မင်္ဂလာဈေး ဈေးရောင်းပွဲတော်၌ လူစည်ကားလွန်း၍ ခါးပိုက်နှိုက်မှု(၂)ကြိမ်ဖြစ်ပွား


ထက်အောင်ခန့် (မြစ်မခ)
by Myit Makha Mediagroup on 4 Jan, 2013



အဆင့်မြင့်မင်္ဂလာဈေး၊ မင်္ဂလာမွန်ဈေး၊ မင်္ဂလာဈေးသစ်နှင့် ရွှေပြည်စုံဈေးတို့ ပူးပေါင်း၍ (၆၅) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဈေးရောင်းပွဲတော် စတင်ကျင်းပသည့်နေ့တွင် ခါးပိုက်နှိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။
 
ဈေးရောင်းပွဲတော်အား ဇန်န၀ါရီ (၃)ရက်နေ့မှ (၅) ရက်နေ့အထိ သုံးရက်တိုင်ကျင်းပမည်ဖြစ်ပြီး ပထမဦးဆုံးနေ့ဖွင့်လှစ်ရောင်းချ သည့်နေ့တွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဈေးရောင်းပွဲ တော်အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဦးကျော်စိုး မှ တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။
 
ခါးပိုက်နှိုက်မှုက နှစ်မှုဖြစ်သွားတယ်။ လူတွေက အရမ်းများပြီးစည်ကားတယ်ဆိုတော့နှိုက်လို့ ရနိုင်တယ်။ ကျွန်တော်တို့ ကျင်းပရေးကော်မတီကနေပြီးတော့လည်း အမြဲအသံချဲ့စက်တွေနဲ့ အော်ပြီး သတိပေးပါတယ်။ အနှိုက်ခံရတဲ့ တစ်ယောက်က ၂ သိန်းလို့ပြောတယ်။ဟု ကျင်းပရေးကော်တီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
ယခင်ကဈေးရောင်းပွဲတော်အား ပုဂ္ဂိုလ်ကမှပြုလုပ်ခဲ့ပြီး ယခုအခါတွင်ဈေးသူဈေးသားများမှ ပထမဦးဆုံးအကြိမ် စုပေါင်းပြု လုပ်ခြင်း ဖြစ်သည်။ ဈေးရောင်းပွဲတော်တွင် လူအ၀င်အထွက် များသည့် နေရာများ၌ ယူနီဖောင်းဝတ်ထားသည့်သူများ အရပ်ဝတ်များဖြင့် လုံခြုံရေးများ ချထားကြောင်း ကိုလည်း သိရသည်။
 
 “လုံခြုံရေးတွေကတော့ ရဲ၊ မီးသတ်၊ ကြက်ခြေနီတွေ အကုန်ထားထားတယ်။ လူတွေအလာ များတဲ့ နေရာတွေရယ်၊ ၀င်ပေါက်တွေရယ်မှာ လုံခြုံရေးတွေချထားပါတယ်။ ဟု ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
ခါးပိုက်နှိုက်မှုနှစ်ခုလုံးတွင် အနှိုက်ခံရသူ တရားလိုများမှ ရဲစခန်းတွင်မှုဖွင့်တိုင်ကြားထားခြင်း မရှိကြောင်း မင်္ဂလာတောင်ညွန့်ရဲစခန်းက သိရသည်။
 
ယခုနှစ် ပုဂ္ဂိုလ်ကဈေးရောင်းပွဲတော်မှာ ယခင်နှစ်များကထက် လူဦးရေ နှစ်ဆခန့် လာရောက်ကြောင်း၊ ပထမဆုံးကျင်းပသည့်နေ့တွင် လာရောက်သူဦးရေမှာ နှစ်သောင်းကျော်၊ သုံးသောင်းနီးပါး ရှိကြောင်း ဈေးရောင်းပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။
 

SHARE THIS