Showing posts with label လူငယ်​. Show all posts
Showing posts with label လူငယ်​. Show all posts
ငယ်ရွယ်သူစာသင်သားလူငယ်များအား မိုဘိုင်းဖုန်း ပေးသုံးခြင်းကို ကန့်သတ်ထိန်းချုပ်ကြဖို့ မိဘအုပ်ထိန်းသူများကို မိဘဆရာအသင်းမှ ဆရာတစ်ဦးက တိုက်တွန်းအကြံပြု

ငယ်ရွယ်သူစာသင်သားလူငယ်များအား မိုဘိုင်းဖုန်း ပေးသုံးခြင်းကို ကန့်သတ်ထိန်းချုပ်ကြဖို့ မိဘအုပ်ထိန်းသူများကို မိဘဆရာအသင်းမှ ဆရာတစ်ဦးက တိုက်တွန်းအကြံပြု

(လူငယ် | လေးမြို့ )

ယနေ့ ကမ္ဘာကြီးတွင် မိုဘိုင်းဖုန်းသုံးစွဲမှုသည် တစ်နေ့ တစ်ခြား တိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ ငယ်ရွယ်သူစာသင်သား လူငယ်များအတွင်း ကျယ်ပြန့်စွာ ထိုးဖောက်ဝင်ရောက်လာနေသည်ဖြစ်ရာ မိုဘိုင်းဖုန်း အန္တရာယ်သည်လည်း သတိထားစောင့်ကြည့်ရမည့် အနေအထားသို့ ရောက်ရှိလာပြီဖြစ်၍ မိဘအုပ်ထိန်းသူများအနေဖြင့် ငယ်ရွယ်သူစာသင်သားလူငယ်များအား မိုဘိုင်းဖုန်း ပေးသုံးခြင်းကို ကန့်သတ်ထိန်းချုပ်ကြဖို့  မင်းပြားမြို့ နယ် ၊ င/ပုကွကျောင်း ၊ မိဘဆရာအသင်းမှ ဒု-ဥက္ကဌ ဦးမြတ်စိုးကျော်က တိုက်တွန်းအကြံပြုပြောကြားလိုက်ကြောင်း သိရသည်။

မိုဘိုင်းဖုန်းနှင့် အင်တာနက်သည် ၂၁ ရာစုအတွက် အကျိုးများစွာဖြစ်ထွန်းသော နည်းပညာဖွံ့ ဖြိုးတိုးတက်ရလဒ်တစ်ခုဖြစ်ခြင်းသည် မှန်ကန်သော်လည်း ငယ်ရွယ်သူလူငယ်များနှင့် အသက်မပြည့်သေးသည့် စာသင်သားလူငယ်များအတွက် ကြီးမားသည့် အန္တရာယ်အဆိပ်အတောက်ဖြစ်လာနေသည်ဟု ဦးမြတ်စိုးကျော်က ပြောကြားသည်။အရွယ်မရောက်သေးသည့် လူငယ်များနှင့် ငယ်ရွယ်သူစာသင်သားများအတွက် ကောင်းကျိုးအနည်းနှင့် အဓိကဆိုးကျိုးအများဆုံးဖြစ်ထွန်းစေသည်မှာ မိုဘိုင်းဖုန်းမှ ဂိမ်းများနှင့် Social Network များပင်ဖြစ်ကြောင်း သူက ဆိုသည်။

လက်ရှိ နိုင်ငံတကာမှ မိုဘိုင်းဖုန်းသုံးစွဲနေကြသော လူငယ်အများတွင်ဂိမ်းစွဲလမ်းမှုပြသနာသည် ထိပ်တန်းရောက်လာနေပြီး တရုတ်နိုင်ငံတွင် ဂိမ်းနှင့်အင်တာနက်အလွန်အကျွံစွဲလမ်းမှုကြောင့် ကိုယ့်ကိုယ်ကို သေကြောင်းကြံမှုများရှိခဲ့ကြောင်း သိရသည်။လက်ရှိ မြန်မာနိုင်ငံအတွင်းတွင်လည်း ဂိမ်းစွဲလမ်းမှုကြောင့် လူငယ်များစွာသည် တန်ဖိုးရှိသော အချိန်များစွာတို့ ကို ဖြုန်းတီး နေကြသည်ဟု သူက ဆိုသည်။ယခင်က စာသင်သားလူငယ်များသည် ဂိမ်းဆော့ရန် ဂိမ်းဆိုင်များ ၊ ဆိုင်ဘာကဖေးများသို့  သွားရောက်ကြရခြင်းအားဖြင့် အချိန်ပြည့်မကစား၊မသုံးစွဲနိုင်ခဲ့သော်လည်း မြန်မာနိုင်ငံ အနှံ့တွင် မိုဘိုင်းဖုန်း အသုံးပြုခြင်းသည် တွင်ကျယ်လာသည်ဖြစ်၍ မိုဘိုင်းဖုန်းနှင့် အတူယှဉ်တွဲ ကပ်ပါလာသော မိုဘိုင်းဂိမ်းများက ငယ်ရွယ်သူ၊စာသင်သား လူငယ်များအား အချိန်ပြည့်သုံးစွဲနိုင်ရန် လမ်းဖွင့်ပေးနေသလို ဖြစ်လာနေသဖြင့် သတိထားစောင့်ကြည့်ရန် လိုအပ်လာပြီဟု ဦးမြတ်စိုးကျော်က ပြောကြားသည်။

နောက်တစ်ခုက ငယ်ရွယ်သူစာသင်သားလူငယ်များအနေဖြင့် အင်တာနက်ချိတ်ဆက်ထားသော Social Network များကို အသုံးပြုခြင်းအားဖြင့် ကောင်ကျိုးအနည်းငယ်သာ ရရှိနေပြီး ဆိုးကျိုးများစွာ ဖြစ်ထွန်းနေကြောင်း ဆိုသည်။ အရွယ်မရောက်သေးသည့် စာသင်သားလူငယ်များအနေဖြင့်Soical Network အသုံးပြုခြင်းကြောင့် (၁) စာသင်ကြားမှုအား စိတ်ဝင်စားမှုလျော့ကျစေခြင်း (၂) အရွယ်မတိုင်မီ အိမ်ထောင်ကျခြင်း တို့ ဖြစ်ပွားနေသည်ဟု လူငယ်နှင့် လူမှုကွန်ယက်လေ့လာစောင့်ကြည့်ရေးအဖွဲ့ မှ ထုတ်ပြန်ကြေညာထားကြောင်း သူက ဆိုသည်။ သူ၏ ၂၀၁၄-၁၅ ပညာသင်နှစ် စစ်တမ်းကောက်ချက်အရ မင်းပြားမြို့ နယ်အတွင်းရှိ မိုဘိုင်းဖုန်းသုံးစွဲသည့် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၁၀၀%အနက် ၂၀% သာ စာမေးပွဲအောင်မြင်ခဲ့ပြီး ၈၀%မှာ ကျရှုံးခဲ့သည်ဟု ၄င်းက ဆိုသည်။

ငယ်ရွယ်သူများ အင်တာနက်အသုံးပြုခြင်း၏ ဆိုးကျိုးများစွာထဲမှ နောက်ထပ်အရေးကြီးသော ဆိုးကျိုးတစ်ခုမှာ Adult ဝက်ဘ်ဆိုက်များအား ဝင်ရောက်ကြည့်ရှုခြင်းပင်ဖြစ်သည်။ Adult ဆိုသည်မှာ အသက် ၁၈ နှစ်ပြည့်ပြီးသူ များအတွက်သာ ကန့် သတ်ထားခြင်းဖြစ်၍ ညစ်ညမ်းဝက်ဘ်ဆိုက်များ၊ စာမျက်နှာများက အရွယ်မရောက်သေးသည့် စာသင်သားလူငယ်များအား လမ်းမှားရောက်စေနိုင်ကြောင်း သူကဆိုသည်။ အရွယ်မရောက်သေးသည့် စာသင်သားလူငယ်များအနေဖြင့် Adult ဝက်ဘ်ဆိုက်နှင့်Social Network များအား အသုံးပြုခြင်းကြောင့် အရွယ်မတိုင်မီ အိမ်ထောင်ကျခြင်း ၊ စာသင်ရွယ်တွင် ရည်းစားထားခြင်း ၊ Sexual Knowledge များ( လွဲမှားသော အသိ)ကို ရလာခြင်းတို့ ဖြစ်ပွားလာနိုင်သဖြင့် မိဘအုပ်ထိန်းသူများက ငယ်ရွယ်သူများ မိုဘိုင်းဖုန်း အသုံးပြုခြင်းကို သတိထားစောင့်ကြည့်ရန်နှင့် လိုအပ်ပါက ကန့်သတ်ထိန်းချုပ်ရန် လိုအပ်ကြောင်း ဦးမြတ်စိုးကျော်က ဆိုသည်။

မင်းမြတ်ခိုင်
(လေးမြို့ သတင်းမီဒီယာ)