ဖားကန့် ၊ လေးမြို့ 
ဇန်နဝါရီ ၁၃ ရက် ၊ ၂၀၁၆
မနေ့ ည (ဇန်နဝါရီ ၁၂ ရက် ) ည ၁၀ နာရီခန့် လောက်က ကချင်ပြည်နယ် ၊ ဖားကန့် မြို့ နယ် ၊ ကန်ခန်တောင်အနီးတွင် မြေစာပုံပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူ ၃ ဦး သေဆုံးခဲ့ကြောင်း ဧရာဝတီသတင်းတွင် ဖော်ပြထားသည်ကို တွေ့ ရသည်။
“ရေမဆေးကျောက် ရှာဖွေတဲ့သူတွေက နေ့ရောညရော လုပ်နေကြတာ။ အသေအပျောက် စာရင်းက လူပျောက်လာရှာမှ သိရမယ်။ ဘယ်နှစ်ယောက် ပျောက်သွားလဲဆိုတာကို သူတို့မိသားစု၊ သူတို့အဖော်တွေပြောမှ သိနိုင်မယ်”ဟု ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးလော်ရော်က ပြောကြားကြောင်း သိရသည်။
ဦးလောရော်က လက်ရှိအချိန်အထိ ပျောက်ဆုံးသည့်လူဦးရေ အရေအတွက်ကို တိတိကျကျ မသိရှိရသေးကြောင်းနှင့် သေဆုံးသူဦးရေ ထပ်မံ တိုး လာ နိုင်ကြောင်း ပြောကြားကြောင်း သိရသည်။
ထို့ ပြင် ကန်ခန်တောင် မြေစာပုံသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကလည်း ပထမအကြိမ်ပြိုကျခဲ့ပြီး ကျောက်ရှာဖွေသူ ၁၀၀ ကျော် သေဆုံးခဲ့ သည်ဟု သိရသည်။
သက်ထားရွှေစင်(လေးမြို့ )
ဓာတ်ပုံ - ဧရာဝတီသတင်းဌာန
လက်မှတ်မထိုးသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ငြိမ်းချမ်းရေးတံခါးဖွင့်ထားသည်ဟု ကာချုပ်ပြော
နေပြည်တော် ၊ လေးမြို့ 
ဇန်နဝါရီ ၁၂ ရက် ၊ ၂၀၁၆
အပစ်ရပ်စာချုပ်လက်မှတ်မထိုးသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များကို သံသယစိတ်မထားဘဲ ငြိမ်းချမ်းရေးတံခါးဖွင့်ထားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီ ၁၂ ရက်(ယနေ့  ) ကျင်းပပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ပြောဆိုလိုက်ကြောင်း Mizzima သတင်းတွင် ဖော်ပြချက်အရ သိရသည်။
ထို့ပြင် ယနေ့အဆိုပါအခမ်းအနားသို့  တက်ရောက်ခဲ့သည့် ပြည်ထောင်စု လွှတ်တော်နယက သူရဦးရွှေမန်းကလည်း " ငြိမ်းချမ်းရေးအတွက် ခေါင်းဆောင် တွေနှင့် အဖွဲ့အစည်းတွေက သဘောထားကြီးကြဖို့လိုပါတယ်။ အချင်းချင်း စိတ်ရှည်သည်းခံဖို့၊ နားလည်ခွင့်လွှတ်နိုင်ကြဖို့၊ လေးစားကြဖို့၊ ယုံကြည်ကြဖို့၊ မျှမျှတတ ပြောဆိုဆက်ဆံကြဖို့၊ ရိုးသားပွင့်လင်းကြဖို့လိုပါတယ်။ ဒါတွေ ပါဝင်ခြင်း မရှိပါက ငြိမ်းချမ်းရေးအတွက် အိပ်မက်ပင် မက်နိုင်ကြမှာ မဟုတ်ပါဘူး။"လို့ ပြောကြားခဲ့ကြောင်း Kamayut Media တွင် ဖော်ပြထားသည်ကို တွေ့ ရသည်။
ထို့ ပြင် အဆိုပါညီလာခံသို့  တက်ရောက်ကာ မိန့် ခွန်းစကားပြောကြားခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဠ ဒေါ်အောင်ဆန်းစုကြည်ကလည်း " တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် မလွဲမသွေ ပူးပေါင်းဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုဖွား တိုင်းရင်းသား အချင်းချင်းကြားမှာ NCA စာချုပ်ကို လက်မှတ်ရေးထိုးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနဲ့ NCA လက်မှတ်ရေးထိုးခြင်း မပြုရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အချင်းချင်း စိတ်ဝမ်းမကွဲပြားဖို့ အရေးကြီးပါတယ်။" ဟု ပြောကြားခဲ့ကြောင်း Eleven News ၏ ဖော်ပြချက်အရ သိရသည်။
လတ်တလော ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ပြည်တွင်း၌ ဖြစ်ပွားနေဆဲဖြစ်သော အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအကြား တိုက်ပွဲများအား အဆုံးသတ်နိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်က " နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ချမှတ်ခြင်းမှာ အခြေအနေ အချိန်အခါအရ လိုအပ်သလို ပြုသာပြင်သာ ဖြစ်ရန် လိုအပ်ပါတယ်။" ဟု ပြောကြားခဲ့ကြောင်း သိရသည်။
မင်းမြတ်ခိုင်(လေးမြို့ )
AA ကို အမြစ်ပြတ်ချေမှုန်းရန် ... မဖြစ်နိုင်ဟု ဦးအေးသာအောင်က ဆို
ဇန်နဝါရီ ၁၁ ရက် ၊ ၂၀၁၆
အစိုးရအနေဖြင့် AA ကို အမြစ်ပြတ်ချေမှုန်းရန် ကြိုးစားခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်ပြီး မဖြစ်နိုင်ကြောင်း ရခိုင်ခေါင်းဆောင် ဦးအေးသာအောင်က ပြောကြားလိုက်သည်ဟု နိရဉ္စရာ နှင့် အင်တာဗျူးမေးမြန်းချက်တွင် ဖော်ပြသည့် ပြောစကားများအရ သိရသည်။
၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့က နိရဉ္စရာ သတင်းဌာနမှ ဦးအေးသာအောင်အိမ်တွင် ပြုလုပ်ထားသော အင်တာဗျူးစကားများအရ..
" အခု ကျွန်တော်တို့ကြားတာက အေအေကို အမြတ်ပြတ် ချေမှုန်းမယ် ဆိုတဲ့ အသံတွေ ကြားတယ်။ ဒါဟာ မဖြစ်သင့်ဘူလို့ ကျွန်တော်တို့ မြင်တယ်။ အမြတ်ပြတ်ချေမှုန်းဖို့ ကြိုးစားလာတာ နှစ်ပေါင်း ၆၆ နှစ်ကျော်ပြီ။ မဖြစ်နိင်ဘူး။ အဓိက ဒီကနေ့ ကာလမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပဖို့လည်း ရက်အနည်းဘဲ လိုတော့တယ်။ ဒီလို အချိန်မှာ ဒီလိုစကားမျိုးတော့ မ ပြောသင့်ဘူးလို့ ထင်တယ်။ အဓိက တိုင်ရင်းသား သွေးစည်း ညီညွတ်ရေးကို ထူထောင်ဖို့ဆိုရင် ဆွေးနွေးဖို့လိုတယ်။ ညှိနိုင်းဖို့လိုတယ်။ အခုလို တိုက်ခိုက်နေမယ့် အစား အမြန်ဆုံးရပ်တန့်ပြီးတော့ အေအေကို NCA လက်မှတ်ထိုး တဲ့ အထဲမှာ ဖိတ်ခေါ်သင့်တယ်။ "ဟု သိရသည်။
ထို့ပြင် ဦးအေးသာအောင်က " အဓိက ရည်ရွယ်ချက် ကတော့ ရခိုင်အမျိုးသား ရပိုင်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့အတွက် တိုက်ပွဲ ၀င်ဖို့ ဖြစ်တယ်။ အေအေ သည်လည်း ရခိုင်အမျိုးသား ရပိုင်ခွင့်၊ ရခိုင်အမျိုးသား ကိုယ်ပိုင် ပြဌာန်းခွင့် ရဖို့အတွက် တိုက်ပွဲနေတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်တယ်။ ဘယ်လိုဘဲ ကချင်ပြည်နယ်မှာ အခြေစိုက် အခြေစိုက် အဓိကသည် ရခိုင်အမျိုးသား အကျိုးစီးပွားကို ကာကွယ်ဖို့ အတွက် ရခိုင်ပြည်နယ်ကို အစဉ်တစ်စိုက် ဟုတ်လား ၀င်ရောက်ဖို့ ကြိုးပမ်းတယ်။ "ဟု ဖော်ပြထားသည်ကို တွေ့ ရသည်။
ထို့ ပြင် " အခု ကျင်းပမယ့် ပြည်ထောင်စု ညီလာခံမှာ ဖိတ်ခေါ်သင့်တယ်။ ဆွေးနွေး သင့်တယ်။ တင်ပြခွင့် ပေးသင့်တယ်လို့ မြင်တယ်။ ပီးတော့မှ ပြည်ထောင်စု တစ်ခုလုံး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ကို တည်ဆောက်ပြီးတော့ တိုင်းရင်းသားများရဲ့ ရပိုင်ခွင့်ကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှ ဟုတ်လား ဖော်ဆောင်ပေးမှ တကယ့် ဒီတိုက်ပွဲ ရပ်သွားမယ်။ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရမယ်လို့ မြင်ပါတယ်။ "ဟု သူ၏ အမြင်များကို ပြောကြားခဲ့ကြောင်း သိရသည်။
လေးမြို့ သား
ဓာတ်ပုံ - Arakan State
"ဇ "နှင့် ပန်းပျိုးလက်တို့  ပေါင်း၍ စစ်ဘေးဒုက္ခသည်များကို စားနပ်ရိက္ခာများ လှူဒါန်း
မြောက်ဦး ၊ လေးမြို့ 
ဇန်နဝါရီ ၁၁ ရက် ၊ ၂၀၁၆
ရခိုင်ပြည်နယ် မင်းပြားမြို့  အခြေစိုက် "ဇ"ဖောင်ဒေးရှင်းနှင့် ကျိန်းရိပ်မြီက ပန်းပျိုးလက် ပရဟိတအဖွဲ့ တို့  ပူးပေါင်း၍ ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များအား ဇန်နဝါရီ ၁၀ ရက်(မနေ့ က) အရေးပေါ်စားနပ်ရိက္ခာများ သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့ သည် ကျောက်တော်မြို့ နယ် ၊ ရွာမပြင်စစ်ဘေးရှောင်ဒုက္ခသည်စခန်း ၊ မြောက်ဦးမြို့ နယ်ရှိ စေတီတောင်ဒုက္ခသည် စခန်းနှင့် ကျီရာပြင်ဒုက္ခသည်စခန်းတို့  အား ကိုယ်တိုင်သွားရောက်ကာ ကျပ် ၂၀ သိန်းဝန်းကျင်တန်ဖိုးရှိ အခြေခံစားနပ်ရိက္ခာများအား ပေးအပ်လှူဒါန်းခဲ့ကြောင်း "ဇ"ဖောင်ဒေးရှင်းမှ Chief Leader ကိုကောင်းမြတ်ကျော်၏ ပြောကြားချက်အရ သိရသည်။
အဆိုပါအဖွဲ့သည် ရွာမပြင်စစ်ရှောင် ဒုက္ခသည် စခန်းမှ ဒုက္ခသည် ၆၉ ဦးအား ဆန် (၇) အိတ် ၊ ဆီကာတွံ(၂)ဗှုး ၊ အာလူးအိတ်ကြီး (၂) အိတ် ၊ ကြက်ဥ (၃၀၀)လုံးကို လည်းကောင်း ၊ စေတီတောင်စစ်ရှောင် ဒုက္ခသည် စခန်းမှ ဒုက္ခသည် ၇၉ ဦးအတွက် ဆန် (၆)အိတ် ၊ ဆီ ဗှုး(၂) ဗှုး ၊ ကြက်ဥ (၃၀၀)လုံး ၊ အာလူးအိတ်ကြီး (၂) အိတ် ကိုလည်းကောင်း ၊ ကျီရာပြင်ဒုက္ခသည်စခန်းမှ စစ်ဘေးရှောင် ၁၁၇ ဦးတို့ အတွက် ဆန် (၇)အိတ် ၊ ဆီစက္ကူဖာ (၂)ဗှုး ၊ အာလူးအိတ်ကြီး (၂) အိတ် ၊ ကြက်ဥ (၄၀၀)လုံးကို လည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မောင်ကာကြီး (လေးမြို့ )
တည်ငြိမ်အေးချမ်းမှုမရှိသေးသဖြင့် ရခိုင်စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရန် ကြောက်ရွံ့ နေ
ကျောက်တော် ၊ လေးမြို့ 
ဇန်န၀ါရီ ၁၁ ရက် ၊ ၂၀၁၆
ရခိုင်ဒေသ၌ ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် နေရပ်စွန့် ခွာထွက်ပြေးလာကြသည့် စစ်ရှောင်ဒုက္ခသည်တို့ နယ်မြေတည်ငြိမ်၊အေးချမ်းမှုမရှိသေးသဖြင့် မိမိနေရပ်ပြန်ရန် ကြောက်ရွံ့ နေကြကြောင်း မြောက်ဦးမြို့ နယ် ၊ စေတီတောင်ရောက် စစ်ဘေးရှောင်ဒုက္ခသည်များအား ကူညီအကျိုးဆောင်ပေးနေသည့် ဦးဆန်းမောင်က လေးမြို့ သို့ ပြောကြားသည်။
ပြီးခဲ့သော ရက်သတ္တပတ်လောက်က ရခိုင်ဒေသတွင်း စစ်ပွဲများကြောင့် နေရပ်စွန့် ခွာ၊ထွက်ပြေးလာကြသည့် ဒုက္ခသည် ၂၆၃ ဦးရှိခဲ့ပြီဖြစ်ပြီး အများစုမှာ နယ်မြေလုံခြုံမှုမရှိခြင်းကြောင့် ထွက်ပြေးလာခြင်းဖြစ်ကြောင်း ကျောက်တော်မြို့ နယ် ၊ ရွာမပြင်စစ်ဘေးရှောင်ဒုက္ခသည်များ အရေးပေါ်ကူညီ၊ကယ်ဆယ်ရေး ကော်မတီမှ ဆရာတော်ဦးသုဝဏ္ဏက လေးမြို့ သို့ မိန့် ကြားသည်။
" ဒုက္ခသည် တွေ အရင်တပတ်ထက် နည်းနည်း တိုးလာတယ်...အခုဆို ရွာမပြင်စခန်းမှာ ၆၇ ဦးရှိပြီ .... နေရာထိုင်ခင်းကတော့ ပြည့်စုံနေပါပြီ..လာလှူထားကြလို့ ...လိုတာကတော့ အစားအစာပါပဲ....သူတို့ ဘယ်အချိန်မှ အိမ်ပြန်နိုင်မလဲ မသိသေးဘူးလေ....ဒီတော့ အစားအစာက သူတို့  ဒီမှာ ရှိနေသရွေ့ လိုအပ်နေမှာပဲ"ဟု ဆရာတော်က မိန့် ကြားသည်။
အဆိုပါ နေရပ်စွန့်ခွာထွက်ပြေးလာကြသည့် ဒုက္ခသည် များအနေဖြင့် မိမိနေရပ်ပြန်ရန် မည်သည့်အခက်အခဲများရှိနိုင်သနည်းဟု လေးမြို့ က မေးမြန်းရာ
စေတီတောင်ဒုက္ခသည်စခန်းရောက် ကျောက်တော်မြို့ နယ် ၊ ဘာရီကျေးရွာမှ ဦးသာလှက "ဘယ်တော့ အိမ်ပြန်နိုင်မလဲ...မသိသေးဘူး...အစိုးရဖက်ကလည်း လုံခြုံပြီ ... ပြန်နိုင်ပြီလို့ မပြောသေးဘူး.....မြန်မြန်တော့ အိမ်ပြန်ချင်တာပေါ့" ဟု ပြောကြားသည်။
AA တို့ ခိုအောင်းရာနေရာများအား အစိုးရတပ်မတော်မှ နယ်မြေရှင်းလင်းမှုများ ဆက်လက်ပြုလုပ်ပြီး မကြာခဏဆိုသလို လက်နက်ကြီး ပစ်ခတ်သံအချို့ ကြားနေဆဲဖြစ်ကြောင်း ကျီရာပြင်ကျေးရွာမှ အမည်မဖော်လိုသူ ကျောင်းဆရာမတစ်ဦးက ပြောကြားသည်။
မင်းမြတ်ခိုင် (လေးမြို့ )
တပ်မတော်က ဆက်လက်တိုက်ခိုက်လာပါက ပြန်လည်ခုခံသွားမည်ဟု AA ဆို
လေးမြို့ 
ဇန်နဝါရီ ၉ ရက် ၊ ၂၀၁၆
အစိုးရစစ်တပ်ပိုင် မြဝတီသတင်းစာမှ ဇန်နဝါရီ ၇ ရက်နေ့ တွင် ဖော်ပြထားသည့် AA ကို ဆက်လက်တိုက်ခိုက် ၊ ရှင်းလင်းသွားမည်ဟု ထုတ်ပြန်ချက်အား ရက္ခိုင့်တပ်မတော် AA အနေဖြင့် တပ်မတော်က တိုက်ခိုက်လာပါက ပြန်လည်ခုခံသွားမည်ဟု AA မှ ဒုတိယစစ်ဦးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောကြားလိုက်ကြောင်း Mizzima News တွင် ဖော်ပြချက်အရ သိရသည်။
“ဒါကတော့ သူတို့ရဲ့ လက်သုံးစကားပါပဲ။ တိုင်းရင်းသားအဖွဲ့တွေအပေါ်မှာ အစိုးရနဲ့ တပ်မတော်ရဲ့ သဘောထားက အခုဆိုရင် အစိုးရ ပြုတ်ခံနီးရှိပေမဲ့ သူတို့သဘောထားက မပြောင်းဘူးဆိုတာ ရှင်းရှင်းကြီး တွေ့ရတယ်။ တဖက်မှာလည်း ပြည်တွင်းငြိမ်းချမ်းရေး အမျိုးသာပြန်လည် သင့်မြတ်ရေး၊ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး တပြိုင်နက်တည်းလုပ်ဆောင်နေပေမဲ့ အပြောနဲ့လက်တွေ လုပ်ဆောင်ချက်တွေက သကြားတလမ်း၊ သံတလမ်းပါဘဲ။ သူတို့ ပြောတာနဲ့ မကိုက်ညီဘူး” ဟု ဒေါက်တာညိုထွန်းအောင်၏ ပြောစကားများကို Mizzima တွင် ဖော်ပြထားသည်။
ထို့ပြင် AA အဖွဲ့  သည် ဇန်န၀ါရီ ၈ ရက်နေ့  ၊ ညနေပိုင်း သဘောထားထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့ပြီး ထိုသဘောထားထုတ်ပြန်ချက်တွင် မြဝတီသတင်းစာတွင် ရေးသားထားသည့် AAနှင့် ဆက်စပ်သည့် အချက်များအား ငြင်းဆန်ချေပထားသည်။
ထို့ပြင် အစိုးရစစ်တပ်မှ AA တပ်ဖွဲ့  တို့  ခိုအောင်းနေရာများကို နယ်မြေရှင်းလင်းမှုများ ပြုလုပ်နေကြောင်း သိရပြီး AA ဖက်မှတော့ ယခုရက်ပိုင်းတွင် တိုက်ပွဲငယ် အနည်းငယ်သာ ဖြစ်ပွားမှုရှိနေသည်ဟု ဗိုလ်မှူးကြီး ညိုထွန်းအောင်က ပြောကြားကြောင်း ဖော်ပြထားသည်။
မင်းမြတ်ခိုင် (လေးမြို့ )
ဓာတ်ပုံ - လိုင်ဇာအခြေစိုက် AA တပ်ဖွဲ့  ၏ မှတ်တမ်းတစ်ခု
ရခိုင်ဒေသစစ်ပွဲများ ဖြစ်ပွားရခြင်းသည် NCA ကြောင့် ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဆို
ကျောက်တော် ၊ လေးမြို့ 
ဇန်န၀ါရီ ၈ ရက် ၊ ၂၀၁၆
ပြီးခဲ့သော ရက်အနည်းငယ်က ဖြစ်ပွားခဲ့သော ရခိုင်ဒေသစစ်ပွဲများသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCA သဘောတူ စာချုပ်ကြောင့် ဟု ကျောက်တော်မြို့ နယ် ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစောငြိမ်းက ဆိုကြောင်း DVB သတင်း၏ ဦးစောငြိမ်းနှင့် တွေ့ ဆုံခန်းမှ ပြောစကားများအရ သိရသည်။
"နှစ်ဦးနှစ်ဘက်အကြား NCA ကိစ္စကြောင့် ဖြစ်တဲ့ ပြဿနာက ဒီဘက်မှာကျတော့ AA က သူတို့က ရခိုင်ပြည်နယ်ဘက်မှာ တပ် လိုချင်တယ်။ အစိုးရပိုင်းကလည်း ဒီဘက်မှာ ရခိုင် AA အပေါ်မှာ ကျူးကျော် ဝင်ရောက်တယ် ထင်ပြီးတော့ နှစ်ဦးနှစ်ဘက် တိုက်ခိုက်တဲ့အပေါ်မှာ ဒီအပေါ်မှာ ပြည်သူက၊ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ရော၊ ပြည်သူအနေနဲ့ရော စိတ်မကောင်းပါဘူး။ အဲ့တာကြောင့်မို့လို့ ပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့်မှုတွေ ယခုထက်ထိ ရှိနေပါသေးတယ်ခင်ဗျ။"ဟု ဦးစောငြိမ်း၏ ပြောဆိုချက်အား DVB တွင် ဖော်ပြထားသည်ကို တွေ့ ရသည်။
ရက္ခိုင့်တပ်မတော် AA အဖွဲ့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးထားခြင်း မရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရက္ခိုင့်တပ်မတော်( AA) အနေဖြင့် အစိုးရဘက်မှ ကမ်းလှမ်း
မည်ဆိုပါက ဆွေးနွေးရန် အဆင်သင့်ရှိကြောင်းကိုလည်း ထုတ်ဖော်ပြောဆိုထားကြောင်းလည်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရက္ခိုင့်တပ်မတော် AA မှ ဒုတိယစစ်ဦးချုပ် ဒေါက်တာ ညိုထွန်းအောင်က ...
"နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းပြီး
တော့ ဆွေးနွေးလို့ရတဲ့ အနေအထားရှိတယ်။ အဲဒီလိုမျိုး အနေအထားတွေ ကျတော့လည်း ကျွန်တော်တို့ဘက်က အဆင်သင့်ရှိတယ်။ သူတို့ဘက်က ကမ်းလှမ်းလာမယ် ဆိုရင်တော့ဗျာ" ဟု ဒေါက်တာညိုထွန်းအောင်က The Lady News တွင် ပြောကြားခဲ့ကြောင်း သိရသည်။
သို့ သော်လည်း ရခိုင်လက်နက်ကိုင်တပ် AA ကို မြန်မာ အစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင်တပ်တခု အနေနဲ့ အသိအမှတ်မပြုဘဲ အပစ်ရပ်ရေးမှာ ပါဝင်ဖို့ ငြင်းဆန်ထားကြောင်း သိရသည်။
မင်းမြတ်ခိုင် (လေးမြို့  )
စစ်ပွဲကြောင့် မင်းပြားဒေသခံများ ထိတ်လန့် နေ
မင်းပြား ၊ လေးမြို့ 
ဇန်န၀ါရီ ၄ ရက် ၊ ၂၀၁၆
ပြီးခဲ့သော ၂၀၁၅ ၊ ဒီဇင်ဘာလ နောက်ဆုံးရက်များက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့သော အစိုးရစစ်တပ်နှင့် ရက္ခိုင့်တပ်မတော် AA တို့  တိုက်ပွဲများကြောင့် အစိုးရစစ်တပ်မှ မင်းပြား၊မြောက်ဦးရှိ ဒေသခံများအား ပေါ်တာဆွဲနေမှုများ ရှိနေသည်ဟု သတင်းများထွက်ပေါ်နေ၍ ညပိုင်းပြည်သူများ လမ်းမထွက်ရဲအောင်အထိ ကြောက်လန့်နေကြကြောင်း အမည်မဖော်လိုသည့် မင်းပြားဒေသခံတစ်ဦးက လေးမြို့ သို့  ပြောကြားသည်။
၎င်းက ``ကျွန်တော်တို့  မင်းပြားမှာ ၁၀ နာရီနောက်ပိုင်း မီးပြတ်ပြီဆို လမ်းမထွက်ရဲကြဘူး...စစ်တပ်က မြို့ထဲကို ကင်းလှည့်တယ်...စစ်ကားတွေနဲ့ ပေါ့...´´ဟု ပြောကြားသည်။
မင်းပြားတွင် ကြားနေရသော သတင်းများနှင့် ပတ်သက်၍ မင်းပြား-လူမှုကူညီရေးအသင်းမှ ဦးခင်ဇော်ဝင်းကတော့ ``သတင်းတွေ ပျံ့ နေတယ်...အမှန်တကယ်တော့.....ကောလဟာလတွေပါ.....မင်းပြားမှာ ဒီနေ့ ထိ ပေါ်တာဆွဲခံရတာမျိုးတော့ မရှိသေးဘူး...ညပိုင်း စစ်တပ်က မြို့ ထဲ ကင်းလှည့်တာတော့ အမှန်ပါ´´ ဟု အတည်ပြုပြောကြားသည်။
ညပိုင်းတွင် အစိုးရစစ်တပ်မှ မင်းပြားမြို့ ထဲ ကင်းလှည့်နေပြီး တွေ့ ရှိသော လမ်းသွား၊လမ်းလာများအား စစ်ဆေး၊မေးမြန်းမှုများရှိနေသည်ဟု မျက်မြင်ဒေသခံအချို့ ၏ ပြောပြချက်များအရ သိရသည်။
မောင်ကာကြီး (လေးမြို့ )
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကန် နိုင်ငံခြားရေးဝန်ကြီးတို့ ကတိပေးစကားပြောကြား
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံခေါင်းဆောင်တွေက၂ဝ၁၆ ခုနှစ် အတွက် နှစ်သစ်ကူး နှုတ် ခွန်းဆက်စကားတွေ ပြောကြားခဲ့ရာမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အခုလာမယ်၂ဝ၁၆ ခုနှစ်ဟာ မြန်မာပြည်မှာ ဒီမိုကရေစီခိုင်မာရေးအတွက် ထူးခြားတဲ့နှစ်ဖြစ်တယ်၊ တပ်မတော်အနေနဲ့ နှစ်သစ်မှာ အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပေး ပြောကြားလိုက်ပါတယ်။
"၂ဝ၁၆ ခုနှစ်ဟာ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီစနစ် ခိုင်မာစေရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် တင်ဆောင်ရွက်ရမယ့် ထူးခြားတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်၊ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကပေးအပ်ထားတဲ့ တာဝန်ဝတ္တရားများနဲ့အညီ တိုင်းပြည်အကျိုးကိုရှေးရှုပြီး ဖြစ်ပေါ်လာမယ့် အစိုးရ၊ ပြည်သူ လူထုတို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး အမျိုးသားရေးတာဝန်တွေကို အစဉ်အလာနဲ့အညီ ကျေပွန်စွာထမ်းဆောင် သွားမှာပါ"
ဒီအတောအတွင်းမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း သမ္မတ အိုဘားမားနဲ့ အမေရိ ကန်ပြည်သူတွေကိုယ်စား ဒီဇင်ဘာလ ၃၁ ရက်နေ့စွဲနဲ့ သဝဏ်လွှာတစောင် မနေ့ကထုတ်ပြန်ပြီး မြန်မာပြည်သူ လူထုကို လွတ်လပ်ရေးအကြို နှုတ်ခွန်းဆက်လိုက်ပါတယ်။
အဲ့ဒီစာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာပြည်အတွက် သမိုင်းဝင်ရွေးကောက်ပွဲ မှာ နိုင်ငံတဝှမ်းမှာရှိတဲ့ ပြည်သူ သန်းပေါင်းများစွာက ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ ပြည့်စုံကြွယ်ဝတဲ့ အနာဂတ်ဖြစ်ပေါ်ရေးတို့အတွက် နောက်ထပ်ခြေတစ်လှမ်းကို အမိအရလှမ်းနို်င်ခဲ့ကြကြောင်း ချီးကျူးဖေါ်ပြထားပါတယ်။
ဒါ့အပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်မှာ ဒီမိုကရေစီအဖွဲ့အစည်းတွေ ပိုမိုဖွံ့ဖြိုးအားကောင်းရေး၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးနဲ့ စီပွားရေးပိုမိုဖွံ့ဖြိုးရေးတို့အတွက် ကူညီသွားမယ်လို့ ထပ်လောင်း ကတိပြုပါကြောင်း စသဖြင့်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဂျွန်ကယ်ရီရဲ့ သဝဏ်လွှာ မှာ ဖေါ်ပြထားပါတယ်။
RFA Burmese
လိပ်ကျွန်းအရေးဆန္ဒြုပမှုများသည် နိုင်ငံရေးအရ အသုံးချခြင်း မဖြစ်သင့်ကြောင်း ရခိုင်ခေါင်းဆောင် ဦးအေးသာအောင် သတိပေး
နိုင်ငံသားတစ်ဦး အနေဖြင့် မြန်မာနိုင်ငံသားများ မတရားခံရသည့် အပေါ်တွင် တုံ့ပြန် ဆန္ဒထုတ်ဖော်သည်ကို လိုလားသော်လည်း ဆန္ဒပြမှုများမှာ နိုင်ငံရေးအရ အသုံးချခြင်းမျိုး မဖြစ်သင့်ကြောင်း လိပ်ကျွန်း လူသတ်မှုကို သေဒဏ်ချမှတ်ခဲ့သည့် အပေါ်
ဆန္ဒထုတ်ဖော်မှုများနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်က ဒီဇင်ဘာ ၂၈ ရက်တွင် သတိပေးပြောဆိုလိုက်သည်။
“အမှန်ကတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေကို
လုပ်ရမှာပဲ။ အဲ့ဒါထက် ကျော်လွန်ပြီးတော့ လုပ်လာတဲ့ လုပ်ရပ်မျိုးကတော့ မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။ အခုလို နိုင်ငံသား
တစ်ယောက်အနေနဲ့ မိမိရဲ့ အမျိုးသားရေးစိတ် ၊ နိုင်ငံသား တစ်ယောက်ရဲ့ လျော့နည်းနေတဲ့ ဂုဏ်သိက္ခာ ကို ထုတ်ဖော်ပြသတဲ့ မတော်မတရား ခံရတာနဲ့ပတ်သက်လို့ ထုတ်ဖော်ပြသ တာပဲ လုပ်သင့်ပါတယ်” ဟု ဦးအေးသာအောင်ကပြောသည်။
လတ်တလော ဖြစ်ပွားနေသည့် လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်သည့်
ဆန္ဒပြပွဲများတွင် နောက်ကွယ်၌ နိုင်ငံရေးအရ လှုံ့ဆော်မှုများ ရှိနိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့မှ ရဲချုပ်က ဒီဇင်ဘာလ ၂၇ ရက်နေ့က ပြောဆိုထားသည်။
ယင်းအပြင် လူမှုကွန်ရက် မီဒီယာများပေါ်တွင် ထိုင်းနိုင်ငံနှင့် ပတ်သက်၍ အလွန်အမင်း အမုန်းစကား ပြောဆိုမှုများလည်း ရှိလာပြီး အချို့ဆန္ဒပြပွဲများတွင် မဘသ အဖွဲ့များက ဦးဆောင်မှုအပေါ် လေ့လာသူများအကြား ပူပန်မှုများ ရှိလာခဲ့သည်။
ယင်းအပြင် စည်းကမ်းတကျ ဆန္ဒပြခြင်းထက် လမ်းများပေါ်ထွက်၍ ခွင့်ပြုမိန့် မတောင်းခံဘဲ ဆန္ဒပြမှုများ ရှိလာခဲ့ပြီး ယခုကဲ့သို့ အာဏာ လွှဲပြောင်းရေးအတွက် တည်ငြိမ်မှု ရရှိရန် လိုအပ်နေချိန်တွင် လူထု ဆန္ဒပြပွဲများမှ တစ်ဆင့် မလိုလားအပ် သည်များ
ပေါ်ပေါက်လာနိုင်ကြောင်း စိုးရိမ်မှု အချို့လည်း ရှိနေကြသည်။ ထို့အပြင်
လိပ်ကျွန်း လူသတ်မှုအရေး လှုပ်ရှားများ ဖြစ်ပွားနေသည့် အချိန်တွင် သမ္မတနှင့်
တပ်မတော်ကို အလွန်အကျွံ အကာအကွယ်ပေးသည့် ဥပဒေများ ပြဋ္ဌာန်းရန်
ကြိုးစားနေခြင်း ၊ ဖားကန့်ဒေသ ကျောက်စိမ်း အလွန်အကျွံ တူးဖော်နေမှုများအပေါ်
ထိန်းချုပ်နိုင်မှု မရှိသေးခြင်း စသည့်ကိစ္စရပ်တို့အပေါ် တွင်လည်း လေ့လာသူများ အကြား သံသယ၀င်စရာ ဖြစ်နေသည် ။
" အမျိုးသားရေးအရ လိုအပ်လို့ ဖိအားပေး တာကလည်း ပေးပေါ့ဗျာ။ ဒါပေမဲ့
လက်လွတ်စပယ် စည်းလွတ် ၀ါးလွတ်တွေ မဖြစ်သင့်ဘူး။ တချို့က ကုန်စည်
ဆက်သွယ်ရေး လမ်းတွေ ပိတ်ဖို့တို့ ၊ အလောင်းဘုရားတို့ လက်ထက်တုန်းက
ကိစ္စတွေအထိ ပြောနေတာ တွေ့ရတယ်။ အမှုက တရားမျှတမှု ပြသ၁နာပါ။
လူမျိုးရေး နိုင်ငံရေး ပြသ၁နာ မဟုတ်ပါဘူး။ နောက်ပြီး တစ်ခုခုဖြစ်ရင် ထိုင်းမှာ
အလုပ်သွားလုပ်နေတဲ့ သူတွေ သန်းနဲ့ချီရှိတယ်။ သူတို့ လုံခြုံရေးအတွက် ဘယ်လို
လုပ်မလဲ " ဟု သတင်းစာဆရာ တစ်ဦးက သုံးသပ်ပြောဆိုသည်။
ရခိုင်တိုင်းရင်းသား နှစ်ဦး သေဒဏ်ချမှတ်ခံရမှုနှင့် ပတ်သက်၍ နိုင်ငံအနှံ့ ဆန္ဒပြပွဲများ ဖြစ်ပွားနေပြီး အမှုမှာ လက်ရှိအချိန်တွင် အယူခံတင်၍ ရသည့်အဆင့်တွင် ရောက်ရှိနေသည်။
မြန်မာနိုင်ငံသား အများစုက လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ မြန်မာနှစ်ဦး
ကျူးလွန်ခြင်း မရှိကြောင်း ယုံကြည်နေရပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သား အများစုမှာ တခြားနိုင်ငံများမှ လာရောက် လုပ်ကိုင်သည့် ရွှေ့ပြောင်း လုပ်သားများကဲ့သို့ တန်းတူ အခွင့်ရေး ရရှိမှုလည်း အလွန်နည်းပါးနေသည်။
“တစ်ဖက်က ထိုင်းနိုင်ငံက အလုပ်ရှင်၊ ပြီးတော့ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ
အပေါ်မှာလည်း မကျေနပ်ဘူး။ ကိုယ့်နိုင်ငံရဲ့ အာဏာရှင်စနစ် အဆက်ဆက်ကြောင့်
ပြည်သူတွေ အလုပ်အကိုင်မရှိလို့ ၊ လူငယ်တွေ ကျရာအလုပ်လုပ်ဖို့အတွက် နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ရတယ် "ဟု ဦးအေးသာအောင်က ပြောသည်။
အမှန်တကယ် အပြစ်ကျူးလွန်သူကို ထိုင်းရဲတပ်ဖွဲ့က မဖမ်းနိုင်၊ မဖော်နိုင်၊
မဖော်ထုတ်နိုင် တစ်နည်းအားဖြင့် မဖမ်းရဲသည့်အတွက် လက်လွတ်စပယ်
စီရင်ချက်ချသည့်သဘော သက်ရောက်ပြီး မြန်မာလုပ်သား နှစ်ဦးအပေါ်တွင်
စာနာထောက်ထားမှုများကို ပြသသည့် အနေဖြင့် နိုင်ငံတကာနှင့် မြန်မာနိုင်ငံ အနှံ့အပြား တွင် ဆန္ဒထုတ်ဖော်၍ လွှတ်ပေးရန် တောင်းဆိုခြင်းသည် မြန်မာနိုင်ငံသား တစ်ဦး မတော်မတရားခံရမှုများ မဖြစ်စေချင်၍ ဆန္ဒပြသည်ဟု သုံးသပ်ကြောင်းလည်း ဦးအေးသာအောင်က ဆက်လက် ပြောကြားခဲ့သည်။
From-The Ladies News Journal