မြန်မာ့အင်တာနက် အခြေခံအဆောက်အအုံ တိုးတက်ရေး အကူအညီပေးရန် အမေရိကန်နည်းပညာကုမ္ပဏီကြီးများ လာရောက်

Wednesday, March 6, 2013

အမေရိကန်နည်းပညာကုမ္ပဏီကြီးများဖြစ်သော Microsoft ၊ Google ၊ HP နှင့် Cisco တို့မှ ကိုယ်စားလှယ်များသည် အမေရိကန်အစိုးရ USAID အေဂျင်စီ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၏ အင်တာနက် အခြေခံအဆောက်အအုံ တိုးတက်စေရေး အကူအညီပေးနိုင်ရန် တစ်ပတ်ကြာခရီး လာရောက်ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နိုင်ငံတကာထောက်ပံ့ရေးအေဂျင်စီ USAID ၏ အဆိုအရ အထက်ပါကုမ္ပဏီကြီးများ၏ ခရီးစဉ်မှာ မြန်မာနိုင်ငံ၌ ဈေးနှုန်းသက်သာသော အင်တာနက်ချိတ်ဆက်မှု ဖန်တီးရေး၊ ပြည်တွင်း၌ အိုင်တီနည်းပညာ ကျွမ်းကျင်မှုမြင့်မားစေရေး၊ ပွင့်လင်းမြင်သာပြီး ထိရောက်အကျိုးရှိသော
အစိုးရ အားကောင်းစေရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရှာဖွေသွားရေးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ အရပ်သားတစ်ပိုင်း အစိုးရသစ် တက်လာပြီးနောက် ပြုပြင်ပြောင်းလဲရေးများ ဆက်တိုက်
လုပ်ဆောင်လာကာ နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုများ ဖြေလျှော့ပေးခြင်း
ကြောင့် ပြည်ပကုမ္ပဏီများ ၀င်ရောက်မှု တိုးတက်လာခဲ့သည်။

ယခု ကန်နည်းပညာကုမ္ပဏီကြီးများ၏ ခရီးနှင့်ပတ်သက်၍ USAID ၏
Chief Innovation Officer မော်ရာအိုနီးလ်က "ကမ္ဘာ့အဆင့်ရှိတဲ့ အမေရိကန်ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ဦးစားပေးဆောင်ရွက်မှုတွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတွေ ရှာခဲ့ကြတာကို အစိုးရပိုင်းကရော အဆင့်မြင့် ပညာရေးပိုင်းက ခေါင်းဆောင်တွေကပါ တန်ဖိုးထားမယ်လို့ ယုံကြည်ပါတယ်"ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

-Ref: fastcompany
7Day News Journal

SHARE THIS
Previous Post
Next Post