ရိုဟင်ဂျာဟု သုံးနှုန်းသွားခြင်းအပေါ်အိတ်ဖွင့်ပေးစာတစ်စောင်ကိုသမ္မတအိုဘားမားထံ ပေးပို့သွားမည်ဟု ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်ကပြောကြား

အမေရိကန်သမ္မတအိုဘားမား ရန်ကုန်တက္ကသိုလ်၌ ပြောကြားခဲ့သော မိန့်ခွန်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းသွားခြင်းအပေါ် စိတ်ပျက်ပူပန်မိကြောင်း ဖော်ပြထားသော အိတ်ဖွင့်ပေးစာတစ်စောင်ကို အမေရိကန်သံရုံးမှတစ်ဆင့် သမ္မတအိုဘားမားထံ ပေးပို့သွားမည်ဟု ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်ကပြောကြားသည်။ အဆိုပါ အိတ်ဖွင့်ပေးစာတွင် ယခုသမ္မတခရီးစဉ်နှင့် ဒုတိယအကြိမ်သက်တမ်း ပြန်လည်ရွေးကောက်ခံရခြင်းကို ကြိုဆိုပါကြောင်း၊ သို့ရာတွင် ရိုဟင်ဂျာဟု သုံးနှုန်းသွားခြင်းကို စိတ်ပျက်ရကြောင်းနှင့် ထိုသို့ အိတ်ဖွင့်ပေးစာ ပေးပို့ရခြင်းဖြစ်ကြောင်း သက်သေအထောက်အထားများနှင့်တကွ ဖော်ပြသွားမည်ဟု ဥက္ကဋ္ဌကပြောသည်။ တိုင်းရင်းသားအရေးတွင် ရိုဟင်ဂျာဟု သုံးနှုန်းသွားသည်ကို ၀မ်းနည်းမိပြီး အကြောင်းရင်းကို ခွဲခြမ်းလေ့လာသွားမည်ဟု ရခိုင်အမျိုးသားကွန်ရက်ဒုဥက္ကဋ္ဌ ဦးကျော်ဝင်းချေက ဆိုသည်။ အဆိုပါ အိတ်ဖွင့်ပေးစာကို နိုဝင်ဘာ ၂၆ ရက်တွင် ပေးပို့သွားမည်ဟု ခန့်မှန်းထားကြောင်း ဥက္ကဋ္ဌကပြောသည်။ From : 7 Days News

SHARE THIS
Previous Post
Next Post