ဂျပန်သိပံ္ပပညာရှင်များသည် ခုနစ်နှစ်ကြာမြင့်ခဲ့သော သုတေသနတစ်ခုတွင် ကြွက်တစ်ကောင်တည်းမှ မျိုးဆက် ၂၆ ဆက် (ကြွက် ၅၉၈ ကောင်) အထိ ပုံတူမျိုးပွားနိုင်ခဲ့ရာ အဖိုးတန်သော ခြံမွေးတိရစ္ဆာန်များကို အမြောက်အမြား ပွားယူနိုင်ရန် လမ်းပွင့်လာဖွယ်ရှိကြောင်း သုတေသန အဖွဲ့ခေါင်းဆောင်
တေရူဟီကိုဝါကာယာမက မတ် ၈ ရက်တွင် ပြောကြားခဲ့သည်။
"နို့တိုက်သတ္တ၀ါတစ်ကောင်ကို သုံးပြီး ပုံတူမျိုးပွားတဲ့ စီမံကိန်းထဲမှာ ဒီစီမံကိန်းက အခုထိ အကြီးဆုံးပါပဲ" ဟု ၎င်းက ပြောကြားခဲ့သည်။
မျိုးဆက်အမြောက်အမြားထိ ပုံတူမျိုးပွားနိုင်သော နည်းလမ်းကို အသုံးပြုပါက ဥပမာအနေဖြင့် နို့အများအပြား ထွက်သောနွားကို ပိုင်ဆိုင်ထားသည့် လယ်သမားများအတွက် အကျိုးဖြစ်ထွန်လာမည်
ဖြစ်ကြောင်း၊ သာမန်သဘာဝအတိုင်း မွေးဖွားခြင်းဖြင့် ထိုသတ္တ၀ါ၏ အမွေခံသည် အလားတူ အရည်အသွေးများ ရှိမည်ဟု အာမမခံနိုင်ကြောင်း၊ ပုံတူမျိုးပွားခြင်းဖြင့်သာ တစ်ထပ်တည်း ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
Riken Center for Develop-mental Biology မှ သိပံ္ပပညာရှင်များသည် မျိုးပွားယူထားခြင်းမဟုတ်သည့် ဆဲလ် somatic cell မှ နျူကလိယကို လွှဲပြောင်းယူသည့် နည်းပညာ အသုံးပြုခဲ့ခြင်းဖြစ်သည်။ မူလသတ္တ၀ါ၏ မျိုးဗီဇအချက်အလက်များ ပါဝင်သော နျူကလိယကို သက်ရှိမျိုးဥအတွင်း ထည့်သွင်းပြီး ထိုမျိုးဥတွင် ပင်ကိုယ်ပါရှိသည့် နျူကလိယကို ဖယ်ရှားထားသည်။ ထို့နောက် ယင်းမျိုးဥကို ပုံတူမျိုးပွားပေးမည့် ကိုယ်ခန္ဓာထဲသို့ ထည့်သွင်းမည့် မျိုးပွားခဲ့ရာ ထိုမျိုးပွားသတ္တ၀ါသည်
နောက်ထပ်နျူကလိယ ထုတ်ယူရန်အတွက် အလှူရှင်ပြန်ဖြစ်လာသည်။
"ကျွန်တော်တို့ရဲ့ ရလဒ်တွေအရ အကြိမ်ကြိမ်အဖန်ဖန် မျိုးပွားတာဟာ ဖြစ်နိုင်ခြေရှိတယ်ဆိုတာ ပြနေပါတယ်" ဟု ၀ါကာယာမာက ပြောကြားခဲ့သည်။ ယခုလေ့လာတွေ့ရှိမှုကို အမေရိကန်အခြေစိုက် Cell Stem Cell ဂျာနယ်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။
Eleven Media Group