( ထင်သာမြင်သာ ပြုပြင်စရာ)
Feb 17 , 2016
ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ် ၊ ပါးတော်တောင်ပေါ်ရှိ ၁၆ ရာစုက ရေးထိုးခဲ့သည့် ရှေးဟာင်းကျောက်စာတစ်ချပ်သည် ယခုအခါ သဘာဝဘေးဒဏ်နှင့် ကျောက်ထုတ်ယူမှုများကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ကြုံတွေ့ နေရကြောင်း သိရသည်။
အဆိုပါကျောက်စာအား သက်ဆိုင်ရာမှ တာဝန်ယူထိန်းသိမ်းပေးရန် အကူအညီတောင်းခံထားသည့် နိုးဆော်စာအချို့ ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာများတွင် ထွက်ပေါ်နေပြီး အချိန်မီကာကွယ်ထိန်းသိမ်းနိုင်ရန် လိုအပ်နေကြောင်း သိရသည်။
အဆိုပါကျောက်စာ၏အမည်မှာ ဥတုခင်စိုင်းကျောက်စာဟု သိရပြီး (ခရစ်နှစ် ၁၅၂၄) ၁၆ ရာစုတွင် ရေးထိုးခဲ့သည့် ကျောက်စာတစ်ချပ်ဖြစ်ကြောင်း အာကာစိုးအမည်ဖြင့် ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ အဆိုပါကျောက်စာအား ရေးထိုးခဲ့သူမှာ မင်းကောစပတိ (ဂဇာပတိမင်း) ဟု ယူဆရကြောင်းနှင့် ဤမင်း၏ နန်းစံနှစ်သည် ကျောက်စာပါ ခုနှစ် အတိုင်း အတည်ဖြစ်နိုင်ပြီး၊ ငမည်းရာဇဝင်ပါ နန်းစံနှစ်နှင့် ကိုက်ညီမှု ရှိကြောင်း ဖော်ပြထားသည်။
အဆိုပါ ကျောက်စာသည် မင်းပြားမြို့နယ် ၊ ပါးတော်ကျေးရွာမှ အနောက်မြောက် ၄ မိုင်ခန့်ရှိ ဥတုခင်စိုင်းတောတန်းပေါ် တည်ရှိပြီး ခရစ်နှစ် ၁၈၉၁ တွင် Dr Forchammer က သူ၏ Arakan စာအုပ် စာမျက်နှာ ၅၃ နှင့် ဓာတ်ပုံအမှတ် (၃၉) တို့တွင် ပထမဆုံး မှတ်တမ်းတင်ထားခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ ရသည်။
ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလိများမှ အဆိုပါကျောက်စာအား အချိန်မီထိန်းသိမ်း၊ကာကွယ်နိုင်ရေး ယနေ့ထင်သာမြင်သာ ပြုပြင်စရာကဏ္ဍမှ ဖော်ပြပေူလိုက်ရပါသည်။
မောင်ကာကြီး (လေးမြို့ )
ကိုးကား- ကိုအာကာစိုး
ဓာတ်ပုံ - ဒေါ်ခင်နှင်းကြည်