သတ္တမအကြိမ်မြောက် မိုးကုတ်စာပေဆုချီးမြှင့်ပွဲ ရန်ကုန်တွင် ပထမဆုံးအကြိမ်ကျင်းပ

Wednesday, February 13, 2013

သတ္တမအကြိမ်မြောက် မိုးကုတ်မြို့ သဟာယစာပေဆု
ချီးမြှင့်ပွဲ အခမ်းအနားကို ပထမဆုံးအကြိမ် ရန်ကုန်မြို့ရှိ
တော်ဝင်နှင်းဆီခန်းမတွင် သဟာယစာပေဆုရွေးချယ်ရေး
ကော်မတီက ကြီးမှူးကျင်းပခဲ့ကြောင်း သိရသည်။

သတ္တမအကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့သော ၂၀၁၃ခုနှစ်
မိုးကုတ်စာပေဆုကို ကြယ်စင်များ၏ ရှုမျှော်ခင်း စာအုပ်ဖြင့် စာရေးဆရာနတ်မှူးက ရရှိသွားကြောင်း၊ ယင်းစာအုပ်ကို
လင်းလွန်းခင် စာပေတိုက်မှ ၂၀၁၂ခုနှစ် မေလတွင် ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က စာကြည့်တိုက်များ ထွန်းကားရန်၊ စာပေဆုများ
ပေးအပ်ရန်မှာ လွန်စွာခက်ခဲကြောင်း၊ ယခုကဲ့သို့ စာပေဆု
ချီးမြှင့်ပွဲများသည် အင်အားသစ်ပေးသည်ဟု ယုံကြည်ကြောင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က ပြောကြားသည်။

“အခုဆိုရင် အသိမ်းဆည်းခံ စာအုပ်တွေလဲ ပြန်ထုတ်လို့ ရပြီ။ ဒါတွေကို နောက်တက်မယ့် မျိုးဆက်တွေ လက်ထဲကို ဘယ်လိုထည့်ကြမလဲ။ အားလုံးပိုလှတဲ့ မနက်ဖြန်အတွက် အလုပ်လုပ်ကြမယ်ဆိုရင် ကျွန်တော်တို့လည်း နိုင်ရာကို ၀င်ပါ
ပါရစေ” ဟု ဆက်လက် ပြောကြားသည်။

မိုးကုတ်စာပေဆု ချီးမြှင့်ပွဲကို ၂၀၀၇ ခုနှစ်မှ စတင်ကာ နှစ်စဉ်
နှစ်တိုင်း ကျင်းပလေ့ရှိပြီး ယနေ့ ဆုရရှိခဲ့သော စာရေးဆရာမှာ ဆရာဝန်စာရေးဆရာ တစ်ဦးဖြစ်ကြောင်း၊ အမည်ရင်းမှာ ဦးဌေးမောင်ဖြစ်ပြီး ချောက်မြို့ ဇာတိဖြစ်ကြောင်း သိရသည်။

သဟာယစာပေဆုကို ၂၀၀၇ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် စာရေးဆရာညီပုလေး၏ “ငြိမ်သက်တစ်မိနစ်နှင့် အခြားဝတ္ထုတို
များ”၊ ၂၀၀၈ ခုနှစ်တွင် The Waves မဂ္ဂဇင်း အယ်ဒီတာအဖွဲ့၊
၂၀၀၉ ခုနှစ်တွင် အတွေးအမြင်စာစဉ် အယ်ဒီတာအဖွဲ့နှင့် စာရေးဆရာမဂျူး၏ “သူမင်းကို ဘယ်တော့မှ”၊ ၂၀၁၀တွင်
ကဗျာဆရာ မိုဃ်းဇော်၏ “ကြေးစား” ကဗျာစာအုပ်၊ ၂၀၁၁တွင် စာရေးဆရာမ ခင်ခင်ထူး၏ “မအိမ်ကံ”၊ ၂၀၁၂တွင် စာရေးဆရာမ
နှင်းဆီအောင်၏ “လက်ယက်တွင်းနှင့် အခြားဝတ္ထုတိုများ” ဟူ၍ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းပွဲကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ စာရေးဆရာသမဂ္ဂ ဥက္ကဌ ဆရာထက်မြက်၊ အခြားစာရေး
ဆရာပေါင်းများစွာနှင့် စာပေချစ်မြတ်နိုးသူ ၁၀၀ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရည်မွန်
The Myanma Age

သတ္တမအကြိမ်မြောက် မိုးကုတ်စာပေဆုချီးမြှင့်ပွဲ
ရန်ကုန်တွင် ပထမဆုံးအကြိမ်ကျင်းပ

SHARE THIS
Previous Post
Next Post