"နောက်နှစ်ကျရင် ကာဂါဝ့ါရဲ့ ခြေစွမ်းကို ဒီထက် ပိုသိကြဦးမှာပါ" ဆာအဲလက်စ်



 
 
 
 
 မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂျပန်ကွင်းလယ် စတား ရှင်ဂျီ ကာဂါဝါဟာ မနေ့ညက နောဝစ်ခ်ျ အသင်းအား (၄-၀) ဖြင့် အနိုင် ရယူခဲ့တဲ့ အမှတ်ပေး ပွဲစဉ်မှာ တစ်ဦးတည်း (၃)ဂိုး သွင်းယူ ခြေစွမ်း ပြခဲ့ပါတယ်။
အသက်(၂၃)နှစ် အရွယ် ဒေါ့မွန် ကစားသမားဟောင်းဟာ ပြီးခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် တွေ့ဆုံခဲ့သည့် ရီးရဲလ် မက်ဒရစ်နှင့် ပထမအကျော့ပွဲ တွင်လည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ပြည်တွင်း ပွဲစဉ်မှာတော့ သူဟာ တစ်ဦးတည်း ခြေစွမ်းပြ သုံးဂိုး သွင်းယူအပြီး အသင်းအပေါ် ရောက်ခါစက ဒဏ်ရာကြောင့် နိမ့်ပါးခဲ့တဲ့ ခြေစွမ်း အတွက် ဝေဖန်ခဲ့ကြသူတွေကို ဆွံ့အစေခဲ့ပါတယ်။

“သူ ကစားသွားတာ အရမ်း ကောင်းပါတယ်။ သူဟာ အကောင်းဆုံး အဆုံးသတ်မှုကိုလည်း လုပ်ခဲ့သေးတယ်။ သူ့ရဲ့ ဒုတိယမြောက် ဂိုးကိုတော့ တည်တည်ငြိမ်ငြိမ်၊ ဥာဏ်ရည် မြင့်မြင့်နဲ့ သွင်းပြခဲ့ပြီး တတိယမြောက် ဂိုးကတော့ လုံးဝ အကောင်းစားပါပဲ။”လို့ ဆာအဲလက်စ်က ပွဲအပြီးမှာ စကိုင်းစပေါ့တ်သို့ ပြောခဲ့ပါတယ်။

“သူ့အတွက်ကတော့ တကယ့်ကို ကြီးကျယ်တဲ့ နေ့တစ်နေ့ပါပဲ။ အောက်တိုဘာလ လောက်တုန်းက သူ့မှာ ဒဏ်ရာတွေ ရခဲ့တယ်။ နိုဝင်ဘာလ ကတည်းက စပြီး တစ်ခါတစ်လေသာ ပါဝင်နိုင်ခဲ့တယ်။ သူပြန်လာတာ အချိန်တော့ နည်းနည်း ယူခဲ့ရတယ်။ လာမည့် နှစ်ကျရင်တော့ သူ တကယ့်ကို အကောင်းဆုံး ခြေစွမ်းနဲ့ ကစားနိုင်မယ်လို့ ကျွန်တော် ထင်တယ်။ ”

ဒီကွင်းလယ်လူဟာ ပရီးမီးယားလိဂ်ကို ရောက်ရှိနေတဲ့ ဂျပန်လက်ရွေးစင် သုံးဦးထဲက တစ်ဦး ဖြစ်ပြီး အခြား နှစ်ဦးကတော့ ၀ီဂန်မှာ အငှား သွားရောက် ကစားနေတဲ့ အာဆင်နယ်ရဲ့ ရွိုင်ယို မီယာချီနိုနဲ့ ဆောက်သမ်ပတန်ရဲ့ မာယာ ယိုရှီဒါတို့ ဖြစ်ကြပါတယ်။ ကာဂါဝါဟာ ပရီးမီးယားလိဂ် သမိုင်းမှာ ပထမဆုံး ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ အာရှကစားသမား တစ်ဦး အနေနဲ့လည်း မှတ်တမ်း ရေးထိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လာမယ့် ရာသီမတိုင်မှီ အကြို ခြေစမ်းခရီးကို အရှေ့ဖျား တိုင်းပြည်တွေဆီ လှည့်လည်မယ့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၎င်းရဲ့ ပထမဆုံး ကလပ် အသင်းဖြစ်ခဲ့တဲ့ Cerezo Osaka နဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲကို အဆိုပါ ခရီးစဉ်အတွင်း ယှဉ်ပြိုင်ကြဦးမှာ ဖြစ်တယ်လို့ ယူနိုက်တက်က မကြာခင်ကမှ ကြေညာခဲ့ပါသေးတယ်။

SHARE THIS
Previous Post
Next Post