(Political News)
Feb 28 , 2016
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယနေ့ (ဖေဖေါ်ဝါရီ ၂၈ ရက်)၊ နံနက်ပိုင်းလောက်က စတင်ဖြစ်ပွားခဲ့သော တအာင်းတပ် (TNLA/PSLF)နှင့် အစိုးရစစ်တပ်တို့ တိုက်ပွဲများအကြား အစိုးရစစ်တပ်ဖက်မှ တပ်သား ၅ ဦးထက်မနည်း ကျဆုံးနိုင်ဖွယ်ရှိခဲ့ကြောင်း တအာင်းတပ် ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါတိုက်ပွဲများသည် ယနေ့ ၊ နံနက် ၈ နာရီ နှင့် ၉ နာရီလောက်ထိ နမ့်ဆန်မြို့ အနီးရှိ တောင်သုံးဆယ်ကျေးရွာနှင့် ကွယ်ဟယ်ကျေးရွာကြားတွင် တစ်ကြိမ် ၊ နေ့လည် ၁၂း၀၀ နာရီအချိန် တောင်သုံးဆယ်ကျေးရွာနှင့် မြိုင်ကျေးရွာကြားတွင် တစ်ကြိမ် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရပြီး တအာင်းတပ်ဖက်မှ အကျအဆုံးကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။
အစိုးရစစ်တပ် ၊ တပ်မ ၇၇ နှင့် တအာင်းတပ် TNLA တပ်တို့အကြား ယခုလပိုင်းအတွင်း တအာင်းဒေသတွင် တိုက်ပွဲများ မကြာခဏဆိုသလို ဖြစ်ပွားခဲ့ကြောင်း သိရပြီး တအာင်းတပ်သည် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် RCSS/SSA အဖွဲ့နှင့်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မင်းမြတ်ခိုင်
(လေးမြို့ )
ဓာတ်ပုံ - TNLA