အာဆင်နယ်က လူငယ်ကစားသမား တစ်ဦးကို အစမ်းခေါ်ယူ လေ့ကျင့်စေမည်

Photo
အာဆင်နယ် အသင်းသည် ဗာစကိုဒဂါမားအသင်းမှ လူငယ် ကစားသမားလေး အင်ဒီယိုကို အသင်းသို့ အစမ်းခေါ်ယူ လေ့ကျင့်မှု ပြုလုပ်သွားမည်ဟု သိရှိရသည်။ အာဆင်နယ်သည် အသက် (၁၆) နှစ်သာ ရှိသေးသော ကွင်းလယ် ကစားသမားလေးကို ကာလရှည်ကြာ စောင့်ကြည့်နေခဲ့သည်။ ယခုအခါ မြောက်လန်ဒန် အခြေစိုက် ကလပ်အသင်းသည် ကစားသမားလေးကို သီတင်းတစ်ပတ်မျှ အငှားခေါ်ယူ လေ့ကျင့်ခွင့် ရရှိထားပြီ ဖြစ်သည်။ အင်ဒီယိုသည် အာဆင်နယ်၏ လူငယ်သွေးသစ် ရှာဖွေရေး ကင်းထောက်များ အထင်တကြီး ဖြစ်ရလောက်အောင် ခြေစွမ်းပြ ကစားခဲ့သည်။ အာဆင်နယ်သည် အစမ်းလေ့ကျင့်မှုတွင် ကျေနပ်ပါက အင်ဒီယို အသက် (၁၈) နှစ် ပြည့်ချိန်တွင် စာချုပ်ရန် ကိစ္စကိုပါ ဗာစကို အသင်းနှင့် ဆွေးနွေးသွားမည် ဖြစ်သည်။ 



တောင်အမေရိက၏ ထွန်းတောက်ကြယ်ပွင့်လေး တစ်ဦးအဖြစ် သတ်မှတ်ခံရသော အင်ဒီယိုသည် (၂၀၁၄) ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် အသက် (၁၈) နှစ် ပြည့်မြောက်မည် ဖြစ်သည်။ ထိုအချိန်တွင် ၎င်းသည် ဥရောပသို့ အခြေချ ပြောင်းရွှေ့နိုင်အောင် မျှော်လင့်ထားသည်။ အင်ဒီယိုသည် အာဆင်နယ် တောင်ပံတိုက်စစ်သမား သီအိုဝဲလ်ကော့တ်ကို လေးစား အားကျကြောင်း ဝန်ခံထားဖူးသည်။ ၎င်းက "ကျွန်တော် ဝဲလ်ကော့တ်ကို အရမ်း သဘောကျတယ်။ သူ့ကစားပုံက သိပ်မြန်သလို ထက်လည်း ထက်မြက်တယ်။ ခုတော့ ကျွန်တော် အာဆင်နယ်မှာ တစ်ပတ် လေ့ကျင့်ခွင့် ရထားပါပြီ။ စိတ်လှုပ်ရှားစရာပါပဲ။ ကျွန်တော် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်" ဟု ဖွင့်ဟ ပြောကြားသွားသည်။




Source: Goal
By Planet


SHARE THIS
Previous Post
Next Post