ယနေ့ နံနက် ၉ နာရီခွဲတွင် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည် ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နယ်စပ်ရေးရာ ဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ယခု အစည်းအဝေးတွင် ဒုက္ခသည်များ အားလုံး မိုးမကျမီ ယာယီ အမိုးအကာ အောက်သို့ ရောက်ရှိရေး၊ ရေနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ မူလ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်နိုင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ရေး၊ ကျောင်းဖွင့်ချိန်တွင် ပညာ သင်ကြား နိုင်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအား သက်ဆိုင်ရာ လုပ်ငန်း ကော်မတီအလိုက် အစီအမံများ ချမှတ် ဆောင်ရွက် သွားကြရန် ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ဇော်ဝင်းက ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီက ချမှတ် ဖွဲ့စည်းပေးသော လုပ်ငန်း ကော်မတီ(၇)ခု ဖွဲ့စည်းမှုနှင့် လုပ်ငန်း တာဝန်များကို အသေးစိတ် ဆွေးနွေး တင်ပြသည်။
ယင်းနောက် ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌနှင့် ဒေသတွင်း ယာယီ နေရာ ချထားရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်က ရခိုင်ပြည်နယ် ဖြစ်စဉ်များတွင် ထိတွေ့ ခံစားရသော ရွှေ့ပြောင်း ဒုက္ခသည်များ အတွက် မိုးရာသီ မကျရောက်မီ ယာယီတဲ တန်းလျားကြီးများ ဆောက်လုပ် ပေးရန် လိုအပ်မှု၊ ဆောက်လုပ်ရန် ကျန်ရှိမှုအပေါ် ပူးပေါင်း ဆောင်ရွက်မှု တို့ကို ရှင်းလင်း ဆွေးနွေးသည်။
ဆက်လက်၍ ကုလသမဂ္ဂ အဖွဲ့ အစည်းများ ဆိုင်ရာ ဌာနေ ညှိနှိုင်းရေးမှူး Mr. Ashok Nigam က ရခိုင်အရေး ကိစ္စနှင့် ပတ်သက်၍ အဓိက ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန် အချက်များ ဖြစ်သည့် မိုးမကျမီ ယာယီ တဲကြီးများ ဆောက်လုပ်နိုင်ရေး အတွက် ရေမဝင် နိုင်သည့် မြေနေရာရရှိရေး၊ နိုင်ငံသား စိစစ်ရေး လုပ်ငန်းများ အလျင်အမြန် ဆောင်ရွက် နိုင်ရေး၊ ယာယီ စာသင်ကျောင်းဆောင် သင်ထောက်ကူ ပစ္စည်းနှင့် ဆရာ၊ ဆရာမများ စီမံပေးရေး၊ ဒုက္ခသည်စခန်းရှိ မိသားစုများ အားလုံး မူလ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ပြု လုပ်နိုင်ရန် ဆောင်ရွက်ပေးရေး၊ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရတို့မှ ဦးဆောင်၍ စစ်တွေတွင် ဖွင့်လှစ် ဆောင်ရွက်လျက် ရှိသည့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး ဌာနကို ပိုမိုထိ ရောက်စွာ ဆောင်ရွက်နိုင်ရန် ကြီးကြပ် ဆောင်ရွက်ပေးရေး၊ အစိုးရနှင့် ဘာသာရေး ခေါင်းဆောင်ပိုင်းမှ လွတ်လပ်စွာ သွားလာနိုင်ရန် ဝိုင်းဝန်း ကူညီပေးရေး၊ လိုအပ်သည့် ငွေကြေး အတွက် UN, INGO အဖွဲ့များမှ ဝိုင်းဝန်း အကူအညီ ပေးရေးနှင့် အစိုးရဘက်မှ လိုအပ်ချက်များ အဆိုပြု တင်ပြနိုင်ရေး တို့ကို ဆွေးနွေးခဲ့ပြီး UNHCR မှ မြေပုံနှင့်ပေါက်တော တို့တွင် ဆောက်လုပ်ရန် လိုအပ်သော ယာယီတဲ တန်းလျားများ အပြင် စစ်တွေအတွက် ထပ်မံလိုအပ်မည့် ယာယီတဲ တန်းလျားများ ဆောက်လုပ်ရန် လိုအပ်သော ရန်ပုံငွေ ရရှိရေးကိုလည်း ကြိုးပမ်း ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းနှင့် ပြည်နယ် အစိုးရမှ တာဝန်ယူ ဆောက်လုပ် ပေးနိုင်ရေး စီမံ ဆောင်ရွက်ပေးရန် ဆွေးနွေး ပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက် လာကြသော ကုလသမဂ္ဂ အဖွဲ့အစည်း များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း များမှ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ပြန်လည် ထူထောင်ရေး အတွက် ၄င်းတို့ ဆန်းစစ် လေ့လာ တွေ့ရှိချက်နှင့် ဖြေရှင်း ဆောင်ရွက်နိုင်ရေး အကြံပြုချက် များကို သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် ဆွေးနွေး တင်ပြခဲ့ကြကြောင်း သတင်း ရရှိသည်။
မြ၀တီ