ရခိုင်ပြည်နယ်
မြို့တော်စစ်တွေ၌ အဆောက်အဦးဆောက်လုပ်ရေးလုပ်ငန်း ၊စီမံကိန်းလုပ်ငန်းများ
တစ်နှစ်ထက်တစ်နှစ်ဖွံ့ဖြိုး လာသော်လည်း ဆောက်လုပ်ရေးလုပ်ငန်းသုံး
ကျောက်စရစ် ဈေးနှုန်းများမှာ ကျဆင်းနေကြောင်း သိရှိသည်။
စစ်တွေဆောက်လုပ်ရေးဈေးကွက်အတွင်းသို့ မြောက်ဦးမြို့နယ်
လေးမြို့ချောင်းနှင့် မြေပုံမြို့နယ် ကန်ထောင့်ကြီးဒေသ များမှ
ကျောက်စရစ်များ အများဆုံးဝင်ရောက်လျက်ရှိသော်လည်း ကျောက်စရစ်ဝင်ရောက်မှု
ပမာဏမှာ လုပ်ငန်းသုံးလိုအပ်သော အတိုင်းအတာ ပမာဏထက် ၀င်ရောက်မှု
ပမာဏများပြားနေသည့်အတွက် ဈေးနှုန်းကျဆင်းရခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ဒေသမှာတော့
တော်တော် အလုပ်ရှားတယ်။ ဒေသမှာရှိတဲ့အလုပ်ဆိုလို့ ကျောက်ထုတ်၊
ဝါးခုတ်အလုပ်ပဲရှိတာ။ ဒီနှစ်ဇွန်လ ပိုင်းလောက်မှစပြီး ၀ါးဈေးကျဆင်းလာလို့
ဝါးခုတ်လုပ်ငန်းရှင်တွေက ကျောက်ထုတ်လုပ်ငန်းဘက်ကို ရွှေ့ပြောင်း လာတော့
ကျောက်ထွက်ရှိမှု များလာတာပါ၊ ကျောက်ကဈေး မရပေမယ့် ၀ါးခုတ်တာထက်စာရင်
ခံသာပါတယ်” ဟု လေးမြို့ချောင်း ဒေသမှ ကျောက်ထုတ်လုပ်ငန်းရှင် ဦးမောင်စောဝေက ပြောသည်။
လေးမြို့
၊ ကန်းထောင့်ကြီးဒေသမှ စစ်တွေဈေးကွက်သို့ နေ့စဉ် စက်လှေတစ်စီးလျင်
ကျောက်ကျင်း ရေ(၃၀)မှ (၄၀)ဆံ့ တင်ဆောင်နိုင်သည့်
ကျောက်တင်ဘုတ်အစီးရေ(၇)စီးမှ (၁၀)စီးအထိဝင်ရောက်လျှက်ရှိပြီး
စစ်တွေဆောက်လုပ်ရေးဈေးကွက် အတွင်း နေ့စဉ် ကျောက်ကျင်းရေ (၁၀၀)မှ (၁၅၀)
အတွင်း သုံးစွဲရန်သာ လိုအပ်ကြောင်း သိရသည်။
“မိုးတွင်းကာလ
ဇွန်လဆန်းပိုင်းမှ အောက်တိုဘာလလယ်ပိုင်းထိ တစ်ကျင်းနှုန်းကို
အသင့်သုံး(ရှယ်) (၃၂၀၀၀)ကျပ်နှင့် ဆိုက်ရောပါ တစ်ကျင်း(၂၀၀၀၀)၀န်းကျင်အထိ
ဈေးသေနေခဲ့တာပါ။ ဒီလိုဈေး မတက်တာက ၀င်ရောက်မှု ပမာဏများပြီး
ဝယ်သူနည်းတာကြောင့် လို့ ထင်ပါတယ်”ဟု စစ်တွေမှ ကျောက်စရစ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ကျောက်စရစ်ဈေးနှုန်းများအနေဖြင့်
လွန်ခဲ့သည့်နှစ်ဆန်းပိုင်း ဇန်န၀ါရီလမှ မေလထိ တစ်ကျင်းလျှင် ကျပ်
(၄၀၀၀၀)ကျပ်မှ (၄၅၀၀၀)၀န်းကျင်အထိ ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။
“ဒီနှစ်တောာ့
အရင်နှစ်ကထက် နေအိမ် အဆောက်အဦးတည်ဆောက်မှု များလာပါတယ်။ အချို့ဆို
မိုးတွင်းကာလလောက်ပဲ ရပ်နာပြီး အခုအချိန်မှာ အရှိန်အဟုန်မြင့်
တည်ဆောက်နေကြပါပြီ။ ဒါပေမဲ့ ကျောက်စရစ် ဈေးနှုန်းက အရင်နှစ်ကထက်
တစ်ကျင်းကို တစ်သောင်းဝန်းကျင်အထိ အနိမ့်ဈေးနဲ့ ၀ယ်သုံးနေကြရတယ်” ဟု ကန်ထရိုက်တာ တစ်ဦးက ပြောသည်။
ယခုကဲ့သို့
ပိုလျှံနေသည့် ကျောက်စရစ်ဈေးကွက်အတွက် အနီးအနား ၀န်းကျင်ရှိ
ဈေးကွက်အသစ်တစ်ခု ရှာဖွေရန်လိုအပ်နေပြီဖြစ်ကြောင်းကိုလည်း မြို့ခံအချို့က
သုံးသပ်ကြသည်။
အာရကန်ကိုကို (မြစ်မခ) by Myit Makha Mediagroup on 17 Dec, 2012