ဧပြီလ ၆ရက်၊ ၂၀၁၃ခုနှစ်
တရုတ်နိုင်ငံအတွင်း ကူးစက်ပျံ့ပွားနေတဲ့ H7N9 ကြက်ငှက်တုပ်ကွေး ရောဂါ ပိုးကြောင့် လူ ၅ဦး သေဆုံးခဲ့ပြီး၊ ၁၄ဦး ရောဂါကူးစက်ခံနေရကြောင်း ကျန်းမာရေး အာဏာ ပိုင်တွေ က ပြီးခဲ့တဲ့ကြာသပတေးမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဆိုပါ ရောဂါပိုးဟာ Anhui၊ Jiangsu၊ Zhejiang ပြည်နယ်တွေနဲ့ ရှန်ဟိုင်းမြို့မှာပါ ကူးစက်ပျံ့နှံ့လျက် နေရှိပါတယ်။
ရောဂါပိုး နောက်ဆုံး ကူးစက်ခံထားရသူ ၂ဦးကတော့ ကျန်းစုပြည်နယ်အနီးမှ အသက် ၄၈နှစ်အရွယ်ရှိ ကြက်၊ဘဲ တင်ပို့ရောင်းချသူတစ်ဦးနဲ့ အသက် ၅၂နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြပါတယ်။
ဒါ့အပြင် ရှန်ဟိုင်းမြို့အတွင်းရှိ ငှက်လက်ကား အရောင်းဆိုင်တွေက ရယူခဲ့တဲ့ နမူနာများအရ အဆိုပါ ဆိုင်များအတွင်း ရောင်းချလျက်ရှိတဲ့ ခိုငှက်တွေမှာလည်း H7N9 ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတာကို တွေ့ရှိခဲ့ရ တယ်လို့ တရုတ်စိုက်ပျိုးရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြား ချက်အရ သိရပါတယ်။
ရောဂါပိုးတွေရဲ့ မျိုးရိုးဗီဇကို လေ့လာ ဆန်းစစ်ရာမှာလည်း လူသားတွေမှာဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ပိုးတွေနဲ့ တူညီနေတာတွေ ကို တွေ့ရပါတယ်။
လက်ရှိအချိန်မှာတော့ အာဏာပိုင်တွေက ရှန်ဟိုင်း ဈေးအတွင်းရှိ အရောင်းဆိုင်တွေက ကြက်၊ဘဲတွေကို သုတ်သင် ရှင်းလင်းပစ်နေသလို ခိုငှက်တွေ ပျံသန်းလာတဲ့လားရာကိုလည်း စုံစမ်း စစ်ဆေးလျက်ရှိနေပါတယ်။
တရုတ်အမျိုးသား ကျန်းမာရေးနဲ့ မိသားစုစီမံကိန်းဌာနမှ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ H7N9 ရောဂါပိုးကို လူသားအချင်းချင်း ကူးစက်ပျံ့နှံ့တဲ့ အနေအထားမျိုး မတွေ့ရှိရသေးသလို လူသားတွေထံကို ဘယ်ပုံဘယ်နည်းနဲ့ ကူးစက်ပျံ့နှံ့နေတယ်ဆိုတာနဲ့ ပတ်သက်ပြီးလည်း ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း သိရပါတယ်။
MRTV 4
SHARE THIS