မိုးမြင့်ကျော် (မြစ်မခ)
by Myit Makha Mediagroup on 8 Jan, 2013
by Myit Makha Mediagroup on 8 Jan, 2013
လှိုင်သာယာမြို့နယ် စက်မှုဇုန်အမှတ်(၃)ရှိ
နယူးဝေးအထည်ချုပ်စက်ရုံနှင့်ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံတို့မှ
အထည်ချုပ်လုပ်သားတို့၏ အခက်အခဲများအား သက်ဆိုင်ရာ စက်ရုံတာဝန်ခံ များက
ဖြေရှင်းပေးခြင်းမရှိသည့်အတွက် မြို့နယ်အလုပ်သမားဦးစီးဌာန၌ ဇန်န၀ါရီလ(၇)ရက်နေ့က တိုင်ကြားမှုများ ပြုလုပ်ခဲ့ကြသည်။
နယူးဝေးအထည်ချုပ်စက်ရုံအတွင်း Cutting Section ပိုင်းလုပ်သားများအတွက်
တိကျသည့် အလုပ်ချိန်သတ်မှတ်ထားရှိမှု မရှိခြင်း၊ အချိန်ပိုများ
ဆင်းခိုင်းသော်လည်း အချိန်ပိုကြေး အပြည့်အ၀ မပေးခြင်း အခက်အခဲများနှင့်
ရင်ဆိုင်နေရသော လုပ်သားများက အလုပ်သမားအခွင့်အရေး ရလိုမှုအတွက် တောင်းဆိုချက် ၁၂ ချက်ဖြင့် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
“စက်ရုံမှာ OT တွေ အရမ်းဆင်းနေရတယ်။ စက်ရုံတိုင်း OT နာရီပေါင်း ၁၁၀ လောက်ပဲ ကြား ဘူးတယ်။ အခု ၁၃၅ နာရီအထိ ဆင်းရတယ်။ OT ကြေးတွေကလည်း အပြည့်မပေးဘူး။ အဲဒါကို တောင်းတာ၊ စက်ရုံက ညှိမပေးဘူး။” ဟု နယူးဝေးစက်ရုံမှ Cutting section အလုပ်သမတစ်ဦးက ပြောသည်။
အဆိုပါအခက်အခဲများအား စက်ရုံတာဝန်ရှိသူများအနေနှင့်
ညှိနှိုင်းပေးရန် လုပ်သားများမှ တောင်းဆိုနေချိန်တွင်
စက်ရုံမှကိုရီယားလူမျိုးတာဝန်ခံတစ်ဦးက နှင်ထုတ်သောကြောင့် ယခုကဲ့သို့
မြို့နယ်အလုပ်သမားရုံး၌ လာရောက် ညှိနှိုင်းပေးရန်
တောင်ဆိုခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
“လိုချင်တာ
ညှိနှိုင်းပေးဖို့၊ ဖြစ်ချင်တာလေးနဲ့၊ သူတို့လုပ်ပေးနိုင်တာလေးကို
ညှိနှိုင်းပေးဖို့ တောင်း ဆိုတာ။ သူတို့တွေက တစ်ယောက်မှ ထွက်မတွေ့ဘူး။
ကိုရီးယားလူမျိုး မစ္စတာဂင်က လုပ်ချင်လုပ်၊ မလုပ်ချင်ရင်
နင်တို့အကုန်ပြန်ဆိုပြီး နှင်ထုတ်တယ်။” ဟု နယူးဝေးလုပ်သားတစ်ဦးက ဆိုသည်။
စက်ရုံတွင် ညှိနှိုင်းရေးအဖွဲ့ ရှိကြောင်း၊ ထိုအဖွဲ့နှင့်
အလုပ်သမားများမှာ ညှိနှိုင်းမှုမပြုလုပ်ဘဲ ထွက်သွားခြင်း ဖြစ်ကြောင်း၊ ၎င်းတို့
ထွက်ခွာသွားရသည့် အကြောင်းအရင်းကို သေချာမသိကြောင်း နယူးဝေးစက်ရုံမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
အလားတူ ထိပ်တန်းမြန်မာအထည်ချုပ်စက်ရုံ၌လည်း
မန်နေဂျာဒေါ်စိုးမေဦးမှ အလုပ်သမား များအား အလုပ်ခိုင်းစေညွှန်ကြားရာတွင်
ရိုင်းစိုင်းစွာ ပြောဆိုခြင်း၊ အလုပ်သမားသုံးဦးအား အလုပ်မှ
ထုတ်ပစ်ခြင်းစသည့် အချက်များကြောင့်
လှိုင်သာယာမြို့နယ်အလုပ်အမားဦစီးဌာနသို့ အလုပ်သမား ၂၁ ဦးမှ
တိုင်ကြားမှုပြုလုပ်ခဲ့ကြောင်းကိုလည်း သိရသည်။
အဆိုပါ ပြဿနာအား အလုပ်သမားဦးစီးဌာနမှ တာဝန်ရှိသူများမှ
ညှိနှိုင်းနေစဉ်အတွင်း စက်ရုံပိုင်ရှင်၏ ကိုယ်စာလှယ်မှ စွပ်ဆွဲပြောဆိုမှုများ
ပြုလုပ်ခဲ့သဖြင့် ပြဿနာမှာ ပြေလည်သွားခြင်းမရှိဟု ထိပ်တန်း
မြန်မာစက်ရုံလုပ်သားတို့က ဆိုသည်။
“ညှိနှိုင်းပေးနေတဲ့
လူကြီးတွေလည်း ရှိတယ်။ ရဲတွေလည်း ရှိတယ်။ အဲဒါကို စက်ရုံမန်နေဂျာလုပ်တဲ့သူ
မြန်မာလူမျိုးက ညည်းတို့လည်းသိတဲ့အတိုင်းပဲ၊ ငါတို့ မြန်မာ လူမျိုးတွေက
သူခိုးတွေပဲလို့ ပြောခဲ့ တယ်။ ပါတီအနေနဲ့လည်း မကျေနပ်ဘူး။
ပုဂ္ဂိုလ်ရေးအနေနဲ့လည်း မကျေနပ်ဘူး။ လူမျိုးရေးရာ အနေနဲ့လည်း မကျေနပ်ဘူး။
အဲဒီကိစ္စကို အထက်လူကြီးများ သိစေချင်ပါတယ်။” ဟု အဆိုပါ အလုပ်သမားအရေးအား ကူညီပေးနေသည့် လှိုင်သာယာမြို့နယ်မှ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ဒု-ဥက္ကဌ ဦးဆန်မောင်က ပြောသည်။
အလုပ်သမားဦးစီးဌာနမှ တာဝန်ရှိသူများ၏ှ ညှိနှိုင်းပေးမှုမှာ
တစ်ဖတ်သတ်ဆန်၍ တရားမျှတမှု ရှိသည်ဟု ၄င်းအနေဖြင့် မထင်ကြောင်းကိုလည်း
မှတ်ချက်ပြုပြောကြားခဲ့သည်။
ယခုပြသာနာဖြစ်ပွားခဲ့သည့် စက်ရုံလုပ်သားများမှာ
မြန်မာဘက်အခြမ်းမှ လုပ်သားများဖြစ်ပြီး၊ ဂျပန်အလုပ်ရှင်ဦးစီးသည့် ဘက်သို့
အလုပ်သမားများအား ရွှေ့ပြောင်း လုပ်ကိုင်စေခဲ့ရာမှ ပြသာနာများ
ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုစက်ရုံ၏ ယခင်ပိုင်ရှင်မှာ ဒေါက်တာမင်းမင်းဖြစ်ပြီး
လွန်ခဲ့သော ၂ လခန့်က စက်ရုံတစ်ခြမ်းနှင့် အလုပ်သမားတစ်ချို့အား
ဂျပန်လူမျိုးလုပ်ငန်းရှင်တစ်ဦးထံသို့ ငှားရမ်းခဲ့ကြောင်း ထိပ်တန်းမြန်မာ
စက်ရုံလုပ်သားတို့က ဆိုသည်။