ဖမ်းဆီးခံ ရှင်ဂမ္ဘီရ(ခေါ်)ဦးညီညီလွင်ကို အာမခံနဲ့ လွှတ်ပေး

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတုန်းက ရှင်ဂမ္ဘီရအဖြစ်ထင်ရှားပြီး လူထွက်ခဲ့တဲ့ ဦးညီညီလွင်ကို အင်းစိန်ထောင်ကနေ အာမခံနဲ့ လွှတ်ပေးတယ်လို့ ဦးညီညီလွင်ရဲ့ အကို ဦးအောင်ကျော်ကျော်က ပြောပါတယ်။

“အင်းစိန်ထောင်ရှေ့မှာ အခု ရောက်နေတယ်။ ရဲအရာရှိတွေနဲ့ အက်စ်ဘီတွေက ဦးဂမ္ဘီရကိုထုတ်ဖို့အတွက် အထဲဝင်သွားတယ်။ ပြန်တော့ ထွက်မလာသေးဘူး။ ထွက်လာရင်လည်း အင်းစိန်ထောင်ရှေ့ကနေလွှတ်မှာမဟုတ်ဘူး။ သန်လျင်မြို့နယ်တရားရုံးကိုခေါ်သွားဦးမယ်၊ အဲကနေ ခံဝန်လက်မှတ်ထိုးပြီးမှ အာမခံနဲ့ လွှတ်မှာပါ။”

ဦးညီညီလွင်ကို နိုဝင်ဘာ ၂ ရက်နေ့က နေအိမ်ကနေ ဖမ်းဆီးခဲ့တာပါ။ ဦးညီညီလွင်ကို ပြန်လွှတ်ဖို့ အထက်အမိန့်အရ သန်လျင်မြို့နယ် ရဲစခန်းမှူး ရဲအုပ်သက်ဝေက မိသားစုကို ဆက်သွယ်ပြီး အာမခံကိုရှာခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ သန်လျင်မြို့နယ် အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဦးစိုးဟန်နဲ့ စာရေးဆရာ ဦးအောင်ဖုန်းကျော်တို့ ၂ ဦးက ကျပ်ငွေ သိန်း ၄၀ အာမခံနဲ့ သွားထုတ်ခဲ့ရတာပါ။ အာမခံနဲ့လွတ်လာပေမယ့် သူ့ကို စွဲထားတဲ့အမှု ၃ မှုကိုတော့ ဆက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းက ဦးညီညီလွင်ကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၈၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၄၇၊ ပုဒ်မ ၄၅၄ တရားမဝင် ဝင်ရောက်နေထိုင်မှုတွေနဲ့ အမှုဖွင့်ထားသလို သန်လျင်မြို့နယ်မှာလည်း ပြစ်မှုတခုကျူးလွန်တယ်ဆိုပြီး ဖမ်းဆီးခေါ်ဆောင်ခဲ့တာလို့ မိသားစုဝင်တွေ အပြောအရသိရပါတယ်။

အစိုးရက ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးမှာ ဦးဆောင်ခဲ့တဲ့ အရှင်ဂမ္ဘီရကို ဖမ်းဆီးတရားစွဲပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ ၂ဝ၁၂ ဇန်နဝါရီ ၁၃ ရက်နေ့မှာ မြောင်းမြအကျဉ်းထောင်ကနေ ပြန်လွတ်လာစဉ်က ဦးပဉ္စင်းပြန်ဝတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ လူဝတ်လဲခဲ့တာဖြစ်ပါတယ်။
နော်နိုရင်း၊ DVB ၁၀ ဒီဇင်ဘာ ၂၀၁၂

SHARE THIS
Previous Post
Next Post