ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦးမြို့ကို ခရိုင်မြို့ အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်
နယ်အစိုးရအဖွဲ့ရုံး မှ သိရသည်။ စစ်တွေခရိုင် မြောက်ဦးမြို့အား ခရိုင်မြို့အဖြစ် သတ်မှတ်ရန်အတွက် ကျင်းပပြီးစီးခဲ့သည် ပထမအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်၊ စတုတ္ထပုံမှန်အစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း မြို့နယ်ခွဲသုံးခုအပါအဝင် မြို့နယ်ပေါင်း ၂၁ ခုရှိပြီး ခရိုင်လေးခရိုင် ရှိကြောင်း၊ ယင်းတို့ အနက် မောင်တောခရိုင်တွင် မောင်တော၊ ဘူးသီးတောင် ၊ တောင်ကုတ်မြို့နယ်ခွဲ စုစုပေါင်း သုံးမြို့နယ်၊ စစ်တွေခရိုင် တွင် စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စုစုပေါင်း ရှစ်မြို့နယ်၊ ကျောက်ဖြူခရိုင်တွင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း စုစုပေါင်းလေးမြို့နယ်၊ သံတွဲခရိုင်တွင် သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မအီမြို့နယ်ခွဲနှင့် ကျိန္တလီမြို့နယ်ခွဲ စုစုပေါင်း ငါးမြို့နယ်တို့ဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သိရ သည်။
“ပြည်နယ်လွှတ်တော်က ဆုံးဖြတ်လိုက်ပြီဆိုပေမယ့် လုပ်ထုံးလုပ်နည်းတွေအရ အဆင့်ဆင့် ဆောင်ရွက်ရဦးမှာပါ။ ပြည်ထောင်စု အစိုးရအဖွဲ့ထိ တင်ပြဆောင်ရွက်သွားရမှာမို့ မြောက်ဦးခရိုင်က ချက်ချင်းလက်ငင်းကြီးတော့ ဖြစ်လာဦးမှာ မဟုတ်သေးပါဘူး။ အနည်းဆုံး သုံး၊ လေးနှစ်လောက် ကြာဦးမှာ ဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အငြိမ်းစားအရာရှိ တစ်ဦးက ဆိုသည်။
ခရိုင်အဖြစ် တိုးမြှင့်မည့် မြောက်ဦးမြို့မှာ စစ်တွေ ခရိုင်တွင် ပါဝင်ပြီး (၁၉၇၄) ခုနှစ် မတိုင်မီ အုပ်ချူပ်ရေးစနစ်ဟောင်းက နယ်ပိုင်ဝန်ထောက် ရုံးစိုက်ရာ ခရိုင်ခွဲဖြစ်ခဲ့ကြောင်း၊ မြောက်ဦးခရိုင်ခွဲတွင် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်များ ပါဝင်ခဲ့ကြောင်း သိရသည်။
“မြောက်ဦးကို ခရိုင်မြို့အဖြစ် သတ်မှတ်မယ်လို့တော့ ပြောသံကြားတယ်။ ဒါဟာ ကောင်းတဲ့ လက္ခဏာပါပဲ။ မြောက်ဦးမြို့ က ဒေသတွင်းမှာဆိုလဲ မင်းပြား၊ ကျောက်တော်နဲ့ဆိုရင် ဒေသအနေအထားအရ အချက်အချာကျပြီးတော့ ပထဝီ အနေအထား အရ မြို့သုံးမြို့ရဲ့ အလယ်မှာ ရှိနေပါတယ်။ နောက်ပြီး ယဉ်ကျေးမှု အမွေအနှစ်လက်ရာတွေ ထွန်းကားတဲ့ မြို့တော်တစ်ခု ဖြစ်တဲ့ အတွက် ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားစွာ လာရောက်လည်ပတ်တဲ့ မြို့တမြို့ဖြစ်ပါတယ်။ ဒါကြောင့် မြောက်ဦးမြို့ကို ခရိုင်မြို့အဖြစ် သတ်မှတ်မယ်ဆိုရင် မြောက်ဦးမြို့ရဲ့ ဒေသခံ တစ်ယောက်အနေနဲ့ သိပ်ပြီး ဂုဏ်ယူပါတယ်။ ဝမ်းလဲသာပါတယ်။” ဟု မြောက်ဦးမြို့ နာရေးကူညီမှုအသင်း၏ တွဲဖက်အတွင်းရေးမှူး ဦးရွှေတင်က ပြောသည်။
“ခရိုင်မြို့အဖြစ် သတ်မှတ်လိုက်ရင်တော့ ခရိုင်မြို့နဲ့ ညီညွတ်တဲ့ မြို့အဖြစ် သက်ဆိုင်ရာကနေ လုပ်ပေးရမှာ ဖြစ်ပါတယ်။ ခရိုင်မြို့ တစ်မြို့ရဲ့ စံချိန်စံညွှန်း၊ ဥပမာ ရုံးတွေ၊ လမ်းတွေ ဒီ့ထက်ပိုကောင်းမွန်အောင်တော့ အစစအရာရာ လုပ်ပေးရာမှာပေါ့။ နောက်ပြီး ရုံးတစ်ရုံးစီမှာ ခရိုင်ရုံးအဖြစ် ထပ်ဖွင့်တဲ့အခါ ဒီက ဒေသခံတွေကိုပဲ ဦးစားပေးဖို့ လိုပါတယ်” ဟု မြောက်ဦးမြို့ ရခိုင်လူငယ်များ ကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ကိုထွန်းထွန်းက ပြောသည်။
မြောက်ဦးမြို့သည် ကမ္ဘာလှည့်ခရီးသည်များ လာရောက်ရာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသကြီးတစ်ခု ဖြစ်သည့် အပြင် ရှေးဟောင်းအနုလက်ရာများ ပေါများကြွယ်ဝသည့် မြို့တစ်မြို့ဖြစ်သည်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
