ဆရာတော် ဦးဥတ္တမကြေးရုပ် ပြန်လည်ထားရှိရန် အကြံပြု


Sunday, June 23, 2013

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည့် ဆရာတော် ဦးဥတ္တမ၏ ကိုယ်တစ်ပိုင်း ကြေးရုပ်တုကို ပါလီမန်ဒီမိုကရေစီ ခေတ်ကအတိုင်း ရန်ကုန်မြို့ ကန်တော်မင်ပန်းခြံ (ယခင်ဦးဥတ္တမပန်းခြံ) တွင် ပြန်လည်ထားရှိပေးရန် ရာဇဂြိုဟ်ကျောင်း ဆရာတော် ဦးပဏ္ဍိတက အကြံပြု မိန့်ကြားသည်။

ဇွန်လ၂၂ရက်နေ့တွင်ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် မြန်မာ့လွတ် လပ်ရေး ဦးဆောင် ဆရာတော် ဦးဥတ္တမ၏ မြန်မာ-ဂျပန် (နဂိုယာ) ချစ်ကြည် ရင်းနှီးမှု စတင်သောနှစ် ၁၀၀ ပြည့် အခမ်းအနားတွင် ဆရာတော်က အထက်ပါအတိုင်းမိန့်ကြားခြင်း ဖြစ်သည်။ဦးဥတ္တမပန်းခြံဟုအမည်တွင်ခဲ့သောကန်တော်မင်ပန်းခြံကို မော်ကွန်းဝင်အဆင့်သတ်မှတ်ထားသင့်ပြီး ပျောက်ဆုံးနေသော ဆရာတော်ကြေးရုပ် ကိုလည်း ရှာဖွေ၍ ပန်းခြံတွင် ပြန်လည် ထားရှိသင့်ကြောင်း ဆရာတော်က အကြံပြု မိန့်ကြားသည်။

လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်တွင် ဆရာတော် ဦးဥတ္တမ၏ ကျေးဇူးကို အောက်မေ့ဂုဏ်ပြုသောအားဖြင့် ရွှေတိဂုံဘုရား တောင်ဘက်မုခ်ရှိပန်းခြံကိုဦးဥတ္တမပန်းခြံဟု ခေါ်တွင်ပြီးဆရာတော်၏ကိုယ်တစ် ပိုင်း ကြေးရုပ်တုကို ထားရှိခဲ့သော်လည်း ၁၉၅၈ ခုနှစ် အိမ်စောင့် အစိုးရ တက်လာပြီး နောက်ပိုင်းတွင် ကြေးရုပ်တုကို ဖယ်ရှားကာ ကန်တော်မင် ပန်းခြံအဖြစ် အမည်ပြောင်းလဲ ခဲ့ကြောင်း ယင်းပွဲသို့ တက်ရောက်သူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။“ဒီလိုမျိုး ကျေးဇူးတရားကိုမသိတတ် လိအစိုးရအခက်ကြုံနေခဲ့တာ။ဒါပေမဲ့အခုတော့အခြေအနေ ပြောင်းသွားပါပြီ” ဟု ၎င်းကဆိုသည်။

ဂျပန်ပြန် ပညာတော်သင်ဟောင်း အသင်းဥက္ကဋ္ဌ ဦးမြင့်ဝေက “မြန်မာ့ အယူအဆ အရတော့ မပြစ်မှားထိုက်တဲ့ ခင်ပွန်းကြီးဆယ်ပါးမှာ ပါဝင်တဲ့ ဆရာတော်ကို မပစ်ပယ်သင့်ဘူး” ဟု ဆရာတော်၏ ကြေးရုပ်တုကိစ္စ ဖယ်ရှားခံရခြင်းနှင့ ပတ်သက်၍ ပြောကြားသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ရူပရပ်တွင် မွေးဖွားခဲ့သော ဆရာတော် ဦးဥတ္တမသည် ၁၉၁၂ ခုနှစ်တွင် မြန်မာနိုင်ငံဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက် ကို ‘မင်းဗမာပြည်မှ ထွက်သွား’ ပါဝင်သော စာကို ပေးပို့ခြင်းဖြင့် မြန်မာနိုင်ငံသားများကို နိုင်ငံရေးမျက်စိ ဖွင့်ပေးခဲ့ပြီး သက်တော် ၆၀ အရွယ် ၁၉၃၉ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။

The Voice Weekly


SHARE THIS