မြန်မာ-ဘင်္ဂလားဒေ့ရှ် မောင်တောနယ်စပ်ဒေသများ၌ ကုန်းလမ်းခရီး နှစ်နိုင်ငံပို့ကုန်သွင်းကုန်လုပ်ငန်းများ လည်ပတ်စီးဆင်း ရာတွင် အဓိကအရေးပါနေသော လမ်းပိုင်းဖြစ်သည့်  ကြိမ်ချောင်း-တောင်ပြိုကားလမ်းအား ဒေသတွင်း အခြေအနေများကြောင့် သက်ဆိုင်ရာမှ ရက်အကန့်အသန့်မရှိ ပိတ်ထားကြောင်း ကြိမ်ချောင်း ကားဂိတ်မှ ယာဉ်မောင်းများနှင့် ပို့ကုန်လုပ်ငန်းရှင်အချို့ ထံမှ သိရသည်။
အဆိုပါ လမ်းကြောင်းပိုင်းအား မောင်တောနယ်စပ်ဆောက်လုပ်ရေးအဖွဲ့(GE) မှ အခိုင်အမာ ဘက်စုံအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး ၂၀၁၂ခုနှစ် ဧပြီလ(၁)ရက်နေမှစ၍ မောင်တော မြောက်ပိုင်းကြိမ်ချောင်း မှ တောင်ပြိုသို့ခရီး သည်နှင့် ကုန်ကား များ စတင်ပြေးဆွဲလာခဲ့ခြင်း ဖြစ်သည်။
ထိုသို့ပြေးဆွဲရာ၌ လမ်းခရီးတွင် လိုအပ်သော စစ်ဆေးရေး ဂိတ်များထားရှိဆောင်ရွက်နိုင်မှု အားနည်းခြင်းနှင့် ဘင်္ဂလားဒေ့ရှ်မှ ဒေသတွင်းသို့တောင်ပြိုဒေသမှတစ်ဆင့် တရားမ၀င်နယ်စပ်ဖြတ်ကျော်ဝင်ထွက်သွားလာမှုများ ရှိလာခြင်းနှင့် ဒေသတွင်း မတည်မငြိမ်ဖြစ်စေမည့် အခြေအနေများအား ရှေ့ရှု့၍ပိတ်သိမ်းရခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ နယ်စပ်လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဇွန်လကဖြစ်ပွါးခဲ့တဲ့အခြေအနေများကြောင့် ယာယီပိတ်ဖို့ညွှန်ကြားခဲ့တယ်။ လမ်းခရီးမှာ ဒေသခံတွေအတွက် စိုးရိမ်ရတဲ့ အတွက်ပါ။ နောက်ဒေသခံတွေအပေါ် ပြဿနာကျရောက်ခဲ့ရင် အဲ့ဒီပြဿနာမှတစ်ဆင့်ကူးစက်ပျံ့နှံ့သွားမည့် အခြေ အနေတွေကြောင့်ပါ။ စက်တင်ဘာ(၁)ရက်နေ့မှာ ဒေသတွင်းအခြေအနေ ပုံမှန်ရရှိလာပြီ ဖြစ်လို့ ပြန်ဖွင်ပေးခဲ့တယ် ။ နောက်တော့ လမ်းခရီးမှာလိုအပ်တဲ့ နယ်စပ်စစ်ဆေးရေး ဂိတ်တွေထားရှိ မဆောင် ရွက်နိုင်သေးတာနဲ့ဒေသတွင်း နယ်စပ်မှာ ဖြစ်ပွါးခဲ့တဲ့ အခြေအနေများကြောင့် ပြန်ပိတ်ဖို့ ညွန်ကြားခဲ့တာ ဖြစ်ပါတယ်“ ဟု ၄င်းက ပြောကြားသည်။
အဆိုပါလမ်းပိုင်းအား ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့် အခြေအနေများကြောင့် ယာယီပိတ်သိမ်းခဲ့ရသော်လည်း စက်တင်ဘာ(၁) ရက်နေ့တွင် ပြန်ဖွင့်ပေးခဲ့သော်လည်း နယ်စပ်စစ်ဆေးရေးဂိတ်အားနည်းချက်နှင့် နယ်စပ်ဒေသတွင်းပြဿနာများကြောင့် ပြန်ပိတ် ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
၎င်းကဲ့သို့လမ်းကြောင်းပိတ်ထားမှုများကြောင့် ဘင်္ဂလားဒေ့ရှ်နှင့်ချိတ်ဆက်၍ ကုန်သွယ်မှုများ ပြုလုပ်နေသော ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထိခိုက်နစ်နာမှုများရှိပြီး လမ်းခရီးတွင် လုံခြုံရေး ဆောင်ရွက် ထားရှိပြီး အမြန်ဆုံးပြန်လည် ဖွင့်လှစ်ပေးရန် ဒေသတွင်း ခရီးသွားများက မျော်လင့်လျှက်ရှိကြောင်းကိုလည်း သိရသည်။
“ကားလမ်းပိတ်လိုက်တော့ ဘာမှလုပ်စရာကိုင်စရာမရှိဖြစ် နေကြတယ်။ ဒီမှာလှောင်လက်အရည်အသွေးညံ့ပျက်စီးလွယ်တဲ့ ပို့ကုန်တချို့လည်း ကားလမ်းပိတ်ထားတော့ ဒေသတွင်း စားသုံးသူလက်လီ၊ လက်ကား သမားများတွေဆီကို ဈေးပေါပေါနဲ့ ထိုးအပ်နေရလို့ အမြန်ဆုံးပြန်လည်ဖွင့် ပေးစေချင်တယ်“ ဟု ကြိမ်ချောင်းဒေသမှ ဘင်္ဂလာဒေ့ရှ်ပို့ကုန်လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
ကြိမ်ချောင်း -တောင်ပြို ကားလမ်းမှာ (၁၅)ခန့်ရှည်ပြီး မောင်တောမှ ပြည်တွင်းပို့ကုန်များကို ကြိမ်ချောင်းမှ တစ်ဆင့် ကြိမ်ချောင်း-တောင်ပြို့ကားလမ်းအတိုင်း ဘင်္ဂလာဒေ့ရှ်သို့ တိုက်ရိုက်တင်ပို့နိုင်သည့် တစ်ခုတည်း သော နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသစ်ဖြစ်ကြောင်းကိုလည်း သိရသည်။
အဆိုပါလမ်းပိုင်းမှာ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှက ပန်းဝါမြို့(ဘင်္ဂလားဒေ့ရှ်နိုင်ငံ)နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ မီးရထား၊ ကားများပြေးဆွဲခဲ့သည့် သမိုင်းဝင်လမ်းကြောင်းတစ်ခုလည်းဖြစ်သည်။
အာရကန်ကိုကို-မောင်တော(မြစ်မခ)
Uncategories
နယ်စပ်ဖြတ်ကျော်ဝင်/ထွက်မှုများကြောင့် ကြိမ်ချောင်း-တောင်ပြိုကားလမ်းအား ရက်အကန့်အသန့်မရှိ ပိတ်
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)