ပြန်လည်တည်ဆောက်မည့် ၅၁ လမ်း ပြည်သူ့အိမ်ရာ စီမံကိန်း၌ ယာဉ်စီးရေ ၃၀၀ နီးပါး ရပ်နားနိုင်သည့် ကားပါကင်နှင့် အခန်း ၁၀၀ ကျော်ပါ ဟိုတယ်နှစ်လုံး

Monday, February 11, 2013

မဟာရန်ကုန် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ လာမည့် ၂၀၄၀ ခုနှစ်တွင်
ရောက်ရှိလာနိုင်မည့် ရန်ကုန်မြို့ လူဦးရေ ၁၀ သန်းအတွက် ရန်ကုန်မြို့ကို ချဲ့ထွင်သွားမည်ဖြစ်ရာ လက်ရှိတွင် မြို့ကို အထက်သို့ ချဲ့ထွင်ခြင်း ပုံစံအရ လူနေထူထပ်သည့် ရပ်ကွက်များအား သိပ်သည်းမှု မြှင့်တင်ခြင်းကို
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့ပြစီမံကိန်းဆိုင်ရာ ပညာရှင်များက
ပြောပါသည်။

ထို့ပြင် ရန်ကုန်မြို့ရှိ သက်တမ်းလွန် ပြည်သူ့အိမ်ရာများကိုလည်း အသစ်ပြန်လည် တည်ဆောက်သွားရန် စီစဉ်ထားပြီး ဗိုလ်တထောင်မြို့နယ်ရှိ ၅၁ လမ်း ပြည်သူ့အိမ်ရာ စီမံကိန်းကို စတင်တည်ဆောက်သွားမည်ဖြစ်ရာ အဆိုပါ စီမံကိန်း၌ ယာဉ်အစီးရေ ၃၀၀ နီးပါး ရပ်နားနိုင်သည့် ကားပါကင်၊ ဓာတ်လှေကား ၁၀ စီးနှင့် အခန်း ၁၀၀ ကျော်ပါ ဟိုတယ်နှစ်လုံး ပါဝင်ကြောင်းလည်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ဗိုလ်တထောင်မြို့နယ်၊ လမ်း ၅၀ နှင့် ၅၁ လမ်းကြား၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလလမ်းကြားရှိ ၅၁ လမ်း ပြည်သူ့အိမ်ရာသည် ၁၉၅၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ကြောင်း၊ မြေ ၂ ဒသမ ၄၈၆ ဧက ကျယ်ဝန်းပြီး ရှစ်ခန်းတွဲ လေးထပ်တိုက် ခုနစ်လုံး၊ အိမ်ခန်းစုစုပေါင်း ၂၂၄ ခန်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ အိမ်ခန်းများသည် ယခင်က ၄၁၆ စတုရန်းပေ အကျယ်အ၀န်း
သာရှိပြီး ယခုအသစ် ပြန်လည်တည်ဆောက်ရာ၌ ၆၀၀ စတုရန်းပေအထိ တိုးချဲ့ထားကြောင်း၊ ထို့ပြင် ယခင်အိမ်ခန်း ၂၂၄ ခန်းအစား ယခုအခါ ၃၇၈ ခန်း ပါဝင်မည်ဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ယခု အသစ်ပြန်လည် တည်ဆောက်ရန် ပြင်ဆင်နေသည့် ၅၁ လမ်း ပြည်သူ့
အိမ်ရာ စီမံကိန်းအပေါ် အဆိုပါ အိမ်ရာတွင် နေထိုင်သူများအနက် ကျေနပ်
လက်ခံသူများ ရှိသလို ကန့်ကွက်မှုအချို့လည်း ရှိနေကြောင်း သိရသည်။

လမ်း ၅၀ ပြည်သူ့အိမ်ရာတွင် လက်ရှိနေထိုင်လျက်ရှိသူ ဦးခင်မောင်အေးက ''ကျွန်တော်တို့ ဒီအိမ်ရာမှာ နေလာတာ စဆောက်ပြီး ကတည်းကပါ။ ဒီအဆောက်အအုံက နှစ် ၅၀ သက်တမ်းကျော်နေပြီ ဖြစ်တဲ့အတွက် အခု အသစ်ပြန်ဆောက်မယ့် စီမံကိန်းကို ကျွန်တော်တို့အနေနဲ့ သဘောတူတယ်။ ဒါပေမယ့် အသစ်ပြန်တည်ဆောက်ပြီးတဲ့အခါ ကျွန်တော်တို့ရဲ့နေထိုင်ခွင့် ဆုံးရှုံးသွားမှာကိုတော့ စိတ်ပူပါတယ်။ ကျွန်တော်တို့ တောင်းဆိုချင်တာက ဒီအိမ်ရာကို အသစ်ပြန် တည်ဆောက်ပြီးရင် ကျွန်တော်တို့ နေရာမှာ ကျွန်တော်တို့ ပြန်နေချင်တယ်'' ဟု ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်းအား ၂၀၁၅ ခုနှစ် မကုန်မီ အပြီးတည်ဆောက်မည် ဖြစ်ပြီး ရန်ကုန်မြို့ရှိ သက်တမ်းလွန် ပြည်သူ့အိမ်ရာများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ပုဂ္ဂလိကမှ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်သည်။

eleven media group

ပြန်လည်တည်ဆောက်မည့် ၅၁ လမ်း ပြည်သူ့အိမ်ရာ စီမံကိန်း၌ ယာဉ်စီးရေ
၃၀၀ နီးပါး ရပ်နားနိုင်သည့် ကားပါကင်နှင့် အခန်း ၁၀၀ ကျော်ပါ ဟိုတယ်နှစ်လုံး ပါဝင်မည်  

SHARE THIS
Previous Post
Next Post