ဥာဏ်ဥာဏ် (မြစ်မခ)
by Myit Makha Mediagroup on 7 Jan, 2013
ပဲခူးတိုင်းဒေသကြီးအတွင်း စပါးလှိုင်ချိန်တွင် စပါးဈေးကျဆင်းနေကြောင်း ဒေသခံများထံက သိရသည်။
ဒိုက်ဦးမြို့နှင့်ညောင်လေးပင်မြို့နယ်များ၌ စပါးလှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ယခုကဲ့သို့ ရက်ပိုင်း အတွင်း စပါးဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေခြင်းဖြစ်ကြောင်း တောင်သူတို့က ဆိုသည်။
“ပြီးခဲ့တဲ့ နိုဝင်ဘာ လကစပြီး စပါးဈေးနှုန်းဟာ အကျဘက်သို့ ဦးတည်ခဲ့ပြီ၊ အခု ဒီဇင်ဘာလ ကုန်မှာ အစောပိုင်းဈေးကွက်ဖွင့် စပါးဈေးထက် တင်းတစ်ရာကို အနည်းဆုံး ငွေကျပ် ၆၀၀၀၀ အထိ ဈေးပြုတ်ကျသွားတယ်။ ဈေးကွက်ဖွင့် စပါးတင်းတစ်ရာကို ငွေကျပ် ၃၆၀၀၀၀ ရောင်းချ လာခဲ့ရာကနေ အခု တဖြည်းဖြည်းနဲ့ ဆက်တိုက်ကျ လာလိုက်တာ ဒီဇင်ဘာလကုန်မှာဆိုရင် မနောသုခတင်း တစ်ရာ ငွေကျပ်သုံးသိန်းဈေးနဲ့ပဲရောင်းခဲ့ရတယ်။ စပါးသန့်လို့ ပေးတာလို့ လည်း ပြောတယ်။”ဟု ပွဲစား ကိုဖိုးထောင်ကပြောသည်။
ပဲခူးတိုင်းအတွင်း ပြီးခဲ့သည့်နှစ်က အချိန်အခါမဟုတ်
မိုးရွာသွန်းခဲ့မှုကြောင့် တောင်သူ အများစုမှာ စပါးရိတ်သိမ်းချိန် နောက်ကျကာ
ဆန်အရည်အသွေးမကောင်းသည့်အတွက် ယခုကဲ့သို့ ပွဲစားများက
ဈေးနှိမ်ဝယ်ယူနေခြင်းဖြစ်ကြောင်း တောင်သူတို့က ဆိုသည်။
ပဲခူးမြို့နယ် ပိန်းဇလုပ်ကျေးရွာအုပ်စု ကင်မွန်းခြုံရွာမှ
တောင်သူ ဦးကျော်ဝန်းကလည်း မနောသုခစပါးတင်း(၁၀၀)လျှင် လက်ရှိအချိန်တွင်
ကျပ်နှစ်သိန်းကိုးသောင်းကျော်သာ ဈေးရခဲ့ကြောင်းပြောကြားခဲ့သည်။
ထွက်ရှိသည့်စပါးများအား အရည်အသွေးကောင်းမွန်စေရေးအတွက်
တရုတ်နိုင်ငံထုတ် ဆန်စက်များနှင့် လည်ပတ်လျက်ရှိကြောင်း၊ ဒေသတွင်း၌
ပွဲရုံများမှ ဈေးပြိုင်ဝယ်ယူနေကြ သော်လည်း စပါးဈေးမှာ
ကျဆင်းနေခြင်းဖြစ်ကြောင်း ဆန်စက်ပိုင်ရှင်များထံက သိရသည်။
“ကျွန်တော်က ဆန်စက်လုပ်ငန်းအပြင် မိုးစပါး ဧက ၄၀
စိုက်ပျိုးတဲ့ တောင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ကျွန်တော်စိုက်ပျိုးတဲ့
လယ်ယာမြေမှာ ယခုနှစ်မိုးစပါးအထွက် တစ်ဧကပျမ်းမျှ တင်း ၉၀ နှုန်း ထွက်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ စပါးဈေးနှုန်းကတော့ပြီးခဲ့တဲ့
ဒီဇင်ဘာလ ကုန်မှာ ပိုပြီးကျလာတယ်။ စပါးသန့်ရင်တော့ စပါးတင်း ၁၀၀ ကို
ငွေကျပ်သုံးသိန်းနှုန်း ပေးရဲ တယ်။ တချို့ကလည်း စပါးမှာ အဖျင်းပါတာတွေ၊ မသန့်တာတွေရှိတော့ ဆန်မလှတဲ့ အတွက် သိပ်မပေးရဲဘူး”ဟု ဒိုက်ဦးမြို့နယ် ပသွယ်ကျေးရွာအုပ်စု ရတနာတံခွန်ဆန်စက် လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးမြင့်လွင်က စပါးဈေးကွက်အခြေအနေကို ရှင်းပြသည်။
ဒိုက်ဦးမြို့နယ်တွင်လည်း စပါးဈေးနှုန်းမှာ အကျဘက်တွင်ရှိနေကြောင်း ဒိုက်ဦးမြို့နယ်မှ တောင်သူတစ်ဦးက ယခုကဲ့သို့ ဆိုသည်။
“ကျွန်တော်တို့ဘက်မှာလည်း စပါးဈေးကျတယ်။ ပေါ်စက စပါးတင်း ၁၀၀ ကို ငွေကျပ် ၃၆၀၀၀၀ လောက်ရှိတယ်။ အခု ငွေကျပ် ၃၀၀၀၀၀ လောက်ပဲ ရှိတော့တယ်”ဟု ရှမ်းစု ကျေးရွာမှ လယ်သမားတစ်ဦးက ဆိုသည်။
ဒိုက်ဦးမြို့နယ်နှင့် ညောင်လေးပင်မြို့နယ်များတွင် မနောသုခ၊ ဆင်းသုခ၊ ရွှေဝါထွန်း၊ ပုလဲသွယ်၊ရာကျော်၊ပေါ်ဆန်မွှေးစပါးများကို စိုက်ပျိုးနေကြောင်း သိရသည်။
အဆိုပါမြို့နယ်များရှိ လက်ရှိစပါးပေါက်ဈေးမှာ ဧည့်မထအုပ်စု တစ်တင်းလျှင် ငွေကျပ်
၃၀၀၀၊ ငစိန်အုပ်စုရာကျော် တစ်တင်းလျှင် ငွေကျပ် ၂၉၀၀ ရှိပြီး ဧည့်မထအုပ်စု
ဆန်ကြမ်း တစ်အိတ်လျှင် ငွေကျပ် ၁၁၈၀၀ ဈေးရှိကြောင်း သိရှိရသည်။