တောင်ငူခရိုင်၊ ထန်းတပင်ကျေးရွာတွင် ၀ါတော် ၇၅ ၀ါရှိ သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး ရက်ပေါင်း ၄၆ ရက်ရှိပြီ ဖြစ်သော်လည်း ပုပ်ပွပျက်စီးသွားခြင်း မရှိဘဲ ခန္ဓာကိုယ်အနှံ့ ကျောက်ဖြစ်သွားသကဲ့သို့ ဖြစ်ပေါ်လျက်ရှိ
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကြိမ်တောမြောင် ကျေးရွာအုပ်စု၊ ကြိမ်တောမြောင် ကျေးရွာရှိ သိမ်ကျောင်း ဆရာတော် ဘုရားကြီး ဘဒ္ဒန္တ အာဒိစ္စ၀ံသ၊ သက်တော်
(၉၅) နှစ်၊ ၀ါတော် ၇၅ ၀ါသည် ပျံလွန်တော်မူသွားသည်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရက်ပေါင်း ၄၆ ရက် ရှိလာသော်လည်း ရုပ်ကလာပ်မှာ ပုပ်ပွပျက်စီးခြင်း မရှိဘဲ ခန္ဓာကိုယ်အနှံ့ ကျောက်ဖြစ်သွား သကဲ့သို့ ရုပ်ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
ဆရာတော်ဘုရာကြီးသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃၁ ရက် သီတင်းကျွတ် လပြည့်ကျော် ၁ ရက် နေ့ညနေ ၆ နာရီ ၅၀ မိနစ်တွင် တောင်ငူမြို့ ကေ တုအထူးကုဆေးခန်းတွင် ပျံလွန်တော်မူသွားခဲ့ပြီး ရုပ်ကလာပ်အား သီတင်းသုံးတော်မူရာ သိမ်ကျောင်းတိုက်တွင် ထားရှိပါ သည်။ ရုပ်ကလာပ်အား သင်္ဂြိုဟ်မည့် ရက်ကာလတွင် ဆရာတော်၏ ဘယ်ဘက်မျက်လုံးတော်ဘက်မှ မှိုကဲ့သို့သော ပွင့်ဖတ်ဖြူဖြူပုံစံများ ပေါ်ပေါက်နေသည်ကို သတိထားမိရာမှ သိမ်ကျောင်းဂေါပက လူကြီးများနှင့် ရွာသူရွာသားများက မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌထံသို့ တင်ပြလျှောက်ထားကြပြီး ရုပ်ကလာပ်ခန္ဓာကိုယ်အား ဆေးထိုးထားခြင်း မရှိကြောင်းနှင့် ရွာသူရွာသားများကလည်း မီးသင်္ဂြိုဟ်ရန် ဆန္ဒမရှိသေးဘဲ ရုပ်ကလာပ်အား ဆက်လက်ထားရှိရန် ခွင့်ပန်ကြသဖြင့် ရုပ်ကလာပ်အား မီးသင်္ဂြိုဟ်ခြင်းမရှိပဲ မှန်းခေါင်းအတွင်း ထားရှိရာ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရက်ပေါင်း ၄၆ ရက်ရှိပြီဖြစ်ကြောင်း ကြိမ်တောမြောင်သိမ်ကျောင်း ဂေါပကအဖွဲ့ဝင် ဦးချစ်လှိုင်က ပြောကြားသည်။
ပုပ်ပွပျက်စီးခြင်းမရှိဘဲ ကျောက်ကဲ့သို့ ရုပ်ပြောင်းလဲမှု ဖြစ်နေသော ဆရာတော်ကြီး၏ ဦးခေါင်းအား တွေ့ရစဉ်
“သင်္ဂြိုဟ်မယ့်နေ့က ရုပ်ကလာပ်ကို မယူလိုက်တော့ ခန္ဓာကိုယ်က ပျော့ပျောင်းနေတယ်၊ အေးပြီးတောင့်နေတာမျိုး မရှိဘူး၊ ၁၅ ရက်လောက်ကြာပြီး ခန္ဓာက သိသိသာသာ ရုပ်ပြောင်းလဲလာတဲ့ အချိန်မှာ ကိုင်ကြည့်တော့ ကျောက်ဖြစ်သွားသလို မာတောင့်နေတယ်။ အနံ့အသက်လည်း လုံးဝမထွက်ပါဘူး” ဟု ဆရာတော်၏ ခန္ဓာကို ကိုယ်တိုင်မယူ ထိတွေ့ခဲ့ သူ ကိုမောင်မောင်းစိန်က ပြောကြားသည်။
ဆရာတော်ဘုရားကြီးသည် ကြိမ်တောမြောင်ကျေးရွာနေ ခမည်းတော်ဦးခိုင်လေး၊ မယ်တော်ဒေါ်ထွေးညိုတို့မှ ဖွားမြင်ကာ မွေးချင်း ၇ ယောက်အနက် သုံးယောက်မြောက် သားဖြစ်ပြီး ငယ်နာမည်မှာ မောင်ဟန်တင်ဖြစ်သည်။
ဖူးမြော်ကြည်ညိုလိုပါက တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မြို့စိုးမြစ်ဆိပ်သို့သွားရာ အရှေ့ဘက် ကျောက်လမ်းကြမ်းအတိုင်း ၄ မိုင်ခန့်၊ စစ်တောင်းမြစ်အနီး မြစ်ကမ်းပါးအတိုင်း တောင်ဘက် တောင်သာရွာသို့ ဆိုင်ကယ်ဖြင့် ၂၅ မိနစ်ခန့် မောင်းနှင်ရပြီး ထိုမှမြစ်ကို စက်လှေဖြင့်ကူးကာ တောင်ဘက်သို့ ငါးမိနစ်ခန့် ဆိုင်ကယ်မောင်းလျှင် ဆရာတော်ကြီး၏ ရုပ်ကလာပ်ရှိရာ ကြိမ်တောမြောင်ကျေးရွာ သိမ်ကျောင်းတော်သို့ ရောက်ရှိကြောင်း သိရှိရသည်။ ဇော်ဝင်းချစ်(တောင်ငူ)
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
