေသူတွေဆိမှ ထွက်တဲ့ အမှိုက်တွေက နည်းမနည်းတာ ဆိုင်ခန်းပေါင်း ၇၀၀ /၈၀၀လောက်ရှိတယ် ။ ဒါကို စွန့်ပိုက်မဲ့ နေရာ မပေးဘူး ။ ဒိတော့အမှိုက်တွေက စည်ပင်ရုံးရှေကို ရောက်သွားကြတယ် ။ ပထမတစ်ကြိမ် နှစ်ကြိမ်လောက်တော့ ကားတွေဝင်လာပြီး အမှိုက်လာသိမ်းတယ် အခုတော့ အမှိုက်တွေ တောင်လိုပုံနေပါပြီ။

စည်ပင်ရုံးရှေ့မှ ဈေးဆိုင်ခန်းပိုင်ရှင်များ| လမ်းသွားလမ်းလာများနှင့် ဈေးလာဝယ်သူများ အမှိုက်ပုံထဲမှ သွားလာရကြောင်း လမ်းများပိုက်နေခြင်းနောက်ပြီး အမှိုက်ပုံထဲမှ တွက်လာသောအနံဆိုးများကြောင်း စည်ပင်ရုံးနားတဝိုက် ဆိုင်ခန်းပိုင်ရှင်များ အခက်တွေနေရကြောင်းကိုသိရှိရပါသည်။ နောက် ဈေးရောင်းနေသူ တစ်ဦးကအကျွန်ရို့ ဆိုင်ခန်းကဆိုရင် အမှိုက်များမှ ထွက်လာသော အနံဆိုးများကြောင်း မနက်ဆိုရင် ထမင်းကို တစ်ခြားဆိုင်ခန်းမှာသွား စားရပါတယ် ဒိအကြောင်းကိုသက်ဆိုင်ရာ ဌာန ဆိုင်ရာများသိရှိရအောင်ပြောပေးပါ။

ဟိုတစ်ချိန်က မင်းပြားမြို့ မြို့မ ဈေးမီးလောင်ဖူးတာ လူတိုင်မမေ့သဲဘူးထင်ပါတယ် အခု စည်ပင်ရုံးရှေ့မှ အမှိုက်များကြောင်း အကျွန်ရို့ဆိုင်ခန်းပိုင်ရှင်တွေ နောက်ထပ် မီးအန္တာရာယ် ကို စိုးရိမ် နေရပါတယ် ပြိးတော့ စည်ပင်မှ အမှိုက်ကား တစ်ပတ်နေလို တစ်ခါ လာရှင် လာတယ် မလာရှင် မလာဘူး ။ ဒိတော့ အကျွန်ရို့ဈေးဆိုင်ခန်းပိုင်ရှင်များဆီမှ တစ်နေ့တစ်နေ့ ထွက်လာတဲ့ အမှိုက်တွေ ကို ဘယ်မှာသွားပြီးစွန့်ပိုက်မှာလဲ စည်ပင်မှ အရာရှိများနှင့်အထူးသက်ဆိုင်ပါတယ် ဒါတွေကို စည်ပင်မှ အထက်အရာရှိများသိရှိ ရန် လိုအပ်သည်ဟု မေးမြန်းချက်အရသိရပါသည်​။

Than Maung@Facebook


စစ်တွေမြို့ပြစီမံကိန်းအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီ

စစ်တွေမြို့ပြစီမံကိန်းအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီ

စစ်တွေမြို့ပြစီမံကိန်းအတွက် ရခိုင်ပြည်နယ် အစိုးရနှင့် ဆုထူးစံကုမ္ပဏီတို့ သည် မတ်လ ၂၅ ရက်နေ့က နားလည်မှုစာချွန်လွှာ တစ်ခုကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သတင်း ရရှိသည်။

စစ်တွေမြို့ မြို့ပြစီမံကိန်းတစ်ခုဖြစ်သော ကစ္ဆပနဒီ မြေယာဖေါ်ထုတ်ရေးစီမံကိန်းအတွက် နားလည်မှုစာချွန်လွှာကို အဆိုပါနေ့က ရခိုင်ပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ ၃ တွင် အခမ်းအနား တစ်ရပ်ဖြင့် လက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ယင်းလက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ဆုထူးစံဆောက်လုပ်ရေး ကုမ္ပဏီအပြင် ၄င်းကုမ္ပဏီအတွက် နည်းပညာများ ပံ့ပိုးပေးမည့် ကိုးရီးယားကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ ၄ ဦးလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ယခု စီမံကိန်းမှာ စစ်တွေမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော စီမံကိန်း ဖြစ်ကြောင်း လက်မှတ်ရေးထိုးပွဲတွင်  ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောသည်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ် အစိုးရအနေနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးစီမံကိန်းတွေကို သိသိသာသာ တိုးမြှင့် ဆောင်ရွက် နေပါတယ်။ ဒီမြို့ပြစီမံကိန်းဟာ ရခိုင်ပြည်နယ်အတွက် အလွန်အရေးပါတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ ဒီစီမံကိန်းက ရရှိတဲ့အကျိုးအမြတ်တွေကို ရခိုင်ပြည်နယ်အစိုးရက လက်ခံရရှိပြီးတော့ အားလုံးကို ရခိုင်ပြည်သူတွေ အကျိုးအတွက် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ်က ပြောသည်။

စစ်တွေမြို့ကို အများတကာ လာလည်ချင်သော မြို့တစ်မြို့ဖြစ်အောင် ဖန်တီးတည်ဆောက်ပြီး၊ ပျော်ရွှင်လိုလျှင် စစ်တွေသို့ လာခဲ့ပါဟု ပြောစမှတ်ရအောင် လုပ်ဆောင်သွားမည်ဟု ၀န်ကြီးချုပ်က ပြောသည်။

ယခုဖေါ်ထုတ်မည့် ကစ္ဆပနဒီ မြေယာဖေါ်ထုတ်ရေးစီမံကိန်းသည် မြေ ၁၁၅ ဧက ကျယ်ဝန်းပြီး စီမံကိန်း ပြီးဆုံးသွားပါက စစ်တွေမြို့သည် အဆင့်အတန်း တစ်ခုရှိသော ဆိပ်ကမ်းမြို့တစ်မြို့အဖြစ် ပြောင်းလဲသွားမည်ဟု ၀န်ကြီးချုပ်က ကတိပြု ပြောကြားသည်။

“ဒီနှစ်အတွင်းမှာပဲ စစ်တွေမြို့က တော်တော်လေး ပြောင်းလဲသွားပါပြီ။ နောက်နှစ်ဆိုရင်တော့ စစ်တွေက ရခိုင်စကားနဲ့ ဆိုရင် မိုက်တေ ဖြစ်သွားပါမယ်” ဟု ၀န်ကြီးချုပ်က ဆိုသည်။

ကိုးရီးယား ကုမ္ပဏီအနေဖြင့် ရခိုင်ပြည်နယ်တွင် လုပ်ငန်းဆောင်ရွက်ခွင့် ရရှိသည့်အတွက် အထူးကျေးဇူးတင်ကြောင်း၊ နားလည်မှု စာချွန်လွှာ ရေးထိုးပြီးသည်နှင့် လုပ်ငန်းများကို စတင် အကောင်အထည်ဖေါ်နိုင်အောင် အဆင်သင့် လုပ်ထားပြီဖြစ်ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခု ဆုထူးစံနှင့် လက်တွဲလုပ်ဆောင်မည့် ကိုးရီးယားကုမ္ပဏီသည် ဟိုတယ်ဆောက်လုပ်ရေးလုပ်ငန်းတွင် နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့အပါအ၀င် ကမ္ဘာ့နိုင်ငံအနှံ့အပြား၌ နာမည်ကြီး ဟိုတယ်များ တည်ဆောက်ထားပြီးဖြစ်ကြောင်း သိရသည်။

ကစ္ဆပနဒီ မြေယာဖေါ်ထုတ်ရေးစီမံကိန်းသည် ရခိုင်ပြည်နယ်အတွက် မကြုံစဖူး စီမံကိန်းကြီး တစ်ခုဖြစ်သော်လည်း ကိုးရီးယားကုမ္ပဏီအတွက်မူ သာမန်စီမံကိန်းငယ် တစ်ခုသာဖြစ်သည်ဟု သိရသည်။

“ကျွန်တော်တို့ ဆုထူးစံကုမ္ပဏီ အနေနဲ့ လုပ်ငန်းတွေကို စတင်အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ဖို့အတွက် စက်ယန္တရားတွေကို အဆင်သင့် လုပ်ထားပြီးပါပြီ။ အခု စီမံကိန်းမှာ တံတားနှစ်စင်းနဲ့ လျှပ်စစ်မီးစီမံကိန်းတွေပါ ပါရှိမှာ ဖြစ်ပြီးတော့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ အပြီးဆောင်ရွက်သွားမှာပါ”ဟု ဆုထူးစံ ကုမ္ပဏီမှ Managing Director က ပြောသည်။

ယင်းစာချွန်လွှာရေးထိုးပွဲသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး၊ ကိုးရီးယားကုမ္ပဏီမှ ကိုယ်စားလှယ် ၄ ဦးနှင့် ဆုထူးစံကုမ္ပဏီမှ တာဝန်ရှိသူများ အပါအ၀င် လူစုစုပေါင်း ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားကို ညနေ ၄ နာရီတွင် စတင်ပြီး ၄ နာရီခွဲတွင် ပြီးဆုံးခဲ့သည်။

From - Narinjara