ရခိုင်ရေပိုင်နက်မှ ကျူးကျော်ငါးဖမ်းရေယာဉ်များကို အရေးယူမည်



ရခိုင်ကမ်းရိုးတန်းရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းဇုန်များသို့ စည်းကမ်းပျက် ငါးဖမ်းရေယာဉ် ရေပိုင်နက်ကျူးကျော် ၀င်ရောက်မှုများရှိပါက ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ရန် ပြည်နယ်ငါးလုပ်ငန်းဦးစီးဋ္ဌာနမှ ကွင်းဆင်းလေ့လာမူများ ဆောင်ရွက်လျှက်ရှိသည်။ "ကမ်းဝေးငါးဖမ်း ရေယာဉ်တွေ ကမ်းနီးငါးဖမ်းဧရိယာများသို့ ကျူးကျော်ဝင်ရောက် ဖမ်းဆီးမှုတွေနှင့် ပတ်သက်ပြီး ကမ်းနီးငါးဖမ်း လုပ်ငန်းရှင်တွေ တိုင်းတာ၊ ထွာတာတို့ရှိလာပါတယ်။ ဒီလို စည်းကမ်း ဖောက်ဖျက် ၀င်ရောက်ဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ အရေးယူ ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာ ခရိုင်၊မြို့နယ်များကို ညွန်ကြားဆောင်ရွက် ထားပါတယ်"ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရခိုင်ကမ်းရိုးတန်း ငါးဖမ်းဇုန်မှာ အရှည်မိုင်ပေါင်း (၂၄၀)ကျော်ရှည်လျားပြီး ကမ်းစပ်မှ ရေပြင်ဧရိယာ (၅)မိုင်အထိ ကမ်းနီးငါးဖမ်းဧရိယာအဖြစ် သတ်မှတ်ထားပြီး ၄င်းထက်ကျော်လွန်သွားပါက ကမ်းဝေး ငါးဖမ်း ဧရိယာအဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်းကိုလည်း သိရှိရသည်။ ထိုကဲ့သို့သတ်မှတ်ထားခြင်းအား ကမ်းနီး၊ကမ်းဝေးငါးဖမ်းလှေများအနေဖြင့် သိရှိပြီးဖြစ်သော်လည်း စစ်တွေ၊ကျောက်ဖြူ၊ သံတွဲ၊ ဂွ၊မာန်အောင် ကမ်းရိုးတမ်းရှိ ကမ်းနီးငါးဖမ်းဧရိယာများတွင်း ကမ်းဝေး ငါးဖမ်းရေယာဉ်များ ၀င်ရောက်ကျူးကျော် ဖမ်းဆီးမှုများပြားလာခြင်းဖြစ်ကြောင်း ကမ်းနီးရေလုပ်ငန်း ရှင်တို့က ဆိုသည်။ "ကမ်းနီးကမ်းဝေး ဧရိယာများ သတ်မှတ်ထားပါတယ်။ ပိုင်နက် ကျော်ပြီးဝင်ရောက်တဲ့ ငါးဖမ်းလှေ တွေလည်း ရှိပါတယ်။ အဲလိုဝင်ရောက် ဖမ်းဆီးကြတော့ ငါးဖမ်းဆီးရရှိမူက နည်းပါးသွားကြတယ်"ဟု ရေလုပ်ငန်းသားတစ်ဦးက ပြောသည်။ ရခိုင်ကမ်းရိုတန်းဒေသ၏ စီးပွားရေုးလုပ်ငန်များတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းပြီးလျှင် ရေလုပ်ငန်းမှာ တတိယ အားအထားရဆုံး လုပ်ငန်းဖြစ်သည်။ ရခိုင်ကမ်းရိုးတမ်းဒေသတွင်း ကမ်းနီးငါးဖမ်းလှေ အစီးရေ (၂၈၅၂)စီး နှင့် ကမ်းဝေးငါးဖမ်းလှေ အစီးရေ (၂၁၈) စီးရှိပြီး ရခိုင်ပြည်နယ်ရှိ လူဦးရေ၏ (၃၅) ရာခိုင်နူန်းမှာ ရေလုပ်ငန်းများကို မိရိုးဖလာ အသက် မွေးဝမ်းကျောင်းပြုခြင်းနှင့် စီးပွားရေးလုပ်ငန်းအဖြစ် မှီခိုလုပ်ကိုင်နေကြောင်း သိရသည်။ အာရကန်ကိုကို (မြစ်မခ)

SHARE THIS
Previous Post
Next Post