ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေ နိုင်ငံသားစိစစ်ရေးလုပ်ဖို့ သက်တမ်းတိုးပေးရေးကိစ္စအတွက် မြန်မာအလုပ်သမား အဆင့်မြင့် အရာရှိကြီးတွေဟာ လာမယ့် ရက်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေနဲ့ သွားရောက် ဆွေးနွေးမှာ ဖြစ်ပါတယ်။
ဒီဇင်ဘာ၁၄ ရက်နေ့ နောက်ဆုံးသတ်မှတ်ကာလပြည့်ရင် ပြန်ပို့မယ့်အစား မြန်မာဘက်က သက်တမ်းတိုးပေးဖို့ တောင်းဆိုချက်ကို ကနဦးမှာ ထိုင်းဘက်က ငြင်းပယ်ခဲ့ပြီးမှ ဒီကိစ္စဆွေးနွေးဖို့ မြန်မာဘက်က သွားရောက်မှာ ဖြစ်ပါတယ်။
မြန်မာအလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က “၂၁ ရက်နေ့မှာ အစည်းအဝေး ထပ်ရှိတယ်။ ကျနော်တို့ လောလောဆယ် အကြမ်းဖျဉ်းသိရသလောက်တော့ သမ္မတကြီးကလည်း ထိုင်းဝန်ကြီးချုပ်ကို ဒီကိစ္စတွေ ပြောထားတယ်၊ သမ္မတကြီး ဆောင်ရွက်နေတဲ့ အနေအထားတွေ ရှိပါတယ်။ အဖြေကတော့ ကျနော်တို့ သွားပြီးရင် ပိုရှင်းသွားမယ်။ အကြမ်းဖျဉ်း ၂၁ ရက်နေ့ ဖြစ်ပါလိမ့်မယ်”လို့ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တနင်္သာရီတိုင်း ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စနဲ့ ထားဝယ်မြို့ကို လာရောက်ခဲ့တဲ့ ထိုင်း ၀န်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်နဲ့ မြန်မာသမ္မတတို့ တွေ့ဆုံရာမှာ မြန်မာဘက်က နောက်ထပ် သက်တမ်း ၃ နှစ်တိုးပေးဖို့ တောင်းဆိုခဲ့တာကို ထိုင်းဘက်ကလည်း သဘောတူခဲ့ပါတယ်။
ဒီကနေ့ထုတ်တဲ့ ထိုင်းသတင်းမှာလည်း ထိုင်းအလုပ်သမားဝန်ကြီးက သူ့အနေနဲ့ ဒီဇင်ဘာ ၁၄ ရက် သတ်မှတ်ရက်မှာ လက်မှတ် မလုပ်သူတွေကို ပြန်ပို့မယ့်အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ အစိုးရအဖွဲ့ကို လာမယ့်သီိတင်းပတ်မှာ တင်ပြသွားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံထဲက ရွှေ့ပြောင်းအလုပ်သမားတွေကို မဖမ်းဖို့၊ ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းက ထိုင်းဝန်ကြီးချုပ်ကို တိုက်တွန်းခဲ့ပြီးတဲ့နောက် အခုလို တုံ့ပြန်ဆောင်ရွက်လာတာဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ထိုင်းနိုင်ငံထဲ နိုင်ငံသားစိစစ်ရေးလုပ်ထားပြီးသား အလုပ်သမား ၁ သန်းကျော်အနေနဲ့ လာမယ့်နှစ်ကစလို့ ထိုင်းနိုင်ငံလူမှုလုံခြုံရေးစနစ်ထဲမှာ ပါဝင်တော့မှာ ဖြစ်တာကြောင့် ဆက်စပ် အကျိုးကျေးဇူးတွေကို ခံစားရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီသတင်းနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားအရာရှိ ဦးအောင်မျိုးသန့်က “လောလောဆယ် တော်တော်များများက စိုးရိမ်နေတာလေ၊ ဒီမှာက မလုပ်ရသေးတဲ့သူ တော်တော်များတယ်။ ပထမ လုပ်ပြီးသူတွေရှိသလို မလုပ်ရသေးသူတွေရှိတော့ ဖုန်းတွေနဲ့ရော တိုက်ရိုက်ရော စိုးရိမ်ပြီး သူတို့ လာမေးကြတယ်။ အကြမ်းဖျဉ်း သိရသလောက် ထိုင်းအစိုးရဘက်ကိုလည်း ထိုင်း အလုပ်ရှင်တွေနဲ့ စီးပွားရေးသမားတွေက ဖိအားပေးကြတယ်။ ဒါနဲ့ သူတို့ဘက်က ၃ လလောက်ထပ်တိုးမယ်လို့တော့ သတင်းကြားတယ်။”လို့ပြောပါတယ်။
ထိုင်းနိုင်ငံမှာ သန်းနဲ့ချီတဲ့ မြန်မာ-လာအို-ကမ္ဘောဒီးယားနိုင်ငံတွေက လုပ်သားတွေဟာ ဆောက်လုပ်ရေး၊ ရေ လုပ်ငန်း၊ စိုက်ပျိုးရေး၊ အိမ်အကူ စတဲ့ အလုပ်တွေ လုပ်ကိုင်နေကြပါတယ်။
ဒီဗွီဘီ -DVB - ၁၉ ဒီဇင်ဘာ ၂၀၁၂
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)