စစ်တွေမြို့နယ်ရှိ မွတ်စလင်ရွာများကို 'ကောက်ကွက်' စီမံချက်စတင်

Tuesday, August 20, 2013
လာမယ့် ၂ဝ၁၄ ခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံး ကောက်ခံမယ့်
သန်းခေါင်စာရင်း စီမံချက်အရ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်
အတွင်းက မွတ်စလင်ကျေးရွာပေါင်း ၄ဝ ကျော်မှာ 'ကောက်ကွက်'
ဆိုတဲ့ စီမံချက်အမည်နဲ့ မနေ့ကစတင်ပြီး သန်းခေါင်စာရင်း
ကောက်ယူနေပါတယ်။

အဲဒီလိုကောက်ခံတာဟာ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နေရာတွေနဲ့ မွတ်စလင်လူဦးရေစာရင်းကို ကောက်ခံတာမဟုတ်ဘဲ လက်ရှိ
နေအိမ်တွေကိုသာ အဓိကထားကောက်ခံတာလို့ ရခိုင်ပြည်နယ်
အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေးဆပ်ကော်မတီ
ဥက္ကဌ၊ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက RFA ကိုပြောပါတယ်။
“စစ်တွေမြို့နယ်က ဘင်္ဂလီကျေးရွာတွေကို နဂိုကတည်းကရှိတဲ့ အိမ်အရေအတွက်ထဲမှာ ပိုနေသလား၊ လျော့နေသလား၊ ဒါလေးကို
စိစစ်တာ၊ နောင်သန်းခေါင်စာရင်းကောက်တဲ့အခါမှာ ထပ်ပြီးတော့ အငြင်းပွားဖွယ်ရာ အတိုးအလျော့မဖြစ်အောင်ကောက်တာ”
ကောက်ကွက်စီမံချက်အရ စစ်တွေမြို့နယ်အတွင်းက အောင်ဒိုင်၊
ခတင်ပိုက်၊ မောင်နီပြင်၊ ဂန့်ကော်ကျွန်းစတဲ့ မွတ်စလင်ကျေးရွာပေါင်း
၎ဝ ကျော်က နေအိမ်တွေနဲ့ အဆောက်အဦးတွေကို မြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန(လဝက)အပါအဝင် မ.က.ဖ လို့ခေါ်တဲ့ တရားမဝင်နိုင်ငံခြားသားများ တားဆီးကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ၁၅ဦးပါအဖွဲ့က ဦးဆောင်ကောက်ခံနေတာဖြစ်ပါတယ်။

ကောက်ကွက်စီမံချက်ကို လာမယ့် သြဂုတ်လ ၃၁ ရက်နေ့ကို အပြီးကောက်ခံသွားမှာဖြစ်ပြီး ဒီစီမံချက်ကို ရခိုင်ပြည်နယ်က
တစ်ခြားမြို့နယ်တွေမှာလည်း ဆောင်ရွက်နေပါတယ်။
RFA

Published with Blogger-droid v2.0.10

SHARE THIS