မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ၀င်ငွေ ၃ နှစ်အတွင်း ၃ ဆတက်

Tuesday, March 5, 2013

၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း၏ ၀င်ငွေမှာ ၃ ဆအထိ တက်လာ ခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန စာရင်းများ အရ သိရသည်။

ခရီးသွား လုပ်ငန်းမှ ၂၀၀၉ ခုနှစ်တွင် ၀င်ငွေ အမေရိကန် ဒေါ်လာ ၁၉၆ သန်း ရှိရာမှ ၂၀၁၂ ခုနှစ်တွင် ၀င်ငွေ အမေရိကန် ဒေါ်လာ ၅၃၄ သန်းအထိ တိုးတက် လာခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ တိုးတက် လာရခြင်းမှာ
မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံခြား ခရီးသွား များကို ဆွဲဆောင် နိုင်သည့်
နိုင်ငံတစ်ခု ဖြစ်လာခြင်းကြောင့် ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွား လာရေး ၀န်ကြီးဌာန ၀န်ကြီး ဦးဌေးအောင် က ပြောကြား ခဲ့ကြောင်း သိရသည်။

" ခေတ် အဆက်ဆက် ယဉ်ကျေးမှု အစဉ်အလာ တွေနဲ့ သမိုင်းကြောင်း
တွေရှိတဲ့ အတွက် နိုင်ငံတကာ ဧည့်သည်တွေ လာရောက် ကြတာ
ဖြစ်ပါတယ် ... " ဟု ဦးဌေးအောင်က မြန်မာဧည့် ၀န်ဆောင်မှု နှင့် ခရီးသွား လုပ်ငန်း ကွန်ဖရင့်တွင် ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် အစိုးရသစ် တက်လာပြီး နောက်ပိုင်းတွင် နိုင်ငံခြား ခရီးသွား များက စိတ်ဝင်စားမှု မြင့်တက် လာကြောင်း သိရသည်။ သို့ရာတွင် ခရီးသွား လုပ်ငန်း အတွက် အခက်အခဲ မှာ ဟိုတယ် အဆင့်မမီ ခြင်းနှင့် ဟိုတယ် အခန်းများ မလုံလောက် ခြင်းတို့ ဖြစ်ကြောင်း ၀န်ကြီးက ဆက်လက် ပြောကြား ကြောင်း သိရသည်။

ယခုအခါ တွင် မြန်မာနိုင်ငံ တွင် ဟိုတယ် ၇၆၇ လုံး ရှိသော်လည်း
အဆင့်မီ ဟိုတယ် ၂၃ လုံးသာ ရှိကြောင်း သိရသည်။ ၂၀၁၂ ခုနှစ်
အတွင်း မြန်မာ နိုင်ငံသို့ ခရီးသည် တစ်သန်း ကျော် ၀င်ရောက် ခဲ့ပြီး လာမည့် နှစ်တွင်လည်း ခရီးသွား ဧည့်သည် ရာခိုင်နှုန်း ၃၀ တိုးတက် မည်ဟု ဟိုတယ် နှင့် ခရီးသွား လာရေး ၀န်ကြီးဌာနက ခန့်မှန်း ထားကြောင်း သိရှိရသည်။

The Myawady Daily

SHARE THIS
Previous Post
Next Post