သီတာထွေးကွယ်လွန်ခြင်း ၃ နှစ်မြောက်အောက်မေ့ဖွယ်အခမ်းအနား ကျောက်နီမော်တွင်ပြုလုပ်

သီတာထွေးကွယ်လွန်ခြင်း ၃ နှစ်မြောက်အောက်မေ့ဖွယ်အခမ်းအနား ကျောက်နီမော်တွင်ပြုလုပ်

ကျောက်နီမော်သူ မသီတာထွေးကွယ်လွန်ခြင်း ၃ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို မေလ ၂၈ ရက်နေ့က သူမ၏ဇာတိဖြစ်သော ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင်ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မနက်ပိုင်းမှာ ဘုန်းကြီးတွေကို အရုဏ်ဆွမ်းကပ်တယ်။ နောက်ပြီး ရေစက်ချအမျှဝေတယ်။ လာတဲ့သူများကိုလည်း လက်ဖက်ရည်နှင့်ဧည့်ခံခဲ့တယ်”ဟုအခမ်းအနားသို့တက်ရောက်ခဲ့သည့် ကျောက်ဖြူမြို့နယ်ရခိုင်အမျိုးသားပါတီမှ ဦးသိန်းဇော်က ပြောသည်။

ယင်းအပြင် မသီတာထွေး၏အရိုးဂူတွင်လည်း အခမ်းအနားသို့တက်ရောက်လာသူများက လွမ်းသူ့ပန်းခွေများချ၍ တစ်မိနစ်ခန့်ငြိမ်သက်ကာ ဂုဏ်ပြုခဲ့ကြကြောင်းလည်း သိရသည်။

မသီတာထွေးသည် ၂ဝ၁၂ ခုနှစ်၊ မေလ ၂၈ ရက်နေ့က ကျောက်နီမော်ကျေးရွာအနီးတွင် ဘင်္ဂလီ ၃ ဦး၏ အဓမ္မကျင့်သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။

ယင်းသို့ သူမကွယ်လွန်သွားခြင်းမှာ ရခိုင်ပြည်နှင့်ရခိုင်လူမျိုးများကို ဘင်္ဂလီများ၏အန္တရာယ်မှ အသက်ပေးကာကွယ်သွားခြင်းဖြစ်သည့်အတွက် သူမအား ဂုဏ်ပြုလို၍ ယခုကဲ့သို့ အခမ်းအနားကို ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

“ကွယ်လွန်သွားတာ ဒီနှစ်ဆိုရင် သုံးနှစ်မြောက်ဖြစ်ပြီပေါ့လေ။ နှစ်တိုင်းလုပ်တယ်”ဟု ဦးသိန်းဇော်က ဆိုသည်။

အဆိုပါအခမ်းအနားကို မသီတာထွေး၏မိသားစုဝင်များက ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး အခမ်းအနားသို့ မသီတာထွေး၏ မိသားစုဝင်များအပါအဝင် ဒေသခံများ၊ လူမှုအဖွဲ့အစည်းအချို့မှတာဝန်ရှိသူများနှင့် ကျောက်ဖြူနှင့်  ရမ်းဗြဲမြို့နယ် ရခိုင်အမျိုးသားပါတီမှတာဝန်ရှိသူများ စုစုပေါင်းအင်အား ၃ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

From-Narinjara


ရခိုင် အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်နှင့် တွေ့ဆုံခြင်း

ရခိုင် အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်နှင့် တွေ့ဆုံခြင်း

‘အမျိုးသားတွေဟာ အမျိုးသမီးတွေကို လက်တွဲခေါ်ဖို့ တန်းတူညီတူ သဘောထားဖို့ကို ထားလို့ လက်တွဲခေါ်ဖို့ အဆင့်ထိ အားနည်းနေတယ်’

၂၀၁၄ ခုနှစ် မတ်လ အတွင်းက ရခိုင်ပါတီ နှစ်ခု ပူးပေါင်းပြီး ရခိုင် အမျိုးသားပါတီ (ANP) ကို တည်ထောင်ခဲ့သည်။ အဆိုပါ ရခိုင် အမျိုးသားပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဒေါ်အေးနုစိန်ကို ပါတီအတွင်း ရာထူးကြီး အမျိုးသမီး တစ်ဦး၏ လုပ်ကိုင်ဆောင်ရွက်ရမှုများ၊
နိုင်ငံရေးတွင် အမျိုးသမီး တစ်ဦးအနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲမှ စ၍ ပါဝင်ခဲ့ပုံ၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပါတီအနေဖြင့် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ ထားရှိမှု အခြေအနေတို့ကို မဇ္ဈိမက တွေ့ဆုံမေးမြန်းထားသည်။



အမေး။ ။ ဆရာမ ဒီပါတီထဲကို ဘယ်တုန်းက စပြီးဝင်ခဲ့တာလဲ ပြောပေးပါဦး။

အဖြေ။ ။ ဒီပါတီထဲကို ၀င်တာကတော့ RNDP (ရခိုင် အမျိုးသားများ တိုးတက်ရေး ပါတီ) ၂၀၁၂ မေဆန်းစပေါ့။ အဲ့ဒီတုန်းက ကျွန်မ ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မ ၁၉၉၀ ကတည်းက နိုင်ငံရေးပါတီ ရခိုင်တိုင်းရင်းသားများ ညီညွတ်ရေးပါတီမှာ တွဲဖက်အတွင်းရေးမှူး လုပ်ပြီးတော့ မြောက်ဦး မဲဆန္ဒနယ် အမှတ် (၁) က လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်
ရွေးချယ်ခံဖူးပါတယ်။ (ရခိုင်အမျိုးသားပါတီ  (ANP) သည်  ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) နှင့် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ (RNDP) တို့ ပေါင်းထားသည့် ပါတီ ဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လ ၆ ရက်က ပါတီ မှတ်ပုံတင်ခွင့် ကျခဲ့သည်။)

အမေး။ ။ ၁၉၉၀ တုန်းက RNDP ဖွဲ့ပြီလား။

အဖြေ။ ။ မဟုတ်ဘူး။ ကျွန်မက ရခိုင် တိုင်းရင်းသားများ ညီညွတ်ရေးအဖွဲ့ချုပ် (ရ.တ.ည) ပါ။

အမေး။ ။ အဲ့ဒီတုန်းက မြောက်ဦးမြို့ကနေပြီးတော့ အရွေးခံတယ်ပေါ့နော်။ အဲ့ဒီတုန်းက အတွေ့အကြုံလေး နည်းနည်းလောက်ပြောပြပါဦး။

အဖြေ။ ။ ကျွန်မတို့ အရွေးခံရတဲ့ အနေအထားက ရခိုင်တစ်ပါတီတည်း ဖြစ်မြောက်ရေးအတွက် ကျွန်မတို့ကြိုးစားကြတယ်။ အဲ့ဒီချိန်မှာ ကျွန်မတို့ (ရ.တ.ည) ရယ်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်ရယ် ရခိုင်တပ်ပေါင်းစုရယ် သုံးပါတီရှိခဲ့တယ်။ ဆိုတော့ ရခိုင် တစ်ပါတီတည်း
ဖြစ်မြောက်ရေး ဆိုတာကို ကြိုးစားလို့ ကျွန်မတို့ မရလိုက်ဘူး။ မရလိုက်တော့ ကျွန်မတို့ နိုင်ငံရေးလုပ်ဖို့ အခင်းအကျင်းထဲမှာ ပါတီတစ်ခုဟာ သုံးယောက်စီ အမှတ်တက်ရမယ်။ နိုင်ငံရေး စကားပြောချင်ရင် နိုင်ငံရေးလုပ်ချင်ရင် အမှတ်တက်ရမယ်။ ဒါကြောင့် ကျွန်မဟာ မြောက်ဦး မဲဆန္ဒယ် အမှတ်(၁) က လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ယောက်အဖြစ်နဲ့ ကျွန်မ ရခိုင်တစ်ပြည်လုံးကို သုံးလကျော်ကျော်လောက်ထိ ခြေလျင်တစ်မျိုး၊ မော်တော်သေးသေးလေးတွေနဲ့ တစ်ဖုံ ဒီလိုပဲသွားပြီးတော့ ကျွန်မတို့ရဲ့ ရှေ့မှာဖြစ်လာမယ့် နိုင်ငံရေးအခင်းအကျင်းဟာ ဘယ်လိုရှိ တယ်ဆိုတာကို ကျွန်မအနည်းဆုံး တစ်ရွာကို သုံးနာရီနီးနီးလောက်ထိ ကျွန်မလှည့်လည်ပြီးတော့ ဟောပြောခဲ့တဲ့ အလုပ်တွေ လုပ်ခဲ့ပါတယ်။

အမေး။ ။ ဆရာမအနေနဲ့ နိုင်ငံရေးပါတီထဲမှာ ၀င်ဖို့အတွက်ကို ဘာကြောင့်ဆုံးဖြတ်ခဲ့တာလဲ။

အဖြေ။ ။ ကျွန်မက မျိုးနဲ့ရိုးနဲ့ကို နိုင်ငံရေးကို အသွေးအသားကကို ကျွန်မစိတ် ထည့်ထားတာပေါ့နော်။ ကျွန်မအဘိုး၊ ကျွန်မ အဖေဆိုတော့
ကျွန်မဟာ မဆလခေတ်မှာ လူလားမြောက်လာတယ်ဆိုတော့ ၈၈ အရေးခင်း စကတည်းကကို ဒီစနစ်ဆိုးကြီးကို ဘယ်လိုပြောင်းလဲ
ရမလဲဆိုတဲ့ အထဲမှာ ကျွန်မ ရှေ့နေတစ်ယောက် အနေနဲ့ ပါဝင်နေပြီ။ ဆိုတော့ စစ်အာဏာ သိမ်းလိုက်တယ်ဆိုတော့ နိုင်ငံရေး
ပါတီတွေ ဖွင့်ခွင့် လုပ်လိုက်တယ်။ ဆိုတော့ ကျွန်မတို့ဟာ ရခိုင်တစ်ပါတီတည်း ဖြစ်မြောက်ရေးအတွက် တက်ကြွလှုပ်ရှားတဲ့
အဖွဲ့ ၂၀ ကျော်ကို ကျွန်မ ဆရာ ဦးကျော်သန်းက သူ့အိမ်မှာပဲ မှတ်ပုံမတင်ခင် အဆင့်ထိမှာ တော်တော်လေးကို ကြိုးစားတယ်။ ဒါပေမယ့် ကြိုးစားလို့မရနိုင်တဲ့ အဆုံးမှာမှ ရှေးကတည်းက ကျွန်မတို့ ရခိုင်ပြည်နယ်အသံကို ဖော်ထုတ်ခဲ့တဲ့ (ရတည) အဖွဲ့မှာ ဆရာက အထွေထွေအတွင်းရေးမှူး ကျွန်မက တွဲဖက်အတွင်းရေးမှူး အဲ့ဒီတုန်းက (ရတည) ထဲမှာ ၀န်ကြီးဖြစ်ခဲ့တဲ့ ဦးမောင်ကျော်ဇံက ဥက္ကဋ္ဌအနေနဲ့ ပါဝင်ပြီး ကျွန်မတို့နိုင်ငံ ရေးပါတီ လှုပ်ရှားမှုကို လုပ်ခဲ့တာပါ။ အဲ့လိုလှုပ်ရှားနေရင်းနဲ့ကို ဒီမဲတွေကွဲမသွားဖို့ ရခိုင်တစ်ပါတီတည်း ဖြစ်မြောက်ရေး ဆိုတာကို ကျွန်မတို့ အဆုံးစွန်ဆုံးအဆင့်ထိ ကြိုးစားတဲ့အခါမှာ မရခဲ့ဘူး။ မရတဲ့အခါမှာ ကျွန်မတို့ဘယ်လို နိုင်ငံရေးလုပ်မလဲ၊ ဆိုတော့ ဒီလိုလွှတ်တော်အမတ် ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းလိုက်မှပဲ ကျွန်မတို့ပြောချင်တာတွေကို လူထုထဲမှာပြောခွင့်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ကျွန်မ ဒီလိုလွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းပြီးတော့ ရခိုင်တစ်ပြည်လုံး ကျွန်မ မာန်အောင်တို့၊ တောင်ကုတ်တို့မကျန် ကျွန်မ မဲဆန္ဒနယ်တောင် မကလို့ ဟိုးဘက် အမှတ်(၂) မဲဆန္ဒနယ်အထိ တောင်မှ ကျွန်မရွာ ၁၅၀ ကျော်ကျော် ကျွန်မ တရစပ်ပဲ သုံးလကျော်ကျော်လောက် သွားပြီးတော့ လှုပ်ရှားဟောပြောခဲ့တယ်ပေါ့။

အမေး။ ။ အဲ့ဒီပါတီကနေပြီးတော့ အခုလက်ရှိဒီ RNDP ပါတီထဲကို ဘယ်လိုပြောင်းလဲ ဖြစ်သွားတာလဲရှင့်။

အဖြေ။ ။ ကျွန်မရဲ့တစ်ယောက်တည်း အမြင်အရဆိုရင် ကျွန်မတို့က ၂၀၀၈ ကို မကြိုက်တော့ ဒီ ၂၀၁၀ အခင်းအကျင်းကို ကျွန်မက No Vote ထဲမှာပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ ဆရာ ဦးကျော်သန်းကပဲ ရခိုင်တွေမှာ အသံတစ်ခု ရှိဖို့လိုတယ်။ ပလက်ဖောင်း တစ်ခုရှိဖို့ လိုတယ်။ နိုင်ငံရေးပါတီ ဖွဲ့ကိုဖွဲ့ရမယ် ဆိုပြီးတော့ ကျွန်မ ဆရာက သူ့အိမ်မှာပဲ ပထမဆုံး ကျွန်မတို့ အဖွဲ့ ၂၀ ကျော်နဲ့ ရခိုင်
တစ်ပါတီတည်း ဖြစ်မြောက်ရေး လုပ်ခဲ့သလိုပဲ ဒီ ၂၀၁၀ အခင်းအကျင်းမှာလည်းပဲ ပါကိုပါရမယ်။ ရခိုင်ပါတီတစ်ခု
ထောင်ပြီးတော့လုပ်တယ်။ ဒါပေမယ့် ကျွန်မက No Vote  အနေနဲ့ နေခဲ့တယ်။ ဒါပေမယ့် RNDP ပေါ်ပေါက်လာတဲ့အချိန်မှာ ကျွန်မဟာစိတ်ရောကိုယ်ပါ အပြင်ကနေပြီးတော့ ကူညီပေးတယ်။ အဲ့တော့ ၂၀၁၀ မှာ RNDP  က အနိုင်ရတယ်။ လွှတ်တော်ကို အများစု ရောက်သွားတယ်။ ဆိုတော့ ပါတီထဲမှာ အလုပ်လုပ်မယ့်လူတွေ လိုလာတယ်ဆိုတာ ကျွန်မမြင်တယ်။ ဆိုတော့ ဒီအခင်းအကျင်းမှာတော့ ကျွန်မတို့ဟာ အောက်ခြေကနေပြီးတော့ ကိုယ်နိုင်သလောက်ကို လုပ်ပေးမှဖြစ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကျွန်မကိုဝိုင်းဝန်းပြီးတော့လည်း ဒီလိုအပြင်ကပဲ လုပ်ပေးမနေပါနဲ့ပေါ့ ကိုယ်ရောစိတ်ပါ ၀င်ပါဆိုတာနဲ့ ကျွန်မတို့ ဒီကျောင်းမှာပါပဲ RNDP ပထမအကြိမ် ညီလာခံလုပ်တော့ ကျွန်မဝင်ရောက် ရွေးချယ်ခံပါတယ်။ အဲ့ဒီတော့ ကျွန်မ အလုပ်အမှုဆောင် အဖွဲ့အနေနဲ့ ကျွန်မ တာဝန် ယူလိုက်ပါတယ်။ ၂၀၁၂ မေဆန်း စကပါ။

အမေး။ ။ အဲ့ဒီမှာ ၂၀၁၂ က ကြားဖြတ်ရွေးကောက်ပွဲ ရှိတဲ့အချိန်မှာ ဒီနယ်မြေမှာတော့ ရွေးကောက်ပွဲ မရှိဘူးနော်။ ဒါဆိုရင် အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာကော ဆရာမအနေနဲ့ ဘယ်လိုအစီအစဉ်ရှိလဲရှင့်။

အဖြေ။ ။ ကျွန်မတော့ လွှတ်တော် ကိုယ်စားလှယ်လုပ်ဖို့ ရည်ရွယ်ချက်မရှိတဲ့အတွက် အမည်စာရင်း တင်သွင်းခြင်း မရှိပါဘူး။ ကျွန်မလွှတ်တော် ကိုယ်စားလှယ်လောင်း စိစစ်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူပါတယ်။

အမေး။ ။ ဘာကြောင့်ပါလဲရှင်။

အဖြေ။ ။ ဒါတော့ ကျွန်မရဲ့ခံယူချက်၊ ရပ်တည်ချက်နဲ့ဆိုင်ပါတယ်။ နိုင်ငံရေးအရေးကြီးသလို ဒီပါတီတွင်းမှာ သိပ်သည်းကျစ်လျစ်ပြီးတော့ ခိုင်မာဖို့လည်း လိုတယ်ဆိုတဲ့ ခံယူချက်ရှိတယ်။ အဲ့ဒီတော့ ကျွန်မအားသန်တဲ့ ဘက်မှာပဲ ကျွန်မရပ်တည်လိုက်တဲ့သဘောပါ။

အမေး။ ။ အခု လောလောဆယ်ဆိုရင်ရော ဆရာမပါတီတွင်းမှာ ဘာတွေလုပ်နေလဲ။ ဘာလုပ်ငန်းတွေလုပ်နေလဲ။

အဖြေ။ ။ ဘာလုပ်ငန်းလဲဆိုတော့ လွှတ်တော် စိစစ်ရေးအလုပ်ကို ကျွန်မတို့ လုပ်ရပါတယ်။ အခုမကြာခင်မှာပဲ ကိုယ်စားလှယ်လောင်း ရွေးချယ်စိစစ်တဲ့အလုပ်တွေ လုပ်ပါတော့မယ်။

အမေး။ ။ နောက်ပြီးတော့  ဒုဥက္ကဋ္ဌ အနေနဲ့ဆိုရင်ကော ပုံမှန်အဓိက ဘာလုပ်ငန်းတွေလုပ်လဲ။

အဖြေ။ ။ ကျွန်မတို့ရဲ့ ပါတီအဖွဲ့ ဖွဲ့စည်းပုံထဲမှာက ပုဒ်မတစ်ခုထဲပဲ ပြဋ္ဌာန်းထားပါတယ်။ ဥက္ကဋ္ဌက လွှဲအပ်ပေးတဲ့ တာဝန်ကို ထမ်းဆောင်ရမယ် ဆိုတော့ အခုတော့ ဥက္ကဋ္ဌက ကျွန်မတို့ကို စာနဲ့ ဒုဥက္ကဋ္ဌသုံးယောက်စလုံးကို လုပ်ငန်းတာဝန်တွေ ခွဲဝေပေးတယ်။ ဆောင်ရွက်ချက်တွေကို စုထားပါတယ်။ ခွဲဝေပေးတဲ့ တာဝန်တွေ လုပ်ပါတယ်။ အဓိကကတော့ ကျွန်မတို့က ရုံးထိုင်ပြီးတော့ ကျွန်မက လွှတ်တော်ကိုယ်စားလှယ်လည်း မဟုတ်ဘူးဆိုတော့ ကျွန်မတို့က ရုံးအုပ်ကြီးလိုပဲ။ နောက် အတွင်းရေးမှူးအဖွဲ့နဲ့ အတွင်းရေးမှူးအဖွဲ့ကဆိုလည်း ဦးခင်မောင်က အတွင်းရေးမှူးအဖွဲ့ဝင် သူက ရုံးတာဝန်ခံပါ။ ဒါနဲ့ပဲကျွန်မတို့က အချိန်တော်တော်များများ ပေးပြီးတော့ ကိုယ်နိုင်သလောက် တာဝန်ကို ထမ်းတဲ့အလုပ်ကို လုပ်ပါတယ်။

အမေး။ ။ အခုလက်ရှိပါတီမှာ ခေါင်းဆောင်ပိုင်းတွေမှာ ဗဟိုကော်မတီပေါ့။ အားလုံးပေါင်း ဘယ်နှစ် ယောက်ရှိလဲ။

အဖြေ။ ။ ၃၉ ဦး ရှိပါတယ်။ အလုပ်အမှုဆောင် ကော်မတီက။ ဗဟိုကော်မတီက ၁၁၁ ဦးရှိပါတယ်။

အမေး။ ။ အလုပ်အမှုဆောင် ကော်မတီထဲမှာ အမျိုးသမီး ဘယ်နှယောက်ပါလဲ။

အဖြေ။ ။ နှစ်ယောက်ပဲပါပါတယ်။ ဒေါ်ခင်စောဝေရယ်၊ ကျွန်မရယ်။

အမေး။ ။ ဗဟိုကော်မတီမှာကော ၁၀၀ ကျော်ထဲမှာ ဘယ်လောက်ပါလဲ။

အဖြေ။ ။ ၅ ယောက်လောက် ပါလိမ့်မယ်ထင်တယ်။

အမေး။ ။ ၁၀၀ ကျော်မှာမှ ၅ ယောက်ပဲပါတယ်ဆိုတော့ တော်တော်နည်းတာပေါ့နော်။ အဲ့ဒါဘာကြောင့်လို့ ထင်ပါသလဲ။

အဖြေ။ ။ ဒါကတော့ နဂိုကိုယ်စားလှယ်တွေ တက်တဲ့ထဲမှာတောင်မှ ကျွန်မတို့ သံတွဲမှာလုပ်တဲ့ ANP ညီလာခံပေါ့နော်။ အဲ့ဒီမှာ အမျိုးသမီး ၂၀ လောက်ပဲတက်ပါတယ်။

အမေး။ ။ ပါတီထဲမှာ အမျိုးသမီးတွေ နည်းလို့လား။

အဖြေ။ ။ အမျိုးသမီးတွေ နည်းတဲ့အပြင် ညီလာခံကိုယ်စားလှယ် တက်ရောက်တဲ့ထဲမှာ ရန်ကုန်တိုင်းရယ် ရခိုင်ပြည်ဘက်ကရယ် စုစုပေါင်းအမျိုးသမီး ၂၀ ကျော်လောက်ပဲ တက်ပါတယ်။ ၂၁ ယောက် ၂၂ ယောက်လောက်ပေါ့။

အမေး။ ။ ပါတီအဖွဲ့ဝင်တွေကရော ဘယ်နှယောက်လောက်ရှိလဲ။

အဖြေ။ ။ ပါတီအဖွဲ့ဝင်တွေထဲမှာလည်း နည်းပါတယ်။ စုစုပေါင်းကတော့ ကျွန်မတို့မှာ စာရင်းအတိအကျရယ်လို့ ကျွန်မတို့ သိပ်မပြောနိုင်ဘူး။ ဒါပေမယ့် ပါတီဝင်အင်အားစုကတော့ တော်တော်လေးကို များပါတယ်။

အမေး။ ။ တစ်သိန်းကျော်၊ နှစ်သိန်းကျော်လား။

အဖြေ။ ။ ရခိုင် တစ်ပြည်နယ်လုံးရယ်၊ ဧရာဝတီရယ်၊ ရန်ကုန်ရယ်ဆိုတော့ ကျော်ပါလိမ့်မယ်။

အမေး။ ။ ပါတီဝင်မှာ အမျိုးသမီးတွေရှိတာပေါ့နော်။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်ကျတော့ လောလောဆယ်မှာ ဘယ်နှယောက်ရှိလဲ။

အဖြေ။ ။ အခုလောလောဆယ် အခု ၂၀၁၅ အတွက်တော့ ၉ ယောက်စာရင်း တင်သွင်းထားတာ ရှိပါတယ်။

အမေး။ ။ အရင်တုန်းကကော ၂၀၁၀ တုန်းကကော။

အဖြေ။ ။ ၂၀၁၀ တုန်းက ဒေါ်ခင်စောဝေ တစ်ယောက်တည်းပဲ။ အခုတော့ ကိုးယောက်ဆိုတော့ တိုးတက်လာတာပေါ့။

အမေး။ ။ ဘာအစီအစဉ်တွေရှိလဲ။ အမျိုးသမီးတွေ တိုးတက်အောင်လုပ်ဖို့ အစီအစဉ်ရှိလား နောက်ပိုင်းမှာ။

အဖြေ။ ။ အမျိုးသမီးတွေကတော့ ကျွန်မတို့ ညီလာခံမှာတုန်းက အဲ့ဒီကိုတာဦးစားပေးစနစ်ကို တော်တော်လေးကို တင်ပြခဲ့ကြတယ်။ တင်ပြချင်ကြတယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲမူဝါဒ ရေးဆွဲတဲ့အခါမှာတော့ အမျိုးသမီးကို ဦးစားပေးမယ်ဆိုတဲ့အချက် တစ်ချက်မှ ပါမလာဘူး။ ပါတီဖွဲ့စည်းပုံ တစ်ခုလုံးမှာဆိုရင်လည်း သာမန်ရေးထားသလိုမျိုး အမျိုးသမီးများနှင့် လူငယ်များကို ပြုစုပျိုးထောင်ပေးမည်။ ဒီတစ်ချက်ကလွဲလို့ သီးသီးသန့်သန့်ဆန်တဲ့ အမျိုးသမီးဆိုင်ရာ ကိစ္စရပ်တွေဟာ ကျွန်မတို့ ပါတီဖွဲ့စည်းပုံမှာကို မရှိသေးဘူး။ ဆိုတော့ ဒီလွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးချယ်မယ်၊ ဆောင်ရွက်မယ်ဆိုတဲ့ ထဲမှာလည်းပဲ အမျိုးသမီးရဲ့ ကဏ္ဍကို လုံးဝထည့်သွင်းထားခြင်း မရှိဘဲနဲ့ ဒီလိုပဲအမျိုးသား၊ အမျိုးသမီးတန်းတူပဲ ခေါ်မလား။ ဒီိလိုပဲကျွန်မတို့ မူနဲ့ပဲ ကိုယ်စားလှယ်လောင်း တင်ကြပါ၊ ပြီးရင်ပါတီတွင်း ရွေးချယ်မှုမှာ ဝင်ပြီးတော့ ယှဉ်ပြိုင်ကြပေါ့။ အဲ့လိုအနေအထားမျိုးတွေ ရှိပါတယ်။

အမေး။ ။ ဆရာမ သဘောထား အနေနဲ့ကော ဘယ်လိုရှိလဲ။ ရှိသင့်လား၊ မရှိသင့်ဘူးလားပေါ့။

အဖြေ။ ။ ကျွန်မရဲ့ အနေအထားကတော့ ဒီလိုအရေးကြီးတဲ့ နေရာမျိုးတွေမှာ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ် နိုင်ငံရေးအရည်အချင်း အရေးကြီးတယ်လို့ ကျွန်မခံယူထားပါတယ်။ အရည်အချင်းရှိတဲ့ သူတွေကို ပါတီက ကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်တာ၊ ရွေးချယ်တာမျိုးတွေကိုလည်း ကျွန်မကြိုက်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ ဒီရွေးကောက်ပွဲဆိုင်ရာ မူဝါဒမှာတော့ ဒီလိုဦးစားပေး အစီအစဉ်တော့ မရှိဘဲနဲ့ ကိုယ့်ရဲ့သဘောအရပဲ ကိုယ်စားလှယ်လောင်း လုပ်ချင်တဲ့သူက လျှောက်လွှာဝယ်၊ တင်လိုက်။ ဒီလိုအနေအထားမျိုးကိုပဲ ကျွန်မတို့ ဖြတ်သန်းနေကြပါတယ်။

အမေး။ ။ ဆရာမရဲ့ နောက်ကြောင်းလေး ပြောပြပါဦး။ ဆရာမဘယ်မှာ ပညာသင်ခဲ့လဲ။ ဘာအလုပ်အကိုင် လုပ်သလဲ။

အဖြေ။ ။ ကျွန်မကတော့ အ.ထ.က(၂) က ဆယ်တန်း အောင်ပါတယ်။ ဦးသန့်အရေးခင်း ကျောင်းပိတ်ထားတဲ့အတွက် ကျွန်မတို့ဟာ ၇၆ မတ်လမှာ တက္ကသိုလ်စာပေးစာယူ သင်တန်းဆိုတာ ပေါ်လာတယ်။ ကျွန်မက ဆယ်တန်းကို သိပ္ပံတွဲနဲ့ အောင်ပါတယ်။ ကျွန်မရဲ့ အမှတ်အရဆိုရင် တက္ကသိုလ်ထဲမှာ သိပ္ပံတွဲက ဥပဒေ မမီပါဘူး။ စာပေးစာယူ သင်တန်းပေါ်လာတော့ အားလုံးလျှောက်ခွင့် ရှိတယ်ဆိုတော့ ကျွန်မက ဥပဒေ ဦးစားပေး လျှောက်လိုက်ပါတယ်။ ကျွန်မ အဖေကလည်း ကြိုက်တယ်။ ကျွန်မရဲ့ ဆရာ ဦးကျော်သန်းကလည်း ကြိုက်တယ်ဆိုတော့ ကျွန်မဟာ စာပေးစာယူနဲ့ ဘွဲ့ရပါတယ်။ နောက် ချိန်ဘာ တစ်နှစ်ဆင်းပြီးတော့ ရှေ့နေလုပ်ပါတယ်။

အမေး။ ။ ဒါဆိုအခုရှေ့နေလည်းလိုက်တယ်။ ဒုဥက္ကဋ္ဌလည်း လုပ်တယ်ပေါ့နော်။ ဆရာမရဲ့နိုင်ငံရေး ရည်မှန်းချက် ဘာရှိသလဲ။ ပါတီအနေနဲ့ပေါ့နော် ဆရာမအဓိက ဘာကြောင့်ဝင်ခဲ့လဲ။ နောက်တစ်ခုက ရှေ့ဆက်ပြီးတော့ မိမိအနေနဲ့ နိုင်ငံရေးအရမှာ ဘယ် Level  (အဆင့်) ရှိလဲ။ ရည်မှန်းချက်ရှိလဲ။

အဖြေ။ ။ အခုကျွန်မတို့ရဲ့ အခင်းအကျင်းသစ်မှာ ပါတီနိုင်ငံရေးဆိုတဲ့ အနေအထားဟာ အရေးကြီးတယ်ဆိုတာ ကျွန်မမြင်ပါတယ်။ နိုင်ငံရေးကို အမှန်တကယ် စိတ်ဝင်စားတယ်၊ ကိုယ်ရောစိတ်ပါ မြုပ်နှံပြီးတော့ လုပ်ချင်တဲ့သူတွေဟာ ကိုယ်ယုံကြည်ရာ ပါတီတစ်ခုခုမှာ ၀င်ရောက်ပြီးတော့ တာဝန်ယူသင်တယ်ဆိုတဲ့ ခံယူချက်ရှိပါတယ်။ နောက်တစ်ခါ ကျွန်မက ရခိုင်အမျိုးသမီးဖြစ်နေတဲ့အတွက် ရခိုင်အမျိုးသမီးတွေ ထဲမှာလည်း ဒီလိုပဲနိုင်ငံရေးအပေါ်မှာ ထဲထဲဝင်ဝင် စိတ်ဝင်တစား တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ လုပ်ခဲ့တဲ့အမျုးသမီးတွေရှိတယ်ဆိုတဲ့ သမိုင်းကိုလည်း ကျွန်မဆက်ပေးချင်ပါတယ်။ နောက်အာဏာ နိုင်ငံရေးထက် ကျွန်မက သြဇာထူထောင်တဲ့ ကိုယ်ကျင့်တရားတွေ၊ သူ့ရဲ့လုပ်ရည်ကိုင်ရည်တွေ ကိုယ်ကျိုးစွန့်အနစ်နာခံမှုတွေ၊ သဘောထားကြီးမှုတွေ၊ နောက်မျှတမှုတွေ၊ တကယ်လူကြီးလူကောင်းဆန်တဲ့ ကျွန်မတို့ရဲ့တာဝန်ခံမှု၊ တာဝန်ယူမှုတွေဟာ ကျွန်မတို့ရဲ့ ရခိုင်လူမှုအသိုင်းအ၀ိုင်း၊ အမျိုးသမီး အသိုင်းအ၀ိုင်းထဲမှာ ဒီလိုထူထောင်ခဲ့တဲ့ လူတွေ ရှိတယ်ဆိုတာမျိုး မြင်သာအောင် ကျွန်မ ကျင့်ကြံပြီးတော့ ရပ်တည်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိပါတယ်။

အမေး။ ။ လွှတ်တော်ကိုယ်စားလှယ်တို့၊ ဝန်ကြီးတို့ အဲ့ဒါမျိုးတွေကော ကိုယ့်ရဲ့ရည်မှန်းချက်ပေါ့။

အဖြေ။ ။ ကျွန်မက အာဏာနိုင်ငံရေးကိုတော့ ကျွန်မရဲ့ ပင်ကိုသဘာဝအရကို သိပ်စိတ်ဝင်စားမှု မရှိပါဘူး။ ၁၉၉၀ တုန်းက ကျွန်မ လွှတ်တော် ကိုယ်စားလှယ်လောင်း တက်ခဲ့တယ်ဆိုတာ ကျွန်မ လိပ်ပြာသန့်သန့်နဲ့ ပြောလို့ရတာက နိုင်ငံရေး လုပ်လို့ရအောင်၊ နိုင်ငံရေး စကားတွေ ပြောလို့ရအောင် ပြည်သူလူထုနဲ့ ဘယ်လောက်ထိတွေ့နိုင်မလဲ ဆိုတဲ့အပြောအဟောတွေ ကျွန်မတို့ရဲ့ရည်ရွယ်ချက် (၁၄) ချက်၊ ဒါမျိုးတွေဟာ ကျွန်မရဲ့သမိုင်းပါ။ သက်သေ အထောက်အထား ရှိပါတယ်။ အခုဆိုရင်လည်း ကျွန်မက ဒီလွှတ်တော် အခင်းအကျင်းထဲကို မပါဝင်တာဟာ လူကြိုက်နည်းတယ်။ ဆိုတဲ့အနေအထားမျိုးမှာ ဒီလိုစွန့်လွှတ်စွန့်စားတဲ့ တကယ်နိုင်ငံရေးမှာ မြုပ်နှံပြီးတော့လုပ်တဲ့ လူတွေရှိတယ်ဆိုတဲ့သမိုင်းကို ကျွန်မမြင်စေချင်တယ်။ အထူးသဖြင့် အမျိုးသမီးတွေထဲမှာပေါ့ ပါတီထဲဝင်တယ်ဆိုရင် လွှတ်တော်တက်တာ ပဲဆိုတဲ့ သာမန်သုံးသပ်ချက်တွေ မဟုတ်ဘဲနဲ့ ဒီပါတီတစ်ခုရဲ့ သိပ်သည်းကျစ်လျစ်ခိုင်မာမှုနဲ့ ရေရှည် ကျွန်မတို့ဟာ ကိုယ့်ရဲ့ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေအတွက် ဘယ်လိုတည်ဆောက်သွားကြသလဲ ကယ်ရာပါတီကနေ ဘယ်လို အားကောင်းမောင်းသန် ပါတီတွေဖြစ်အောင် ဘယ်လိုလုပ်ကြလဲ ဆိုတာမျိုးတွေလည်း ကျွန်မတို့မှာ လူထုမြင်ကွင်းတွေမှာပေါ့နော်။ အဲ့လိုမျိုးဖြစ်စေချင်တယ်။ အဲ့ဒီတော့ ကျွန်မက အဲ့ဒီဘာသာရပ်ထဲမှာပဲ နေလိုက်မယ်ဆိုပြီးတော့ ကိုယ့်ကိုယ်ကိုခံယူပြီးတော့ ဒီလိုနေလိုက်တဲ့သဘောပါ။

အမေး။ ။ ကိုယ့်ရဲ့ပါတီကိုပေါ့နော် ဖြည့်စွက်ပြီးတော့မှ ဘယ်လိုမျိုး ပါတီကြီးဖြစ်အောင်လို့ ရည်ရွယ်ဆောင်ရွက်ချင်ပါသလဲ။

အဖြေ။ ။ ဟုတ်ကဲ့။ အခုတော့ ကျွန်မတို့ ၂၀၀၈ ဖွဲ့စည်းပုံအောက်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအောက်က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေရဲ့ အကန့်အသတ်အောက်က နောက်တစ်ခါ ဒီမိုကရေစီစံနှုန်းနဲ့ မညီဘဲနဲ့ တစ်မတ်သားနဲ့ ရောနေတဲ့ အခင်းအကျင်းတွေကြားမှာ နေရပေမယ့် ဒီပါတီတွေဟာ ကျွန်မတို့ရဲ့ရှေ့ဆက် မြန်မာနိုင်ငံရဲ့ ခရီးလမ်းထဲမှာ တကယ်ဒီမိုကရေစီ စစ်မှန်တဲ့အနေအထားတွေ အားကောင်းတဲ့ သိပ်သည်းကျစ်လျစ်တဲ့ ကိုယ့်ရဲ့ကံကြမ္မာကိုယ် ဖန်တီးခွင့်တို့၊ တန်းတူခွင့်တို့ နောက်ဆုံးဆိုရင် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတို့ ဒါတွေကို အားကောင်းမောင်းသန် လုပ်လို့ရတဲ့အနေအထားတွေနဲ့ ကျွန်မတို့ပါတီတွေ အားကောင်းလာအောင် ပါတီ Kadar (အမာခံ) တွေ မွေးထုတ်ပေးဖို့ ပေါ့နော်။ ဒါမျိုးတွေကို ကျွန်မတို့က တစိုက်မတ်မတ် လုပ်ချင်တယ်။ ဒီချိန်မှာလုပ်လို့ မရသေးပေမယ့် တစ်စချင်းတစ်စချင်း ဘယ်လောက်ရမလဲပေါ့နော် ဒီလိုလုပ်ချင်တဲ့လူတွေ ကျွန်မတို့မှာ အင်အားကောင်းလာဖို့လိုတယ်။ ဒီလိုလူတွေက စိတ်ပျက်မသွားဖို့လိုတယ်။ ဒီလိုလူတွေက တစ်စိုက်မတ်မတ်နဲ့ ဒီပါတီအားကောင်းလာဖို့ပေါ့ ကျွန်မတို့တစ်စတစ်စ ရည်မှန်းထားတဲ့ တန်းတူရေးတို့၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်တို့၊ ဒီဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးတို့ ဒါမျိုးတွေကိုကျွန်မတို့ လုပ်လို့ရအောင်ထိ ကျွန်မတို့က ဒီပါတီကို တည်တံ့ခိုင်မြဲစေချင်တယ်။

အမေး။ ။ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး တစ်ချက်လောက်ပြောရအောင်။ ဒီရခိုင်ပြည်နယ်မှာရှိတဲ့ ရခိုင် အမျိုးသမီးတွေရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့မှ ဗဟုသုတ ဘယ်လိုရှိလဲရှင့်။

အဖြေ။ ။ ဒါကလည်း ကျွန်မတို့မှာ ခေတ်အဆက်ဆက် ဒီလိုချိုးနှိမ်ပြီးတော့ နေခဲ့ရတဲ့ အဆင့်မှာ နိုင်ငံရေးဆိုတာ ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့ သဘောမျိုး။ နောက်တစ်ခါ ကျွန်မ ခုနက ပြောခဲ့သလိုပဲ အမျိုးသားတွေဟာ အမျိုးသမီးတွေကို လက်တွဲခေါ်ဖို့ တန်းတူညီတူ သဘောထားဖို့ကိုထားလို့ လက်တွဲခေါ်ဖို့အဆင့်ထိ အားနည်းနေတယ်။ ဘာလို့ဆိုတော့ ဒီအာဏာတွေ နေရာတွေ ပြိုင်ဆိုင်မှုတွေ သူတို့ကိုယ်၌ကကို နေရာမလောက်သေးဘူး။ ဆိုတော့ အမျိုးသမီးတွေကို ထုံးတမ်းစဉ်လာအတိုင်း တစ်ဆင့်နှိမ့်ပြီးတော့ ဖယ်ထားခဲ့ချင်တယ်။ ကျဉ်ထားခဲ့ချင်တယ်။ တကယ်တမ်းသုံးမယ်ဆိုရင်လည်း အသုံးချခံလို့ရမယ့် အနေအထားတွေကိုပဲ ဟန်ပြလေးပေါ့ ဒီပလိုမယ်စီအနေနဲ့ပဲ ရုပ်ပြကလေးပဲ သုံးချင်တယ်ဆိုတဲ့ အနေအထားမျိုးတွေ ကျွန်မမြင်ရတယ်။ ဒါမျိုးတွေကို ပညာဥာဏ်ဦးစီးတဲ့ တကယ့်ကို နိုင်ငံရေးရပ်တည်ချက်၊ ခံယူချက်၊ ကိုယ်ကျင့်တရားတွေနဲ့ အမြဲတမ်းဆည်းပူးလေ့လာနေတဲ့ အမျိုးသမီးတွေ ကျွန်မပေါ်ထွက်လာစေချင်တယ်။ ဒါမှဖယ်ထားလို့ မရဘဲနေမှာ။ ဒါမှအသုံးချခံ မဟုတ်ဘူးဆိုတာ ပြလို့ရမှာ။ ဒါမျိုးတွေ ဖြစ်ဖို့အတွက်လည်း ကျွန်မက ဒီပါတီ တည်ဆောက်တဲ့ အပိုင်းမှာပဲ နေမယ်ဆိုတာမျိုးကို ကျွန်မ မိုက်တီးမိုက်ကန်းနဲ့ ဆုံးဖြတ်လိုက်တာလည်း ပါပါတယ်။

အမေး။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေ ပိုနားလည်လာအောင် ဘာတွေလုပ်ပေးဖို့လိုလဲ။

အဖြေ။ ။ ဒါကတော့ အခုလိုပဲဖိုရမ်တွေ သင်တန်းတွေပေးရပါဦးမယ်။ ဘာလို့လည်းဆိုတော့ ကျွန်မတို့ရဲ့ ရွေးကောက်ပွဲ စနစ်ကိုက ခုထိ မပီပြင်သေးဘူး။ PR လား၊ များသူအနိုင်ယူလား မသေချာသေးဘူး။ ပြီးရင် အရမ်းကိုေ၀၀ါးနိုင်လွန်းတယ်။ ရွေးကောက်ပွဲ မတက်တဲ့သူက ဒါနဲ့ဘာမှ မဆိုင်ဘူးဆိုတဲ့ သဘောမျိုးဖြစ်နေတယ်။ ရွေးကောက်ပွဲတက်တဲ့ သူတွေကိုက သိတယ်သိလို့လားဆိုတော့ မသိတဲ့သူတွေ အများကြီးရှိတယ်။ ကျွန်မ ကိုယ်တွေ့ပဲ။ ရွေးကောက်ပွဲ သာတက်ရတယ် သိပ်မငုံမိဘူး။

အမေး။ ။ မဲထည့်တဲ့နေရာကော အမျိုးသမီးတွေက ဘယ်သူ့ကို ဘယ်လိုမျိုး ရွေးချယ်မဲပေးတာကော နားလည်လား။

အဖြေ။ ။ ဒါကတော့ မဲတော့ထည့်တတ်ပါတယ်။ သူတို့က ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဆော်သြတာတို့ စည်းလုံးတာတို့နဲ့ ဘယ်ပါတီကိုဖြင့် မဲထည့်ရမယ် ဆိုတာမျိုးတွေတော့ ဆုံးဖြတ်နိုင်စွမ်းတော့ ရှိကြပါတယ်။

( မဇ္ဈိမ၏ ​တွေ့ ဆုံ​မေးမြန်းခန်းကို ကူးယူ​ဖော်​ပြသည်​)