ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဇန်န၀ါရီ ၆၊ ၂၀၁၃
ရန်ကုန်မြို့တော်ကြီးအား အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင် ခွဲခြားသတ်မှတ်၍ အရှေ့ပိုင်းတွင် နေထိုင်သူများ ကွယ်လွန်ပါက ရေဝေးသုဿန်တွင် ပို့ဆောင်အအေးခန်းထားကာ သင်္ဂြိုလ်ရ၍၊ အနောက်ပိုင်းတွင် နေထိုင်သူများ ကွယ်လွန်ဆုံးပါးသွားခဲ့ပါက ထိန်ပင်သုဿန်သို့ ပို့ဆောင်ထားရှိ သင်္ဂြိုလ်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ပေးထားခဲ့သည်။ နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ အများပြည်သူတို့ ကူညီဆောင်ရွက်ပေးခဲ့ပြီး ရေဝေးသုဿန်တွင် ရုံးခွဲဖွင့်လှစ်ကာ အလူမီနီယမ် မှန်အခေါင်းများဖြင့် ခန်းမတွင်ထားရှိ ပြင်ဆင်ကူညီပေးခဲ့သည်။ ထို့ကြောင့် အများပြည်သူ တို့၏ နာရေးကိစ္စများတွင် များစွာအဆင်ပြေ ချောမွေ့ခဲ့ကြသည်။ သို့သော်ယခင်က ထိန်ပင်သုဿန်တွင် အလူမီနီယမ် မှန်အခေါင်းများဖြင့် ကူညီနိုင်ခြင်းမရှိခဲ့ချေ။ ယခုမူ ပူစရာမလိုတော့ပေ။
၃.၁.၂ဝ၁၃ ခုနှစ်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ထိန်ပင် ရုံးခွဲဖွင့်ပွဲကို နံနက် (၉းဝဝ) နာရီအချိန်ခန့်တွင် ကျင်းပခဲ့သည်။ အဆိုပါ ရုံးခန်းဖွင့်ပွဲကို လှိုင်သာယာမြို့နယ်ရှိ လူမှုရေးအသင်းအဖွဲ့ များမှ ကြွရောက်ချီးမြှင့်ကြပြီး၊ ကြွရောက်လာကြသော ရန်ကုန်အနောက်ပိုင်းဒေသရှိ လူမှုရေးအသင်းအဖွဲ့ များနှင့် ရုံးခွဲသစ်အနီးတွင်ရှိ ပုဂ္ဂလိကနာရေးလုပ်ငန်းရှင်များအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ကာ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့သည်။ ဥက္ကဌ ဦးကျော်သူအား ထိန်ပင်သုဿန်မှ သုဿန်မှူး ဦးရွှေကိုမှ ဖော်ရွေပျူငှာစွာ လိုက်လံ ရှင်းလင်းပြသပြီး စနစ်တကျ တိုးတက်နေသော ထိန်ပင်သုဿန်အား လေ့လာ ကြည့်ရှုခဲ့ကြသည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ထိန်ပင်သုဿန်တွင် ရုံးခွဲ ဖွင့်လှစ်ကာ အများပြည်သူတို့အား ပိုမိုကူညီနိုင်မည်ဖြစ်ကာ ရန်ကုန်အနောက်ပိုင်း သည်လည်း အရှေ့ပိုင်း နှင့် မကွဲပြားတော့ပြီဖြစ်သည်။
ယခင်က ရန်ကုန်မြို့အနောက်ပိုင်း အရပ်ဒေသများဖြစ်သော ကြည်မြင်တိုင်၊ စမ်းချောင်း၊ လမ်းမတော်၊ အလုံ စသည့် နယ်မြေများမှ စည်ပင်သာယာမှ ချမှတ်ပေးထားသော ထိန်ပင်သုဿန်သို့ ပို့ဆောင်ရာတွင် လမ်းခရီး ဝေးလံခြင်း လမ်းများဆိုးရွားခြင်း တို့ကြောင့် အအေးခန်း ထားလိုသော နာရေးရှင်များအနေဖြင့် အရှေ့ပိုင်းရှိ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်မည်ဆိုပါက နယ်ကျော်ခ ငွေ(၁သိန်း)အား စည်ပင်သာယာအဖွဲ့သို့ ပေးဆောင်မှုကို ပြုလုပ်ခဲ့ရသည်။ ယခုဆိုလျှင် သွားလာမှုဝေးလံ သော်လည်း ကားလမ်းများ အတန်ငယ် ကောင်းမွန်လာခြင်းနှင့် ထိန်ပင်သုဿန်၏ သန့်ရှင်းမှုတို့အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးခွဲ တစ်ခုပါ ထပ်မံ ဖွင့်လှစ် ထားရှိပြီဖြစ်ပါ၍ နာရေးရှင်များအနေဖြင့် အပူသောကမီးများ အနည်းငယ်ငြိမ်းအေးစေတော့မည် ဖြစ်သည်။ ယခုကဲ့သို့ နိုင်ငံဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက် မည်ဆိုပါက ပြည်သူလူထု၏ အပူမီးများ ပိုမိုငြိမ်းအေးကာ သေသောသူသည် သုဿန်သို့ သက်သက်သာသာ သွားနိုင်တော့မည် ဖြစ်သည်။
Moemakha
from ခေတ်သတင်း
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)