ကျောက်တော်မြို့နယ် ပြိန်းချောင်းကျေးရွာအုပ်စုကလယ်သမားများအား စကသ-၉(ဆက်သွယ်ရေးတပ်)မှ ခြိမ်းခြောက်စပါးတောင်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့တောင်ဘက် အပေါက်ဝကျေးရွာအနီး ပြိန်းချောင်းကျေးရွာအုပ်စုတွင်ပါဝင်သော ကျေးရွာများရှိ လယ်သမားများထံမှ စကသ-၉(ဆက်သွယ်ရေးတပ်)မှ ဒုတပ်ကြပ် အေးမင်းအောင် ဦးဆောင်သော အဖွဲ့မှာ သီးစားခစပါးများကို ခြိမ်းခြောက်တောင်းရမ်းလျှက်ရှိကြောင်း လယ်သမားများက ပြောပါသည်။ ယနေ့မနက်ပိုင်းက အဆိုပါ ဆက်သွယ်ရေးတပ်မှ ဒုတပ်ကြပ် အေးမင်းအောင် မှ လယ်သမားများကို သတ်မှတ်ထားသည့် လယ် ၁ ဧက လျှင် စပါးအတောင်း ၃၀ ကိုမပေးပါက ရဲထုတ်ပြီးဖမ်းဆီးအရေးယူမည်ဟုခြိမ်းခြောက်ပြောဆိုခဲ့ ကြောင်း ခြိမ်းခြောက်ပြောဆိုခံရသူ လယ်သမား ဦးအေးကျော်မောင်က ဆိုပါသည်။ ပြိန်းချောင်ကျေးရွာအုပ်စုရှိ အဆိုပါလယ်သမား ၁၅ ဦးခန့်မှာ လွန်ခဲ့သော ၁၅ နှစ်ခန့်ကပင် မိမိတို့၏ စားဝတ်နေရေးအတွက် တောရိုင်းမြေများကိုခုတ်ထွင် ရှင်းလင်းပြီး လယ်ယာများလုပ်ကိုင်စားသောက်ခဲ့ကြောင်းသိရသည်။ ထိုသို့လုပ်ကိုင်စားသောက်ပြီး လွန်ခဲ့သော ၂၀၀၀ ခုနှစ်မှ စကသ-၉ တပ်မှ လယ်သမားများအား ခြိမ်းခြောက်ကာ သီးစားခအဖြစ်တောင်းရမ်းစားသောက် လာခဲ့ကြောင်း၊ ပြီးခဲ့သောနှစ်ကမူ နိုင်ငံတော်အထက်အဆင့်ဆင့်ကို လယ် သမားများတက်ရောက်တိုင်ကြားခဲ့ခြင်းကြောင့် လာရောက်တောင်းခံမှုမရှိခဲ့ ကြောင်း၊ ယခုနှစ်တွင်မှ ထိုသို့ပေးဆောင်ရန်ခြိမ်းခြောက်တောင်းရမ်းခြင်းမျိုးတို့ ရှိလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ စခက-၉(ဆက်သွယ်ရေးတပ်)မှာ ကျောက်တော်မြို့ အရှေ့ဘက်ကမ်း ကျောက်တော်တောင်ဘုရားကြီးရှိရာဘက် ခေါင်းတုပ်ကျေးရွာအနီးတွင် အခြေစိုက်ပြီး ယခုသီးစားခအဖြစ် အဓမ္မတောင်းရမ်းနေသည့် ကျေးရွာနှင့် ဆိုလျှင် ၁၈ မိုင်ခန့်အကွာအဝေးရှိကြောင်း ဒေသခံများက ပြောဆိုပါသည်။

SHARE THIS
Previous Post
Next Post