ရခိုင် ရိုးရာ သင်္ကြန်ပွဲနှင့် နံ့သာသွေးပွဲတော်



''ရခိုင် ရခိုင် ရခိုင်အက
(ရခိုင်အက သျှင်ဒိုင်စ)
လက်ခုပ်ဇာလို့ တီးရပါရေ

အသူကကေ လှပါရေ
အဘုချေကရေ သျှင်ဒိုင်လှပါရေ''
သုဝဏ္ဏ အားကစား ကွင်းမှ ရခိုင် ရိုးရာ သင်္ကြန် ပွဲတော် ကျင်းပရန် ကြိုတင် ပြင်ဆင် နေမှု တစ်ခု ဖြစ်သည့် အထက်ပါ ရခိုင် သျှင်ဒိုင် သီချင်း သံကို အဝေး မှပင် ကြားနေရ သည်။
''အသူ ကကေ လှပါရေ အဘုချေ ကရေ သျှင်ဒိုင် လှပါရေ'' ဆိုတဲ့ သီချင်း သံနှင့် အတူ ရခိုင် တိုင်းရင်းသား များက သင်္ကြန်ပွဲတော် ဆင်နွှဲရန် တက်ကြွစွာ ရေ ကစား မဏ္ဍပ် ဆောက်ခြင်း၊ အက မဏ္ဍပ် ဆောက်ခြင်းများ လုပ်ဆောင် နေကြ ပါသည်။
နှစ်စဉ်ကျင်း ပနေကျ ''ရခိုင် ရိုးရာ သင်္ကြန် ပွဲတော်''ကို သိမ်ဖြူ ကွင်း၌ မကျင်းပ တော့ဘဲ ယခု နှစ်တွင် သုဝဏ္ဏ အားကစား ကွင်း၌ စည်ကား သိုက်မြိုက် စွာဖြင့် ရခိုင် တိုင်းရင်းသား အားလုံး ပျော်ရွှင်စွာ ဆင်နွှဲကြ ပေမည်။
ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးစုများ ဖြစ်သော ကချင်၊ ကယား၊ ကရင်၊ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား များသည် လူမျိုးစု အလိုက် အထိမ်း အမှတ် ပွဲတော် များကို စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ ရှိကြပြီး မိမိတို့ မျိုးနွယ်စု၏ ရိုးရာဝတ်စုံ များကို ကိုယ်စီ ဆင်မြန်းကာ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့် မြိုင်ဆိုင်စွာ ဆင်နွှဲကြပါသည်။
''ရခိုင်'' တိုင်းရင်းသား လူမျိုးတို့၏ ဓလေ့ ထုံးစံအရ ရှေးမူ မပျက် ကျင်းပသော ပွဲတော်များ အနက် ''ရခိုင် ရိုးရာ သင်္ကြန် ပွဲတော်'' သည် ရေပန်း အစားဆုံး၊ အကျော်ကြားဆုံး ပွဲတော် တစ်ခု ဖြစ်သည်။ ရခိုင် ရိုးရာ သင်္ကြန် ပွဲတော်တွင် နံ့သာ သွေးခြင်း၊ လောင်း (လှေ)ပေါ်၌ ရေဖြည့်ကာ ငွေဖလား ထဲ၌ သပြေ ပန်းခက် ထည့်၍ မေတ္တာရေ ပက်ခြင်း၊ ရခိုင် စည်တော် တီးခတ်ရန် စီတန်း လှည့်လည်ကာ ဘုရားရေ သပ္ပာယ်ခြင်း၊ စတု ဒိသာ ကျွေးမွေးခြင်း၊ သက်ကြီး ပူဇော်ပွဲ ကျင်းပ ခြင်းများ ပြုလုပ် ကြပါသည်။
ရခိုင် တိုင်းရင်းသား များသည် သင်္ကြန် ပွဲတော်ကို ပုံမှန် အားဖြင့် ငါးရက်တိုင်တိုင် ဆင်နွှဲ ကြသည်။
ရခိုင် ရိုးရာ သင်္ကြန် ပွဲကို နှစ်စဉ် ကျင်းပလေ့ ရှိရာ သင်္ကြန် အကြိုနေ့ မတိုင်မီ နေ့တွင် ရပ်ကွက် ပေါင်းစုံ၊ ဌာန ပေါင်းစုံမှ မိန်းမပျို လေးများ ငါးယောက် တစ်ဖွဲ့ စီနှင့် တူညီ ဝတ်စုံ၊ ဆံထုံး၊ အပြင် အဆင် များဖြင့် ''နံ့သာသွေး ပြိုင်ပွဲ'' ကြီးကို ကျင်းပ ကြသည်။ ပြိုင်ပွဲကို ရခိုင် မင်္ဂလာ စည်တော်ကြီး တီးခတ်၍ မင်္ဂလာ မြောက်ပြီး တူရိယာ ဆိုင်းဝိုင်း များဖြင့် မိန်းမပျို လေးများ နံ့သာ သွေးနေစဉ် အချိန် အတွင်း ငါးမိနစ် ကြာကြာ တီးခတ်ကြပါသည်။
သင်္ကြန် အကြိုနေ့ နံနက် နံ့သာသွေးပြိုင်ပွဲတွင် နံ့သာအနှစ်အများဆုံးသွေးနိုင်သည့်အဖွဲ့ကို အမှတ် အများဆုံး ပေး၍ ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်ပြီး နံ့သာရည် များကို စုပေါင်း၍ ဘုရား များအား ရေသပ္ပာယ် ပူဇော် ကြပါသည်။ ရပ်ကွက် အသီးသီး မြို့နယ် ပေါင်းစုံ တွင်လည်း မိမိတို့ ကိုးကွယ်သည့် ဘုန်းကြီး ကျောင်းများသို့ ကားဖြင့် စီတန်း၍ ငွေ ပဒေသာပင်များ တင်ဆောင်ကာ ဘုရား ရေသပ္ပာယ် ကြပါသည်။ ရခိုင် လှပျိုဖြူ များသည် နံ့သာရည် ထည့်ထားသော ငွေဖလား များကို ခါးတွင် ပိုက်၍ စီတန်းပြီး ရခိုင် လူပျို များက ရခိုင် မင်္ဂလာ စည်တော်ကို တီးခတ်၍ လှည့်လည်ကာ ဘုရား ရေသပ္ပာယ်လေ့ ရှိကြသည်။
သင်္ကြန် အကျ နေ့တွင် ရေလောင်း မဏ္ဍပ် အသီး သီး၌ မိန်းမပျို လေးများက တူညီ ဝတ်စုံ ဆင်မြန်းကာ ရေလောင်း မဏ္ဍပ် အလယ်၌ လောင်း(လှေ) တင်ကာ ရေဖြည့်ပြီး ရခိုင် ပျိုမေ များက မဏ္ဍပ် အတွင်း၌ နေကာ ရခိုင် လူပျို များက မဏ္ဍပ် အပြင်မှ နေ၍ မိမိ ကြိုက်နှစ်သက်သည့် မိန်းမပျို လေးကို ရေလောင်း လိုလျှင် မဏ္ဍပ် အုပ်ထိန်းသူ (မဏ္ဍပ်ရှင်) ထံမှာ ခွင့်တောင်း၍ ငွေဖလား ထဲတွင် သပြေ ပန်းခက် ထည့်ကာ ရေပက်ဖျန်းရင်း မေတ္တာ စကား ပြောလေ့ ရှိကြသည်။ ထို့နောက် မိမိ နှစ်သက် သူကို မေတ္တာ ရေလောင်းရင်း စံပယ်ပန်း လက်ဆောင် ပေးခြင်း၊ နေရပ် လိပ်စာ မေးမြန်းခြင်း တို့ကို လွတ်လပ်စွာ ပြုလုပ် နိုင်ကြသည်။ သင်္ကြန် အကြတ် နေ့တွင် မဏ္ဍပ်များ၌ သင်္ကြန် အက အလှ များဖြင့် ပျော်ရွှင်စွာ ကပြကြပြီး ရခိုင် အဆိုတော် များ၏ သီဆို ဖျော်ဖြေမှု များဖြင့် ဆင်နွှဲ ကြပါသည်။ ရခိုင် လူမျိုး ကာလသား များသည် နွားလှည်း ပေါ်တွင် အုန်းလက်၊ အုန်းခက်များ ဆင်ယင်ကာ အတီး၊ အမှုတ် တူရိယာ ပစ္စည်းများ အစုံ အလင်ဖြင့် လက်တွန်းလှည်း (တွန်းဂါရီ) ပေါ်တင်ဆောင်၍ ဆင်တူ အင်္ကျီ ဝတ်ဆင်ကာ အုန်းလက် များနှင့် လုပ်ထားသော ဦးထုပ် ကိုယ်စီ ဆောင်း၍ သံချပ် ထိုးရင်း လမ်း တစ်လျှောက် ရေပက်ခံ ထွက်လေ့ ရှိကြသည်။
သင်္ကြန် အတက် နေ့တွင် ရပ်ကွက်တိုင်းနှင့် အိမ်တိုင်း၌ စတုဒိသာ မုန့်မျိုးစုံ ပြုလုပ်ကာ တစ်အိမ်တက် တစ်အိမ်ဆင်း မုန့်ပေး ဝေခြင်း၊ မဏ္ဍပ်ထိုး၍ လမ်းသွား လမ်းလာ များကို မုန့်ပေး ဝေခြင်း၊ ဘုန်းတော်ကြီး ကျောင်းများသို့ မုန့်ပို့ခြင်း အလေ့ အထမှာ ရခိုင် တိုင်းရင်းသား တို့၏ ရိုးရာ ဓလေ့ တစ်ခု ဖြစ်ပါသည်။
မြန်မာတို့၏ နှစ်သစ်ကူးသည် နှစ်ဆန်း တစ်ရက်နေ့ နံနက် ပိုင်းတွင် သက်ကြီး ပူဇော် ကန်တော့ပွဲ များကို ရပ်ကွက် တိုင်းတွင် ပြုလုပ်ကြပြီး အသက် ကြီးသော ဘိုးဘွားများကို လက်သည်း ညှပ်ပေးခြင်း၊ ခေါင်းလျှော်ပေးခြင်းများကို ဘိုးဘွားရိပ်သာများ၊ ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက်ကာ ဥပုသ် သီလ ဆောက်တည်ရင်း ကုသိုလ် ဒါန ပြုကြ ပါသည်။ နေ့လယ် ပိုင်းတွင် သင်္ကြန် နောက်ဆုံးနေ့ ဖြစ်သည့်အားလျော်စွာ မြို့သူမြို့သားအားလုံး အားရ ပါးရ ပျော်ရွှင်စွာ ရေပက်ဖျန်း ကစား ကြရင်း သင်္ကြန် မဏ္ဍပ် အလှ ဆုံးဆု၊ ရပ်ကွက် အလိုက် အက အကောင်းဆုံးဆု၊ တစ်ဦးချင်း အက ပညာရှင်ဆု၊ သင်္ကြန် မဏ္ဍပ် အစည်ကားဆုံး ဆုများ ချီးမြှင့် ကြပါသည်။
မျိုးဆက်သစ် ရခိုင် လူငယ် မောင်မယ် များသည် ရက္ခိတ ဟူသော အမျိုး သီလ နှစ်ဌာနကို စောင့်ထိန်းရင်း ရခိုင် ရိုးရာ ယဉ်ကျေးမှု မဟာ သင်္ကြန် ပွဲတော်ကို နှစ်စဉ် နှစ်တိုင်း အစဉ် အလာမပျက် ဆင်နွှဲ ကြသည်။ ရခိုင် လူမျိုး တို့၏ ဘာသာ တရား ကိုင်းရှိုင်းမှု၊ သက်ကြီး ဝါကြီး တို့ကို ရိုသေ လေးစားမှု၊ လူငယ် လူရွယ် အချင်းချင်း ရိုင်းပင်း ကူညီမှု တို့ကို ''ရခိုင် ရိုးရာ သင်္ကြန် ပွဲတော်''မှာ  ရခိုင် ယဉ်ကျေးမှု ဓလေ့ များကို တွေ့မြင် နိုင်ပေသည်။  နောင်လာမည့် နှစ်တွေ မှာလည်း  ရခိုင် သင်္ကြန် ပွဲတော်ကို နှစ်စဉ် ရိုးရာ မပျက် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။     ။
From : မြ၀တီ

SHARE THIS
Previous Post
Next Post