Daily Express ရဲ့ အဆိုအရ ပြင်သစ် အမှတ်ပေး ချန်ပီယံအသင်းဖြစ်တဲ့ ပဲရစ် စိန့်ဂျာမိန်းက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ ၀ိန်းရွန်နီအတွက် ယခုနွေရာသီ အပြောင်း အရွှေ့မှာ ပေါင်သန်း ၃၀နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး တစ်ပတ်လုပ်ခ ပေါင် ၃၀၀၀၀၀ ပေးဖို့လည်း ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
အသက် ၂၇ နှစ်အရွယ် ၀ိန်းရွန်နီဟာ အိုးထရက်ဖို့ဒ်မှ ပြောင်းရွေ့ဖို့ ထွက်ခွာခွင့် တောင်းဆိုထားပေမယ့် အသင်းရဲ့ မန်နေဂျာဟောင်းဖြစ်သူ ဆာအဲလက်စ် ဖာဂူဆန်ကတော့ ယခုနွေမှာ ရွန်နီအသင်းမှ ထွက်ခွါတော့မယ်ဆိုတဲ့ ကောလဟာလတွေကို ငြင်းဆန်ခဲ့ ပါသေးတယ်။ PSG အသင်းဖက်ကလည်း ဒီအင်္ဂလန်တိုက်စစ်မှူးအတွက် ပေါင်သန်း ၃၀ မျှ အသုံးပြုရင် လုံလောက်မယ်လို့ ယုံကြည်နေပြီး ရွန်နီရဲ့ လုပ်ခလစာအတွက် တစ်နှစ်ကို ပေါင် ၁၅ သန်းတန်ဖိုးရှိတဲ့ ၄ နှစ်စာချူပ်တစ်ရပ် ချုပ်ဆိုဖို့ ပြင်ဆင်နေ တယ်လို့ သိရပါတယ်။ ပြင်သစ်ကလပ် အသင်းဖက်က အကယ်၍ ရွန်နီအနေနဲ့ ဒီစာချုပ်ကို မကြိုက်သေးဘူး ဆိုရင်လည်း သူ့စိတ်ကြိုက် အချက်အလက်တွေကို တောင်းဆိုခွင့် ရှိတယ်လို့ ဆိုထားပါတယ်။
ရွန်နီနှင့် မန်နေဂျာအသစ် မိုရက်စ်တို့ အနေနဲ့ နှစ်ဦးနှစ်ဖက်ကြား တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ထား ခဲ့ပေမယ့် ရွန်နီရဲ့ ဒုတိယကလေး ဖွားမြင် ခဲ့တာကြောင့် တွေ့ဆုံဆွေးနွေးခြင်း မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။ အသင်းမှာ မတည်မငြိမ် ဖြစ်နေတဲ့ ရွန်နီဟာ အိုးထရက်ဖို့ကနေ ထွက်ခွါမယ်ဆိုတဲ့ သတင်းကို ကြားသိရတာ လအနည်းငယ် ရှိပြီဖြစ်သလို အာဆင်နယ်၊ ချယ်လ်ဆီး အပါအ၀င် အသင်းများစွာက သူ့ကို အလိုရှိနေ ပါတယ်။ တကယ်လို့သာ ရွန်နီအနေနဲ့ PSG ကို ပြောင်းရွှေ့ခဲ့မယ် ဆိုရင်တော့ ဇာလတန် အီဗရာမိုဗစ်ခ်ျနဲ့ ထွက်ဖက်ကစားရဖွယ် ရှိပြီး ဥရောပမှာ ကြောက်မက်ဖွယ် အကောင်းဆုံး တိုက်စစ် ဖြစ်လာနိုင် ပါတယ်။
ကောလဟာလ သတင်းများအရ မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ အဲဗာတန်မှ လေတန် ဘိန်းစ် နှင့် ဖယ်လိုင်နီကို အလိုရှိနေတာကြောင့် ရွန်နီကို ရောင်းပြီး ရလာမယ့် ပြောင်းရွှေ့ကြေးဟာ အသင်းရဲ့အင်အားထဲကို တစ်ပြိုင်နက်တည်း ပြန်လည် ရောက်ရှိသွားမယ်လို့ ဆိုကြပါတယ်။ ယူနိုက်တက်အနေနဲ့ ဘိုင်ယန်၊ ချယ်လ်ဆီးနှင့် အခြား ဥရောပအသင်းများက စိတ်ဝင်စားလျက်ရှိနေတဲ့ လီဝန်ဒေါစကီးကိုလည်း စောင့်ကြည့်နေ တယ်လို့ သိရပါတယ်။