UNICEF က ရခိုင် စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီထောက်ပံ့
UNICEF က ရခိုင် စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီထောက်ပံ့
ကျောက်တော်မြို့နယ် အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည် ၅ဝဝ ကျော်အတွက် UNICEF က အကူအညီအဖြစ် လူသုံးကုန် ပစ္စည်းများကို ဧပြီလ ၂၇ ရက်နေ့က ပေးပို့လိုက်ပြီ ဖြစ်ကြောင်း စစ်တွေရှိ UNICEF ရုံးတာဝန်ခံYosi Burckhardt က MID NEWS သို့ အတည်ပြုပြောသည်။
UNICEF ၏ ထောက်ပံ့ပစ္စည်းများကို ကျောက်တော်သို့ ပို့ဆောင်ရန် ပြင်ဆင်နေစဉ်
“အခုကူညီတဲ့ ပစ္စည်းတွေကတော့ အဝတ်အစား၊ မီးဖိုချောင်သုံး ပစ္စည်းတွေ၊ စောင်တွေ၊ အိုးခွက် ပန်းကန်တွေ ပါပါတယ်။ နောက် တာပေါ်လင်စတွေနဲ့ ကြိုးတွေကိုလည်း ဆက်ပြီးပေးပို့သွားဖို့ အစီအစဉ် ရှိပါသေးတယ်။ အခုလို ကူညီပေးခွင့် ရတာကိုကျမတို့ UNICEF အနေနဲ့ အခွင့်အရေးတစ်ခုလို့ ထင်မြင် မိပါတယ်”ဟု သူမက ပြောဆိုသည်။
UNICEF အနေဖြင့် ပြည်နယ် အစိုးရအဖွဲ့မှ လက်ခံရရှိသော စာရင်းအရ စစ်ဘေးရှောင် အိမ်ထောင်စု ၁၁၅ စု (လူဦးရေ ၅၇၈ ဦး) အတွက် အဝတ်အထည်နှင့် အိမ်သုံးပစ္စည်း ၂၆ မျိုးပါ အထုပ်ပေါင်း ၁၁၅ ထုပ်ကိုဧပြီလ ၂၈ ရက်နေ့၊ နံနက်ပိုင်းမှ စတင်ကာ စစ်ဘေးရှောင် ဒုက္ခသည်များထံ ပေးပို့လိုက်ပြီဖြစ်သည်။
“လတ်တလော ရွှေ့ပြောင်းလာခဲ့ရတဲ့အတွက် သူတို့တွေမှာဘာမှ ပါမလာဘူးလေ။ ဒါကြောင့် သူတို့တွေ လိုအပ်မယ့် အဝတ်အထည်၊ အိုးခွက် ပန်းကန်တွေကို အခုလိုဦးစားပေး ကူညီပေးတာ ဖြစ်ပါတယ်” ဟု စစ်တွေရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်စိုး က ပြောသည်။
အဆိုပါ ပစ္စည်းများကို UNICEF အနေဖြင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနနှင့် ပူးပေါင်း ပေးပို့လိုက်ခြင်း ဖြစ်သည်။
အဆိုပါ စစ်ဘေးရှောင် ပြည်သူများမှာ ကျောက်တော်မြို့နယ်နှင့် ပလက်ဝ နယ်စပ်အကြား ရခိုင် လက်နက်ကိုင်များနှင့် မြန်မာ့ တပ်မတော်တို့ တိုက်ပွဲများ ပြင်းထန်နေမှုကြောင့်၊ ယင်းအနီး တ၀ိုက်ရှိ ကျေးရွာ အချို့မှ ထွက်ပြေး တိမ်းရှောင်လာသူများ ဖြစ်ကြသည်။
လေးမြို့ 
(မြန်​မာပြည်​အ​နောက်​ဖက်​သတင်းမီဒီယာ)
 http://maruthura.blogspot.com  
Credit - MID
တစ်နိုင်ငံလုံးတွင်​ ၀ှိုက်ကတ်အပ်နှံသူ ၃၂၁၈၁၄ ဦးရှိပြီ
တစ်နိုင်ငံလုံးတွင်​ ၀ှိုက်ကတ်အပ်နှံသူ ၃၂၁၈၁၄ ဦးရှိပြီ
တစ်နိုင်ငံလုံးတွင် အပ်နှံသည့် ၀ှိုက်ကတ် အရေအတွက်မှာ ဧပြီလ ၂၉ ရက်နေ့ အထိ စုစုပေါင်း ၃၂၁၈၁၄ ခုရှိပြီ ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ၀ှိုက်ကတ် ပြန်အပ်သူများကို တွေ့ရစဉ်
“ကျနော်တို့ နိုင်ငံမှာ ၀ှိုက်ကတ် ကိုင်ဆောင်သူ အရေအတွက်က တစ်နိုင်ငံလုံးမှာ စုစုပေါင်း ၇၆၁၀၆၄ ဦးရှိပါတယ်။ ဒီနေ့ထိ အပ်နှံတဲ့သူ အရေအတွက်က ၃၂၁၈၁၄ ဦးရှိပါတယ်” ဟု လ.၀.က ညွှန်ကြားရေးမှူး ဦးတင်ရှယ်က ပြောသည်။
ဝှိုက်ကတ် (ခေါ်) ယာယီ သက်သေခံ လက်မှတ်များသည် မတ်လ ၃၁ ရက်နေ့မှ စပြီး တရားမ၀င်တော့ကြောင်း သမ္မတရုံးမှ ထုတ်ပြန် ကြေညာခဲ့ပြီးနောက် ဧပြီလတစ်ရက်နေ့မှ စ၍ ၀ှိုက်ကတ်များ ပြန်လည် အပ်နှံမှုကို လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှ လက်ခံနေခြင်း ဖြစ်သည်။
“ဧပြီလနဲ့မေလ၊ နှစ်လအတွင်းလက်ခံသွားပါမယ်။ အားလုံးလာအပ်ကြပါလိမ့်မယ်။ ၀ှိုက်ကတ် ကိုင်ဆောင်သူအများဆုံး ဖြစ်တဲ့ ရခိုင်ပြည်နယ်ထဲမှာလည်းအပ်တဲ့သူကသုံးသိန်းကျော် ရှိသွားပြီ ဖြစ်ပါတယ်” ဟုညွှန်ကြားရေးမှူးက ပြောဆိုသည်။ ရခိုင်ပြည်နယ်ထဲတွင် ၀ှိုက်ကတ် ကိုင်ဆောင်သူ စုစုပေါင်း ၆၆၆၃၈၁ဦးရှိပြီး၊ ယင်းအထဲ မှ ၃၀၀၄၃၂ ကတ်ကို အပ်နှံပြီး ဖြစ်ကြောင်း၊ ၀ှိုက်ကတ်ကိုင်ဆောင်သူ အများစုမှာ ဘင်္ဂါလီလူမျိုးများ ဖြစ်ကြောင်း ၄င်းကဆိုသည်။
“၀ှိုက်ကတ်ကို ပြန်အပ်နှံပြီးတဲ့ နောက်မှာ ၀ိုက်ကတ် ကိုင်ဆောင်သူတွေရဲ့ အရေးကိုတော့ အသစ် ဖွဲ့စည်းထားတဲ့ လေ့လာသုံးသပ်ရေး အကြံပြုချက် ကော်မရှင်ရဲ့ ညွှန်ကြားတဲ့ အတိုင်း လုပ်ဆောင်သွားပါ့မယ်။ အခု အဲဒီကော်မရှင်ကိုလည်း ဖွဲ့စည်းထားပြီ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးက ဆိုသည်။
ယင်းလေ့လာသုံးသပ်ရေး အကြံပြုချက် ကော်မရှင်ကို လ.၀.က ဒုဝန်ကြီးက ဦးဆောင်မည် ဖြစ်ပြီး၊ သမ္မတရုံး ဥပဒေ အကြံပေးတစ်ဦး၊ ကိုးကန့် ယဉ်ကျေးမှု အဖွဲ့မှ တစ်ဦး၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့မှ တစ်ဦးနှင့် အခြား ဥပဒေပညာရှင်များ၊ တတ်သိပညာရှင်များ ပါဝင်သည်ဟု သိရသည်။
၎င်းအဖွဲ့သည် ၀ှိုက်ကတ် ကိုင်ဆောင်သူများ အရေးကိုမည်သို့ မည်ပုံကိုင်တွယ် ဖြေရှင်းမည်ကို လေ့လာသုံးသပ်ပြီး အစိုးရထံ အကြံပြုမည်ဟု သိရသည်။
လေးမြို့ 
(မြန်​မာပြည်​အ​နောက်​ဖက်​သတင်းမီဒီယာ)
 http://maruthura.blogspot.com  
Credit - MID
ကျောက်တော်မြို့နယ်မှ သိမ်းဆည်းရမိသော လက်နက်များတွင် KIO သင်္ကေတများပါဟုဆို
ကျောက်တော်မြို့နယ်မှ သိမ်းဆည်းရမိသော လက်နက်များတွင် KIO သင်္ကေတများပါဟုဆို
ဧပြီလ ၂၇ ရက်နေ့က ကျောက်တော်မြို့နယ် ကုလားကျ ကျေးရွာအနီး ဖမ်းဆီးရမိသော လက်နက် ၁၉ လက်တွင် KIO (ကချင်) အဖွဲ့ အသုံးပြုသည့် သင်္ကေတ ဖြစ်သော KO အမှတ်လက္ခဏာများ ပါဝင်ကြောင်း မြန်မာ့ တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။
ယင်းလက်နက်များသည် ရက္ခိုင့်တပ်မတော် (AA)က သိုဝှက်ထားသော လက်နက်များ ဖြစ်ကြောင်း သိမ်းဆည်းရမိသော လက်နက်မျိုးစုံ ၁၉ လက်အား အသေးစိတ် စိစစ်ခဲ့ရာ တစ်ဖက်နိုင်ငံထုတ် လက်နက်အမျိုးအစား ဖြစ်ပြီးလက်နက်များ၏ ကိုယ်ထည်တွင် စက်ဝိုင်းအတွင်း၌ ၇ ထောင့် ကြယ်ပုံပါရှိသည့် သင်္ကေတ၊ M-22 ၊ M-25 စသည့်သေနတ် အမျိုးအစားစာသားနှင့် KIA(ကချင်) အဖွဲ့ကိုင်ဆောင် အသုံးပြုသည့် လက်နက်များ၏ သင်္ကေတဖြစ်သော KO အက္ခရာပါရှိသည့် သေနတ်နံပါတ်များ ရိုက်နှိပ်ထားကြောင်း ဖော်ပြထားသည်။
သို့သော် ယင်းထုတ်ပြန်ချက်တွင် တစ်ဖက်နိုင်ငံဟု ဖော်ပြထားသော်လည်း တစ်ဖက်နိုင်ငံဆိုသည်မှာ ဘင်္ဂလားဒေရှ့်(သို့မဟုတ်) တရုတ်နိုင်ငံဆိုသည်ကို သဲကွဲစွာ ဖော်ပြထားခြင်းမရှိပေ။
ဧပြီ ၂၇ ရက်က ကုလားကျကျေးရွာ၏ အနောက်တောင်ဘက် ၂ မိုင်ခန့် အကွာရှိ သဘာဝ ကျောက်လိုဏ်ဂူအတွင်း၌ ကျောက်တုံးများဖြင့် ဖုံးအုပ်ထားသော အမ်(၂၂)ပုံစံ သေနတ် ၅ လက်၊ အမ်(၂၅)ပုံစံ သေနတ် ၄ လက်၊ စုစုပေါင်း ၉ လက်အား သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းနေရာ ဝန်းကျင်အား ဆက်လက်ရှင်းလင်း ရှာဖွေခဲ့ရာပေ ၅၀ ခန့်အကွာ၌ သစ်ရွက်များဖြင့် ဖုံးအုပ်ထားသော အမ်(၂၂)ပုံစံ သေနတ် ၆ လက်နှင့် အမ်(၂၅)ပုံစံ သေနတ် ၄ လက်၊ စုစုပေါင်း ၁၀ လက်အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။
အလားတူ ဧပြီလ ၂၅ ရက်နေ့ကလည်း ရက္ခိုင့်တပ်မတော်မှ တပ်သားအဆင့်ရှိ ထွန်းထွန်းဝင်း (၃၁) နှစ်၊ (ဘ) ဦးထွန်းခိုင်အားအမ် (၂၂) ပုံစံသေနတ် တစ်လက်၊ ၎င်းကျည် ၃၀၊ ကျည်အိမ် နှစ်ခု၊ လက်ပစ်ဗုံး နှစ်လုံး၊ ယူနီဖောင်းတစ်စုံတို့နှင့် အတူ ကုလားချောင်း ကျေးရွာမြောက်ဘက် မီတာ ၁၀၀၀ ခန့်တွင် ဖမ်းဆီးရမိခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
ယခုဖမ်းဆီးမှုများနှင့် ပတ်သက်၍ ရက္ခိုင့်တပ်မတော်မှ တစုံတရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
မိဖုရား
Credit - MID
ရခိုင်​ပြည်​နယ်​က ဒုတိယ​မြောက်​သင်္ကြန်​ (သို့ ) ရှစ်​​သောင်းပွဲ​ကြီး နီးလာပြီ
ရခိုင်​ပြည်​နယ်​က ဒုတိယ​မြောက်​သင်္ကြန်​ (သို့ ) ရှစ်​​သောင်းပွဲ​ကြီး နီးလာပြီ
(၃၀-၄-၂၀၁၅ ၊ ​လေးမြို့ ​ဒေသတွင်းသတင်း)
ရခိုင်​ပြည်​နယ်​အတွင်းရှိ အထင်​ကရပွဲ​တော်​တစ်​ခုဖြစ်​သည့်​ ​မြောက်​ဦး ၊ ရှစ်​​သောင်းပုထိုး​တော်​၏ ဗုဒ္ဓပူဇနိယပွဲ​တော်​ကြီးကို ယခုနှစ်​တွင်​လည်း အစဉ်​အလာမပျက်​ ယခုနှစ်​တွင်​ ကျင်းပသွားမည်​ဖြစ်​​ကြောင်းသိရသည်​။
ပွဲ​တော်​ရက်​များမှာ သက္ကရာဇ်​ ၁၃၇၇ ခု ၊ ကဆုန်​လပြည့်​​ ၁၅ ရက်​​နေ့ (၂၀၁၅ ခုနှစ်​ ၊ ​မေလ ၂ ရက်​​နေ့  ၊ စ​နေ​နေ့  ) မှ သက္ကရာဇ်​ ၁၃၇၇ ခု ၊ ကဆုန်​လဆုတ်​ ၄ ရက်​ (၂၀၁၅ ခုနှစ်​ ၊ ​မေလ ၆ ရက်​​ ၊ ဗုဒ္ဓဟူး​နေ့  )ထိ (၅)ရက်​တိုင်​တိုင်​ စည်​ကားသိုက်​မြိုက်​စွာ ကျင်းပသွားမည်​ဖြစ်​​ကြောင်း သိရသည်​။
ပွဲ​တော်​အတွင်း၌ ရိုးရာ​လှေပြိုင်​ပွဲ ၊ ရိုးရာကျင်​ပွဲ ၊ ရိုးရာပြဇာတ်​များနှင့်​ အခြား​ပျော်​ပွဲရွှင်​ပွဲ​ပေါင်းများစွာအပြင်
ရခိုင်​ပြည်​နယ်​၏ ဒုတိယ​မြောက်​သင်္ကြန်​ဟု တင်​​စား​ခေါ်​ဝေါ်ကြသည့်​ လှေစီးရင်း ​ရေပက်​၊​ရေကစားနိုင်​မည့်​ ပွဲများဖြင့်​​ အထူးစည်​ကားသည့်​ပွဲ​တော်​တစ်​ခုလည်း ဖြစ်​သည်​။
ရှစ်​​သောင်းပွဲသည်​ ရခိုင်​ပြည်​နယ်​အတွင်းရှိ အစည်​ကားဆုံးပွဲ​တော်​တစ်​ခုဖြစ်​ပြီး အဆိုပါပွဲသို့  ရခိုင်​ပြည်​နယ်​တစ်​ခုလုံးနှင့်​ မြန်​မာနိုင်​ငံအနှံ့  အပြားမှ ရဟန်းရှင်​လူများ လာ​ရောက်​ဆင်​နွဲ့ လေ့ရှိ​ကြောင်း သိရသည်​။
ရေးသားသူ-မင်းမြတ်​ခိုင်
တင်​ဆက်​သူ-​လေးမြို့ သတင်းမီဒီယာ
ရခိုင်​ဒုက္ခသည်​အများစုမှာ စစ်​ဒဏ်​ထက်​ စစ်​တပ်​မှ လိုက်​လံဖမ်းဆီး​နေမှု​ကြောင့်​ ထွက်​​ပြေးလာရခြင်းဟု ဆို
ရခိုင်​ဒုက္ခသည်​အများစုမှာ စစ်​ဒဏ်​ထက်​ စစ်​တပ်​မှ လိုက်​လံဖမ်းဆီး​နေမှု​ကြောင့်​ ထွက်​​ပြေးလာရခြင်းဟု ဆို
(၃၀-၄-၂၀၁၅ ၊ ​လေးမြို့  သတင်းတို)
တိုက်​ပွဲများ​ကြောင့်​ ရခိုင်​ပြည်​နယ်​​မြောက်​ပိုင်းတွင်​ ဒုက္ခသည်​ဦး​ရေ ၅၀၀ ​ကျော်​ထိရှိလာပြီဖြစ်​ရာ အများစုမှာ စစ်​ပွဲဒဏ်​များထက်​ အစိုးရစစ်​တပ်​မှ  ​လိုက်​လံဖမ်းဆီး​နေမှုများ​ကြောင့်​ ထွက်​​ပြေးတိမ်း​ရှောင်​လာရခြင်းဖြစ်​​သည်​ဟု ​ကျောက်​​တော်​မြို့ နယ်​ ၊ ​ဒေသဖွံ့ ဖြိုး​ရေးအဖွဲ့  မှ ဦး​စောထွန်းက ​ပြောကြားခဲ့​ကြောင်း သိရသည်​။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် စပါးဆိတ်ကျေးရွာတွင် ဒုက္ခသည်လေးရာကျော် ခိုလှုံခဲ့ပြီး ဒုက္ခသည် တစ်ဝက်ကျော်မှာ မူလနေရာများသို့
ပြန်လည် ထွက်ခွာသွားကြပြီ ဟု ကျောက်တော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းကပြောကြားခဲ့​ကြောင်း သိရသည်​။
ယခုအခါ ရခိုင်ဒုက္ခသည် စခန်းများသို့ အကူအညီပေးရေးလုပ်ငန်းများ လုပ်ကိုင်ကြရန်လည်း ကြက်ခြေနီ အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက သွားရောက်လျှက်​ရှိ​ကြောင်း သိရသည်​။
ရေးသားသူ-သန့်စင်
Photo Credit - Narinjara
တင်​ဆက်​သူ-​လေးမြို့ သတင်းမီဒီယာ
စစ်တပ်မှ ဖမ်းဆီးထားသည့် AA တပ်ဖွဲ့ဝင်များကို တပ်မတော်ကသာ ဆုံးဖြတ်မည်ဖြစ်ပြီး ဥပဒေမဲ့ မဖြစ်စေရဟု ရခိုင်ဝန်ကြီးချုပ်ဆို
စစ်တပ်မှ ဖမ်းဆီးထားသည့် AA တပ်ဖွဲ့ဝင်များကို တပ်မတော်ကသာ ဆုံးဖြတ်မည်ဖြစ်ပြီး ဥပဒေမဲ့ မဖြစ်စေရဟု ရခိုင်ဝန်ကြီးချုပ်ဆို
ရက္ခိုင့်တပ်မတော် AA နှင့် ပတ်သက်သည် ဟု ယူဆကာ ဖမ်းဆီးထားသူများကို စစ်တပ်ကသာ ဆုံးဖြတ်နိုင်မည် ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းက ပြောကြားလိုက်သည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းမှ လူ ၁၂ ဦးနှင့် သေနတ် ၁၉လက်ကို ထိမ်းသိမ်းထားပြီး ထိုလူများ နှင့် စပ်လျဉ်း၍ “ဒါက တပ်မတော်ကဆောင် ရွက်နေတဲ့ ကိစ္စဖြစ်တဲ့ အတွက် ကိုယ့်အနေနဲ့ ပြောလို့အရဘူး။ တပ်မတော်ကသာ ဆက်လက် လုပ်ဆောင်မှာဖြစ်တယ်။တစ်ခုပြောနိုင်တာကတော့ ဥပဒေမဲ့တော့ မဖြစ်ရဘူး၊ စစ်ဆေးလို့ ပေါ်ပေါက်ချက်အရသာ ဆောင်ရွက်ရမှာပေါ့”ဟု ဦးမောင်မောင်အုန်းကပြောသည်။
ထို့ပြင် ရက္ခိုင့်တပ်မတော် AA နှင့် တပ်မတော်တို့ ကြားတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ လျော့ချနိုင်ရေးအတွက် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ နှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။
Credit - Mizzima
ဖမ်းဆီးထားသူများအား ဥပ​ဒေနှင့်​အညီသာ စစ်​​ဆေး​မေးမြန်းရန်​ ရခိုင်​ပါတီ​ တောင်းဆို
ဖမ်းဆီးထားသူများအား ဥပ​ဒေနှင့်​အညီသာ စစ်​​ဆေး​မေးမြန်းရန်​ ရခိုင်​ပါတီ​ တောင်းဆို
(၃၀-၄-၂၀၁၅ ၊ ​လေးမြို့ သတင်း)
ယခုရက်​ပိုင်းအတွင်း AA နှင့်​ဆက်​စပ်​​နေသည်​ဟူ​သော သံသယဖြင့်​ ဖမ်းဆီးခံထားရ​သည့်​ ​ဒေသခံ ပြည်​သူများအား အစိုးရစစ်​တပ်​မှ ဖမ်းဆီးစစ်​​ဆေး​မေးမြန်း​နေမှုများ၌ ဥပ​ဒေနှင့်​အညီသာ စစ်​​ဆေး​မေးမြန်းကြရန်​ အစိုးရစစ်​တပ်​ကို ရခိုင်​အမျိုးသားပါတီ (ANP)က ​တောင်းဆိုလိုက်​​ကြောင်း​ သိရသည်​။
“မသင်္ကာတဲ့ လူတွေကို သူတို့ (တပ်မတော်)က စစ်ရေးအရ ဖမ်းဆီးထားတာတွေ ရှိတယ်။ အဲဒီလူတွေကို ဥပဒေအရ စစ်တာ ဆေး တာ တော့ လုပ်ပါ။ ကျနော်တို့က စစ်ရေးအရ ဝင်စွက်ဖက်တာ မဟုတ်ဘူး။ လွတ်ကင်းတယ် ဆိုလို့ရှိရင် မြန်မြန်ဆန်ဆန် လွှတ်ပေး ဖို့အကြောင်း ကျနော်တို့ ဆွေးနွေးတာ ဖြစ်ပါတယ်”ဟု ဦးစောငြိမ်းက ​ပြောကြားခဲ့​ကြောင်း ဧရာဝတီသတင်းဌာနတွင်​​ဖော်​ပြထားသည်​ကို ​တွေ့ ရသည်။
ထို့ပြင်​ အဆိုပါသတင်းများနှင့်​ ပတ်​သက်​၍ ရခိုင်​အမျိုးသားပါတီက သ​ဘောထားတစ်​ရပ်​ကို ထုတ်​ပြန်​​ကြေညာခဲ့​ကြောင်း သိရသည်​။
ရခိုင်​အမျိုးသားပါတီ (ANP)၏ ဧပြီ ၂၉ ရက်​​နေ့ သ​ဘောထား ထုတ်​ပြန်​ချက်​.....ပုံကြည့်​ရန်​....
ရေးသားသူ-​မင်းမြတ်​ခိုင်
တင်​ဆက်​သူ-​လေးမြို့  သတင်းမီဒီယာ
ကျောက်​​တော်​​တောင်​ပွဲ မြင်​ကွင်းများ
ကျောက်​​တော်​​တောင်​ပွဲ မြင်​ကွင်းများ
ရခိုင်​ပြည်​နယ်​ ၊ ​ကျောက်​​တော်​မြို့ တွင်​ ယ​နေ့ လက်​ရှိ ကျင်းပဆင်​နွဲလျက်​ရှိ​သော ​ကျောက်​​တော်​​တောင်​ဘုရားကြီးပွဲ​တော်​ မြင်​ကွင်းများ....
လေးမြို့ 
(မြန်​မာနိုင်​ငံအ​နောက်​ဖက်​သတင်းမီဒီယာ)
Photo Credit - နန်းတွင်းမိညို
AA ကို အား​ပေးသည်​ဆိုပြီး လင်းစင်​ရွာသားများအား စစ်​တပ်​က ဖမ်းဆီးနှိပ်​စက်​​နေဟုဆို
AA ကို အား​ပေးသည်​ဆိုပြီး လင်းစင်​ရွာသားများအား စစ်​တပ်​က ဖမ်းဆီးနှိပ်​စက်​​နေဟုဆို
(၂၉-၄-၂၀၁၅ ၊ ​လေးမြို့  သတင်း)
ရက္ခိုင့်​တပ်​မ​တော်​ AA ကို အား​ပေးသည်​ဆိုပြီး ​ကျောက်​​တော်​မြို့ နယ်​ ၊ ဝဲကြီး​ထောင့်​ လင်းစင်​ရွာသား  ၇၀ ခန့်​လောက်​ကို အစိုးရစစ်​တပ်​က ဖမ်းဆီး နှိပ်​စက်​ညှဉ်းပမ်းနေသည်​ဟု နိရဉ္စရာတွင်​ ယ​နေ့  ​ဖော်​ပြထားသည်​။
အစိုးရစစ်​တပ်​နှင့်​ ရက္ခိုင့်​တပ်​မ​တော်​ AA တို့ တိုက်​ပွဲဖြစ်​ပွားသည့်​​နေရာနှင့်​ အနီးဝန်းကျင်​ရှိ ​ကျေးရွာများမှ ရွာသားများအား အစိုးရက ဧပြီ ၂၃ ရက်​​နေ့ ကစတင်​၍ ဖမ်းဆီးစစ်​​ဆေး​မေးမြန်းမှုများ ပြုလုပ်​လျက်​ရှိရာ ယခုအခါ လူ ၇၀ ဝန်းကျင်​ခန့်​လောက်​ရှိသွားပြီဖြစ်​ပြီး ညှဉ်းပမ်းနှိပ်​စက်​မှုများရှိ​နေသဖြင့် ​ဒေသခံတို့  ​ကြောက်​လန့်​နေကြရ​ကြောင်း သိရသည်​။
“ ကျွန်တော်တို့ကို ရက္ခိုင့်တပ်မတော်ကို အားပေးတယ်ဆိုပြီး ဖမ်းဆီးတာပါ။ အရိုက်ခံရပြီး ခေါင်းကွဲသူကွဲ၊ လက်ကျိုးသူကျိုး အဲသလိုမျိုး ဖြစ်နေပါတယ်။ ၀ဲကြီးထောင့်နဲ့ ရွာသစ်ကြားမှာ မူလတန်းကျောင်းမှာ ဖမ်းဆီးပြီး အဲသလိုမျိုး ပြုလုပ်နေတာပါ” ဟု အမည်မဖော်လိုသူ ရွာသား တစ်ဦးက ပြောသည်။-(Narinjara)
အစိုးရစစ်​တပ်​များသည်​ တိုက်​ပွဲဖြစ်​ပွားရာ ​ဒေသတစ်​​လျှောက်​ ရက္ခိုင့်​တပ်​မ​တော်​၏ လက်​နက်​သို​လှောင်​ထားရှိရာ​နေရာ​များကို ရှာ​ဖွေ​ဖော်​ထုတ်​ဖမ်းဆီးလျှက်​ရှိပြီး AA နှင့်​ ဆက်​စပ်​နိုင်​သည်​ဟု သံသယရှိသူများကို ဖမ်းဆီးစစ်​​ဆေး​နေ​ခြင်းဖြစ်​​ကြောင်း သိရသည်​။
အဆိုပါစစ်​​ဆေး​မေးမြန်းမှုတွင်​ ညှဉ်းပမ်းနှိပ်​စက်​မှုအမှန်​တကယ်​ရှိမရှိနှင့်​ ပတ်​သက်​၍ အစိုးရစစ်​တပ်​ဖက်​မှ တစ်​စုံတစ်​ရာထုတ်​ပြန်​​ပြောဆိုခြင်း မရှိ​သေး​ပေ။
ရေးသားသူ-မင်းမြတ်​ခိုင်
ဓာတ်​ပုံ - Tun Naing
တင်​ဆက်​သူ-​လေးမြို့  သတင်းမီဒီယာ
နိုင်​ငံအတွင်းသို့  လက်​နက်​ကျည်​ထပ်​မကျဖို့  မြန်​မာကို တရုတ်​ထပ်​မံသတိ​ပေး
နိုင်​ငံအတွင်းသို့  လက်​နက်​ကျည်​ထပ်​မကျဖို့  မြန်​မာကို တရုတ်​ထပ်​မံသတိ​ပေး
(၂၉-၄-၂၀၁၅ ၊ ​လေးမြို့  သတင်း)
တရုတ်​-မြန်​မာနယ်​စပ်​အနီးတွင်​ ဖြစ်​ပွား​နေ​သော မြန်​မာ့တပ်​မ​တော်​နှင့်​ ကိုးကန့်တပ်​ NNDAA တို့  တိုက်​ပွဲများအတွင်း တရုတ်​နိုင်​ငံပိုင်​နက်​အတွင်းသို့  လက်​နက်​ကျည်​ထပ်​မကျရန်​ တရုတ်​အစိုးရမှ မြန်​မာအစိုးရအား မ​နေ့ က ထပ်​မံသတိ​ပေးလိုက်​​ကြောင်း သိရသည်​။
မကြာ​သေးမီက တရုတ်​နိုင်​ငံပိုင်​နက်​အတွင်းသို့  မြန်​မာနိုင်​ငံဖက်​မှ လက်​နက်​ကျည်​​တွေ ထပ်​မံကျ​ရောက်​ခဲ့​ပေမယ့်​ ကံ​ကောင်း​ထောက်​မစွာဖြင့်​ ပျက်​စီးဆုံးရှုံးမှုတစ်​စုံတစ်​ရာမရှိခဲ့​ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Hong Lei က ​ပြောကြားခဲ့​ကြောင်း အင်​တာနက်​သတင်းတစ်​ရပ်​အရ သိရသည်​။
ယခုရက်​ပိုင်းအတွင်း ​လောက်​ကိုင်စခန်းသိမ်းတိုက်​ပွဲများ​ကြောင့်​ နှစ်​ဖက်​အကျအဆုံးများပြားခဲ့ပြီး တာဝန်​ရှိသူများအ​နေဖြင့်​ ထိန်းထိန်းသိမ်းသိမ်းကိုင်​တွယ်​​ဆောင်​ရွက်​သင့်​​ကြောင်း Mr.Hong က ​ပြောကြားခဲ့ကြသည်​။
အဆိုပါစခန်းသိမ်းတိုက်​ပွဲအတွင်း ကိုးကန့်တပ်​များသည်​ တရုတ်နယ်စပ်မျဉ်းနဲ့ ကိုက် ၅၀၀ လောက် အကွာနီးနီးရှိ ကတုတ်ကျဉ်းတွေထဲမှာ နေရာယူထားကြသည်​ဟု သိရပြီး တိုက်​ပွဲ​ကြောင့်​ နယ်​နမိတ်​​ကျော်​လွန်​ကာ လက်​နက်​ကျည်​များ ကျ​ရောက်​ခဲ့ခြင်းဖြစ်​​ကြောင်း သိရသည်​။
ပြီးခဲ့​သော လကလည်း ကိုးကန့် တိုက်​ပွဲများအတွင်း တရုတ်​နိုင်​ငံ၊ယူနန်​ပြည်​နယ်​ထဲသို့  မြန်​မာဖက်​မှ လက်​နက်​ကျည်​များကျ​ရောက်​ခဲ့ပြီး တရုတ်​နိုင်​ငံသား ၅ ဦး ​သေဆုံးခဲ့​ကြောင်း သိရသည်​။
ရေးသားသူ-မင်းမြတ်​ခိုင်
တင်​ဆက်​သူ-​လေးမြို့ သတင်းမီဒီယာ
မျိုးနွယ်စုပါတီများစွာ ပေါ်ပေါက်လာမှုကြောင့် ချင်းလူမျိုးများ စည်းလုံးမှုပြိုကွဲဟုဆို
မျိုးနွယ်စုပါတီများစွာ ပေါ်ပေါက်လာမှုကြောင့် ချင်းလူမျိုးများ စည်းလုံးမှုပြိုကွဲဟုဆို
ချင်းမျိုးနွယ်စုများကို အခြေခံသည့် ပါတီများ ပိုမိုပေါ်ပေါက်လာခြင်းသည် ချင်းလူမျိုးများ စည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် လမ်းကြောင်းဖြစ်နေကြောင်း ချင်းတိုးတက်ရေးပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့ယိမ်းက ဧပြီလ၂၇ရက်နေ့တွင် ဝေဖန်ပြောကြားလိုက်သည်။
“မျိုးနွယ်စုကွဲ တိုင်းသာပါတီ ထောင်မယ်ဆိုရင်တော့ ပါတီပေါင်း၅၀ ကျော်သွားမှာပေါ့။ ပိုစည်းလုံးမယ့် အစားပိုကွဲစေမယ့် ပုံစံမျိုးဖြစ်တာမျိုးကို အစကတည်းကကျနော် သဘောမကျခဲ့ဘူး။ အရင်ကတည်းက ချင်းပါတီတွေ ညီညွတ်ပြီးစုပေါင်းမယ့် အနေအထားတစ်ခုအတွက် ရည်မှန်းခဲ့တယ်။ ပူးပေါင်းရေး ဆွေးနွေးရင် မပူးပေါင်းဘဲနဲ့ ပါတီပြောင်းသွားကြတဲ့ သဘောပဲဖြစ်လာခဲ့တယ်” ဟု ၄င်းက ထောက်ပြပြောဆိုသည်။
တရားဝင် သတ်မှတ်ချက်အရ မြန်မာနိုင်ငံတွင် တိုင်းရင်းသား မျိုးနွယ်စုပေါင်း ၁၃၅ မျိုးရှိသည့်အနက် ချင်းလူမျိုး၊ မျိုးနွယ်စုပေါင်း ၅၃မျိုးရှိကြောင်း ထုတ်ပြန်ထားသည်။
ချင်းအမည်ဖြင့် ပါတီများ၊ ချင်းမျိုးနွယ်စု အမည်ဖြင့် ပါတီများစွာ ရှိနေခြင်းကြောင့်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် မိမိဒေသတွင်း လူထုသည် အခြားပါတီများထံ အာရုံရောက်သွားနိုင်ကြောင်း ဦးဝှေ့ယိမ်းကဆိုသည်။
၎င်းက “ချင်းပါတီ ကွဲတွေများတော့ လူထုက ပြည်မပါတီတွေဖက်ကို အာရုံစိုက်သွားမှာကို စိုးရိမ်စရာဖြစ်တာပေါ့” ဟုပြောသည်။
ချင်းအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် မင်းတပ်မြို့နယ်ဥက္ကဌဦးအောင်သန်းက “ချင်းပါတီတွေ များတော့ လူထုက ချင်းပါတီကို မဲပေးချင်ရင်တောင် ဘယ်တစ်ခုကိုမဲပေးမလဲ။ လူတစ်ဦးမှာ မဲတစ်မဲပဲရှိတယ်။ ဒါက ချင်းပါတီတွေရဲ့ အဓိက အားနည်းချက်ပဲ”ဟု ချင်းပါတီများနှင့် ပတ်သက်၍ မှတ်ချက်ပြုပြောသည်။
သို့သော် ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီအတွင်းရေးမှူး (၃) ဆလိုင်းမျိုးချစ်ကမှု “သာမန် စဉ်းစားမယ်ဆိုရင်တော့ ချင်းပါတီတွေများလို့ ကွဲတယ်တို့၊ ရွေးကောက်ပွဲမှာ တခြားပြည်မ ပါတီတွေက ကြားထဲကနေ အနိုင်ရသွား နိုင်တယ်ဆိုတာမျိုးတော့ ဖြစ်တာပေါ့။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ကြည့်မယ်ဆိုရင် ချင်းပါတီတွေက မြို့နယ်တိုင်းမှာ ကော်မတီအားလုံး မဖွဲ့နိုင်ဘူး။ သူ့နေရာနဲ့သူ ရှိတယ်။ စည်းရုံးအားနဲ့လည်း ဆိုင်မှာပေါ့။ ပြီးတော့ ရွေးကောက်ပွဲ အနိုင်ရရေးမှာ ချင်းပါတီအချင်းချင်း ပြိုင်မှာမဟုတ်ဘူးလေ။ ကျနော်တို့ အချင်းချင်း ဆွေးနွေးညှိနှိုင်းတာတွေလည်း လုပ်နေတယ်” ဟုပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ချင်းလူမျိုးကို အခြေခံသည့် ချင်းပါတီ၃ပါတီသာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း၊ ယခုအခါ ချင်းအမည် သုံးစွဲသည့် ပါတီ၃ ပါတီနှင့် ချင်းမျိုးနွယ်စု အခြေခံသည့် ပါတီ၇ ပါတီတရားဝင် မှတ်ပုံတင်ထားသည်။
From - MID
ပြည်​သူများအား ညှင်းပမ်းနှိပ်​စက်​မှူများမပြုလုပ်​ရန်​ AA ​တောင်းဆို
ပြည်​သူများအား ညှင်းပမ်းနှိပ်​စက်​မှူများမပြုလုပ်​ရန်​ AA ​တောင်းဆို
အဆိုပါ သ​ဘောထားထုတ်​ပြန်​ချက်​မူရင်းမှာ...
ရက္ခိုင့်တပ်မတော်
စစ်ရုံးချုပ်
သဘောထားထုတ်ပြန်ကြေငြာချက်
အမှတ်၊ ၄/၂၀၁၅
၁၃၇၇-ခုနှစ်၊ ကဆုန်လဆန်း(၁၁)ရက်
(၂၀၁၅-ခုနှစ်၊ ဧပြီလ (၂၈)ရက်)
၂၀၁၅-ခုနှစ်၊ မတ်လ(၂၉)ရက်နေ့မှစ၍ ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ထိတွေ့မှု(၁၀)ကြိမ် ခန့်ရှိခဲ့သည်။ ဤတစ်လနီးပါး တိုက်ပွဲကာလအတွင်းတွင် မြန်မာ့တပ်မတော်သည် ရက္ခိုင်ရွာအချို့အား အတင်းဝင်ရောက် မွှေနှောက်ပြီး ရပ်မိရပ်ဖ၊ ရပ်ရွာလူကြီးများအပါအဝင် အပြစ်မဲ့ရွာသူရွာသားများအား ဖမ်းဆီးနှိပ်စက် ထိန်းသိမ်းစစ်ဆေးခြင်း၊ ရွာသားများပိုင်ဆိုင်သော ဆန်၊ ဆီ၊ ဆား အပါအဝင် စားနပ်ရိက္ခာများအား ဖျက်ဆီးယူဆောင်သွားခြင်း၊ လူမဆန်စွာ နှိပ်စက်ပြုမူခြင်း၊ ဥပဒေနားမလည်သော ရွာသူရွာသားများအား ဥပဒေဖြင့် ခြိမ်းခြောက်၍ လူ့အခွင့်အရေးများချိုးဖောက်ခြင်း၊ စစ်ရာဇဝတ်ပြစ်မှုများကျူးလွန်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ခြင်းများကို ပေါ်ပေါ်ထင်ထင် ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
ဤကဲ့သို့သော မြန်မာ့တပ်မတော်၏လုပ်ရပ်များမှာ တိုင်းရင်းသားဒေသအသီးသီးတွင် လုပ်လေ့လုပ်ထ ဖြစ်ရိုးဖြစ်စဉ်များသာဖြစ်သည်။ ထို့ကြောင့် မြန်မာ့တပ်မတော်သည် အလားတူကိစ္စရပ်များအား ထပ်မံကျူးလွန်နိုင်သည်ကို နိုင်ငံတကာသံရုံးနှင့် အဖွဲ့အစည်းများအနေဖြင့်လည်း ခန့်မှန်းသိရှိထားပြီးဖြစ်သောကြောင့် ထပ်မံကျူးလွန်ခြင်းမပြုလုပ်ရန် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရန် တိုက်တွန်းထားသည်။ မြန်မာ့တပ်မတော်၏ ရက္ခိုင်လူမျိုးအပေါ် ဤကဲ့သို့သော ဥပဒေမဲ့လုပ်ရပ်များ၊ ခါးသီးစရာကောင်းသော လုပ်ရပ်များကို နေ့စဉ်ရက်ဆက် ပြုမူကျူးလွန်နေခြင်းမှာ ရက္ခိုင့်တပ်မတော် အောက်ခြေရဲဘော်များ၏ ဒေါသစိတ်အားနှိုးဆွပေးခြင်း၊ ရက္ခိုင်လူမျိုးများအား စော်ကားခြင်းနှင့်တူကာ မလိုလားအပ်သော ဖြစ်ရပ်များကို ဖြစ်ပေါ်နိုင်ရန်အတွက် တွန်းအားများအဖြစ် ဖြစ်ပေါ်လျက်ရှိနေသည်။
ရက္ခိုင်ပြည်အတွင်းရှိ မြန်မာ့တပ်မတော်အနေဖြင့် ဤကဲ့သို့သော လုပ်ရပ်များကို ထင်ထင်ရှားရှား ကျူးလွန်နေမှုများသည် လူမျိုးတစ်မျိုးနှင့်တစ်မျိုးအကြားတွင် အမုန်းတရား မီးတောက်များကို ပိုမိုလောင်ကျွမ်းစေနိုင်ရန် အားပေးလျက်ရှိနေသည်ကို လက်ရှိအစိုးရနှင့်တကွ မြန်မာ့တပ်မတော်အား သိရှိစေလိုသည်။ နိုင်ငံရေးအရ ဖြေရှင်း၍ရသော အခြေအနေများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်မကြိုးစားဘဲ လူမျိုးရေးပဋိပက္ခပြဿနာများဖြစ်လာနိုင်အောင် တွန်းပို့လျက်ရှိနေသည်။
ဤကိစ္စနှင့်ပတ်သက်၍ အထက်ပါဖြစ်စဉ်များ၌ မျက်မြင်ကိုယ်တွေ့ ကိုယ်ထိလက်ရောက် ပါဝင်ခဲ့ကြသည့် မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်နေကြသော ရက္ခိုင်လူမျိုးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေကြသော ရက္ခိုင်လူမျိုးများအနေဖြင့် မိမိတို့လူမျိုးများအား အခြားလူမျိုးတစ်မျိုးမှ ယခုကဲ့သို့ မတရားသဖြင့် ညှဉ်းပန်းနှိပ်စက်၊ ရိုက်နှက်ခြင်းများအား ကျူးလွန်နေသည်ကို လက်ပိုက်ကြည့်နေမည့်အစား ကာကွယ်စောင့်ရှောက်ရန် တိုက်တွန်းလိုက်သည်။ ထို့အပြင် အခြားသော ရက္ခိုင်လက်နက်ကိုင်တပ်ဖွဲ့ငယ်များအား မိမိတို့ရက္ခိုင့်တပ်မတော်နှင့်အတူ အမျိုးသားရေးအတွက် လုပ်သင့်လုပ်ထိုက်သည်များ၊ နိုင်ရာတာဝန်များကို လုပ်ကိုင်နိုင်ရန်အတွက် အမျိုးသားရေး ဘုံအကျိုးစီးပွားများကို ဦးထိပ်ထား၍ ရက္ခိုင့်တပ်မတော်နှင့် လာရောက်ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖိတ်မန္တကပြုလိုက်ပါသည်။
ရက္ခိုင့်တပ်မတော်သည် နိုင်ငံရေးကိုအခြေခံ၍ မိမိလူမျိုးများ ရသင့်ရထိုက်သည်များကို ရရှိနိုင်ရန်အတွက် ရက္ခိုင်လူထုနှင့်အတူ လက်တွဲတိုက်ပွဲဝင်လျက်ရှိသည်။ ထို့ကြောင့် ရက္ခိုင်လူထုများအနေဖြင့်လည်း ယခုရက္ခိုင်ပြည်အတွင်းတွင် ဖြစ်ပေါ်လျက်ရှိသော တိုက်ပွဲများသည် ရက္ခိုင့်တပ်မတော်၏ တိုက်ပွဲများသာဖြစ်သည်ဟု မယူဆစေလိုဘဲ ရက္ခိုင်မျိုးနွယ်စု၊ ရက္ခိုင်လူထုတစ်ရပ်လုံးနှင့် တိုက်ပွဲဝင်နေသော တိုက်ပွဲများအဖြစ် မှတ်ယူရန် လိုအပ်သည်။
ထို့အပြင် ရက္ခိုင်မိဘပြည်သူလူထုများအား ရက္ခိုင့်တပ်မတော်နှင့်အတူ အမျိုးသားရေးတာဝန်များအား တစ်နိုင်တစ်ပိုင် တာဝန်ထမ်းဆောင်ခြင်းမျိုးမဟုတ်ဘဲ အင်တိုက်အားတိုက်ဖြင့် စိတ်ပါလက်ပါ ထိထိရောက်ရောက် ပါဝင်ဝန်းရံပေးကြရန် ထပ်မံတိုက်တွန်းလိုက်ပါသည်။
စစ်ရုံးချုပ်
ရက္ခိုင့်တပ်မတော်